Subscribe Us

header ads

MSI Prestige PS63 Modern 8SC Review


ကျနော်တို့မြန်မာပြည်က ကွန်ပျူတာအသုံးပြုတဲ့သူတွေဟာ Micro Star International (MSI) ဆိုတဲ့နာမည်နဲ့စိမ်းနေကြလိမ့်မယ်လို့ မထင်မိပါဘူး။ ဒီနိုင်ငံမှာ လွန်ခဲ့တဲ့ဆယ်စုနှစ်လောက်ကတည်းကနာမည်ရလာပြီးသားဖြစ်တဲ့ MSI ဟာ အထူးသဖြင့် သူ့ Gaming Laptop တွေဟာ မြန်မာပြည်က Gamer တွေရဲ့အသဲစွဲဖြစ်နေပါပြီ။ အခုဆိုရင် MSI ဟာ သူ့ရဲ့နာမည်ရပြီးသား Gaming Laptop တွေအပြင် Content Creator တွေအတွက် Presitage ဆိုတဲ့ laptop line up အသစ်ကိုဖန်တီးလိုက်ပြီဖြစ်ပါတယ်။

Introduction

ပထမဆုံးပြောချင်တာက ဒီlaptopမှာသုံးထားတဲ့ Hardware တွေက သာမန်မြင်နေကျ laptopတွေလိုမဟုတ်တာကြောင့်သူ့ကို review လုပ်ရတာအတော်လေးကိုခေါင်းစားပါတယ်။ PS63 ဟာ laptop တွေထဲမှာဆိုရင် thin and light laptopအမျိုးအစားပါ။ ဒီလိုlaptop တွေမှာ သင့်တင့်တဲ့စွမ်းဆောင်ရည်ရဖို့နဲ့ ဘက်ထရီခံအောင်လုပ်ဖို့ကအဓိကမို့ Intel U Series CPU တွေနဲ့ Nvidia MX 130/150 တို့လို GPU တွေနဲ့သာတွဲဖက်ထားတာတွေများပါတယ်။ MSI ရဲ့ Prestige Series တွေမှာတော့ ထူးခြားချက်အနေနဲ့ Intel Quad Core U Series CPU တွေနဲ့ Nvidia GTX Graphics တွေကိုတွဲဖက်ပေးထားတာဖြစ်ပါတယ်။ အခုကျနော် Review လုပ်ပေးသွားမဲ့ MSI PS63 Modern က Screen 15.6in နဲ့ Core i7 8565U နဲ့ GTX1650 Max-Q တွဲဖက်ပါဝင်တဲ့ version ဖြစ်ပါတယ် Model က PS63 Modern 8SC ဖြစ်ပါတယ်။

Specifications


CPU: Core i7-8565U (4C/8T)
Memory: 16GB DDR4 2666 MHz
Graphics: Nvidia Geforce GTX 1650 4GB GDDR5 with Max-Q Design
Storage: 512GB NVMe PCIe SSD
Free M2 Slot for Sata SSD
Display: 15.6in Non-Glare Full HD IPS Level Screen, 60Hz
Battery: 82WH (4 Cell Li-Po)
Dimensions (WxDxH): 356.8 x 233.7 x15.9 mm
Weight: 1.6kg
I/O Ports: 1x USB 3.1 Gen 2 (Type-C)
2x USB 3.1 Gen 1
1x USB 3.1 Gen 2
1x HDMI Port
1x Micro SD Card Reader
3.5mm Audio Combo Jack
Operating System: Windows 10 Home 64 bit

Design and Build Quality

MSIရဲ့ Prestige PS63ဟာ Creator တွေအတွက် ရည်ရွယ်ပြီးထုတ်ပေးထားတာမို့ ကျနော်တို့မြင်နေကြ MSI Gaming Laptop တွေနဲ့ အမြင်ပိုင်းမှာအများကြီးထူးခြားပြီးဆွဲဆောင်မှုရှိပါတယ်။ Laptop တစ်ခုလုံးဟာ aluminium body နဲ့ဖြစ်ပါတယ်။ သူ့မှာအပြာရောင်ကိုအခြေခံထားပြီး နေရာအများစုမှာတောက်ပြောင်နေခြင်းမရှိပဲအရောင်မှိုင်းတဲ့ဘက်ကိုရောက်တဲ့ဘက်ကိုသွားတယ်ဆိုပေမဲ့ အနားသပ်ထောင့်လေးတွေကိုနီလာကျောက်လိုကျကျနနခုပ်စားထားမှုက မကြာခဏ လက်နဲ့ကိုင်ချင်စရာလေးဖြစ်ပြီပါတယ်။ ကျနော်အနေနဲ့ အရင်က Prestige laptop တွေထက် ဒီ PS63 ဟာ Build Quality ပိုင်းသိသိသာသာကြီးကိုပိုကောင်းလာတာတွေ့ရပြီး တည်ဆောက်ထားပုံက ပြည့်စုံလုနီးပါးပါပဲ။


ပထမဆုံးအနေနဲ့ အဖုံး Lid ကိုကြည့်မယ်ဆိုရင် MSI ရဲ့ အခြား Gaming Laptopတွေလို Dragon တံဆိပ်ကြီးပါနေပေမဲ့ သိသာထင်ရှားတဲ့အရောင်မျိုးမဖြစ်ပဲ ရေးရေးလေးမြင်ရအောင်သာလုပ်ထားလို့ အစည်းအဝေးခန်းထဲယူသွားသည့်တိုင် လူအများအာရုံစိုက်မှုကနေကင်းလွတ်နိုင်မှာဖြစ်ပါတယ်။

အဖုံးကိုဖွင့်ဖို့အတွက်အချိုင့်လေးတစ်ခုထည့်ထားတယ်ဆိုပေမဲ့ဖွင့်ရတာအရမ်းကြီးလွယ်ကူနေတာမျိုးမဟုတ်ပဲ နည်းနည်းလေးကျပ်နေသလိုမျိုးတွေ့ရပေမဲ့ သုံးတာကြာရင်ကျင့်သားရသွားမှာပါ။ အဖုံးကလဲကျစ်လစ်သန်မာပြီးလိမ်ကြည့်လို့မလွယ်သလို laptopကိုပေါင်ပေါ်တင်သုံးတဲ့အခါ lid ကလှုပ်စိလှုပ်စိရှိနေမှာမဟုတ်ပါဘူး။ Lidကို ဖွင့်ကြည့်ပြီးတဲ့အခါ သူ့ရဲ့ဘေးဘောင်လေးတွေက အင်မတန်သေးငယ်လှတာကိုတွေ့ရပြီးစိတ်ကျေနပ်စရာကောင်းပါတယ်။

ထူးခြားတာကဘေးဘောင်လေးတွေသာသေးနေပေမဲ့ Web Cam ကိုပုံမှန်နေရာမှာရအောင်ထည့်ထားနိုင်တာပါဖြစ်ပြီး Web Cam ရဲ့အရေအသွေးကလဲ ကောင်းတဲ့အထဲမှာပါပါတယ်။ 




ကျယ်ပြန့်တဲ့ကီးဘုတ်ဟာသင့်ကိုစာရိုက်ဖို့ကူညီပေးမှာဖြစ်ပြီး power button က ကီးဘုတ်ရဲ့အပေါ်ဘက်အလယ်မှာထားထားတာကိုတွေ့ရပါတယ်။ 


အောက်ခြေကိုလှန်ကြည့်လိုက်မယ်ဆိုရင် cooling အတွက် လေဝင်ဖို့အပေါက်လေးတွေ တွေ့ရမှာပါ exhaustကတော့ ဘေးဘက်တွေကနေမဟုတ်ပဲအပေါ်ဘက်အလယ်ကနေထွက်သွားမှာမို့ လက်တွေအပူမိမှာမဆိုးရိမ်ရသလို laptop ကို desktop လို external monitor တွေ keyboard mouse တွေနဲ့သုံးမယ်ဆိုရင်တောင်အပူလွန်ကဲခြင်းကနေကာကွယ်ပေးနိုင်မှာပါ။

Port


ပါးလွှာတဲ့ Laptop တစ်ခုအနေနဲ့ Port တွေအနေနဲ့ ဘယ်ဘက်မှာ HDMI 2.0 Port တစ်ခု၊ USB 3.1 Gen 1 တစ်ခု၊ USB 3.1 Gen 2 (Type-C) တစ်ခုနဲ့ Audio Jack တစ်ခု စတာတွေဖြစ်ပြီး ညာဘက်ဘက်မှာတော့ SD Card မဟုတ်ပဲ Micro SD card readerတစ်ခုနဲ့ USB 3.1 Gen 2 နှစ်ခု စတာတွေပါဝင်တယ်။ 


ဒါပေမဲ့ Display Port နဲ့ Thunderbolt Port တော့မပါပါဘူး(မသုံးပါက စဉ်းစားစရာမလို)။
LAN အတွက် RJ-45 jack မပါပေမဲ့ USB နဲ့တွဲသုံးရမဲ့ dongle လေးပါပါတယ်။

Screen


PS63 Modern မှာ 1920x1080 Full HD resolution ရှိတဲ့ IPS level screen တပ်ဆင်ထားပါတယ်။ Screen ဟာviewing angle လဲကောင်းပြီး non-glare screenဖြစ်လို့ ပြင်ပအလင်းပြန်မှုမှလျော့ချထားပေး ပါတယ်။ သူ့ရဲ့ Screen ဟာ ရုပ်ရှင်ကြည့်လိို့သိပ်ကောင်းတာကိုတွေ့ရပြီး PC ပေါ်ကနေ Youtube တို့ Netflix တိုု့ကြည့်လေ့ရှိသူတို့အတွက်လုံးအံကိုက်ပါပဲ။


Screen က 300 nits လောက်လင်းပြီး အရောင်တိကျမှုက ကောင်းတယ်လို့ဆိုနိုင်ပေမဲ့ Professional အဆင့်သုံးမယ်ဆိုရင်တော့ calibration ပြန်လုပ်တာကပိုကောင်းမယ်လို့ထင်ပါတယ်။ ကာလာတွေကိုစိတ်ကြိုက်ချိန်ညှိဖို့ရာ MSI True Color နဲ့ စိတ်ကြိုက်ချိန်ထားလို့ရပါတယ်။

ဂိမ်းဆော့ဖို့ရာဆိုရင်တော့ Designer တွေအတွက်သာအဓိကဦးတည်ထားတဲ့ PS63 Modern ရဲ့ Screen က Refresh rate 60Hz သာဖြစ်လို့ ခပ်သွွက်သွွက်ကစားရတဲ့ FPS ဂိမ်းတွေအတွက်တော့အဆင်ပြေမှာမဟုတ်ပါဘူး။

Keyboard and Track Pad


PS63 Modern မှာသုံးထားတဲ့ Keyboard က အခြား MSI Gaming Laptopတွေမှာသုံးထားတဲ့ Steelseries Keyboard တွေနဲ့ဆင်သလို စာရိုက်ရတဲ့ခံစားမှုကလဲတူတူ့ပဲလို့မြင်ပါတယ်။ Key တစ်ခုခြင်းကိုနှိပ်ရတာအဆင်ပြေချောမွေ့တာကိုတွေ့ရပေမဲ့ space နေရာကတော့အနည်းငယ်လုှပ်စိစိလေးဖြစ်နေတာကိုတွေ့ရပါတယ်။ Keyboard ဟာ Backlit LED ဖြစ်ပေမဲ့ Gaming Laptop တွေရဲ့Keyboardမှာ ပါလေ့ရှိတဲ့ RGB Lighting ကိုပါ အထောက်အပံ့မပေးပဲ အဖြူရောင်တစ်မျိုးထဲသာသုံးနိုင်မှာဖြစ်သလို မကြိုက်ရင်ပိတ်ထားလို့ရပါတယ်။


လုပ်ငန်းသုံးဖို့ဦးတည်ထားတဲ့ PS63 ရဲ့ Track Pad ဟာ လက်တစ်ဝါးစာလောက်ကြီးမားကျယ်ပြန့်ပြီး ကျနော်လို Desktop သမားတောင် mouse ကိုတမ်းတမိတာမျိုးဖြစ်မလာစေအောင်ကောင်းတယ်လို့ပြောလို့ရပါတယ်။ သူ့ကို Glass ကိုမှ အရောင်မှိုင်းတဲ့ဘက်ကိုရောက်အောင်လုပ်ထားတာတွေ့ရပြီး သီးသန့် left click right clickခလုပ်တွေထည့်မထားလို့အမြင်ရှင်းသလို သုံးရတာလဲအဆင်ပြေပါတယ်။


Track Pad အတွက် Windows Precision Driver ကိုသုံးထားပြီး တုံ့ပြန်မှုကနှေးနေတာထစ်သလိုလိုဖြစ်နေတာ မတိကျတာမျိုးလုံးဝမရှိပဲ အတော်ကျေနပ်စရာကောင်းတဲ့ Track Pad ပါ။ သို့ပေသော်ငြား လက်ချောင်းလေးတွေချွေးပြန်လာရင်တော့ cursor လေးကနည်းနည်းရွေ့သွားတာကိုတွေ့ရပါတယ်။ Windows Hello အတွက် finger print reader ကိုလည်း track pad ရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာထည့်ပေးထားတာကိုလည်းတွေ့ရပါတယ်။

Audio


PS63 မှာ 2Wစီရှိတဲ့ Stereo Speakerပါဝင်ပြီး MSI Laptop အများစုမှာလို ဘယ်ညာဘေးဘက်အောက်ခြေအတွင်းပိုင်းနားလေးမှာထည့်သွင်းထားပါတယ်။ 
အသံထွက်ကသာမန်ထက်အနည်းငယ်မျှသာပိုကောင်းတာ ဒီလောက်စျေးတန်းမှာဆိုရင် Speaker ကဒီထက်ပိုကောင်းသင့်ပြီးနောက်အသစ်ထွက်လာမဲ့မော်ဒယ်တွေမှာ ဒီထက်ပိုကောင်းလာဖို့မျှော်လင့်ပါတယ်။


 အကယ်လို့ ကိုယ်တွေက Speaker နဲ့နားမထောင်ချင်ဘူး နားကျပ်နဲ့သာနားထောင်လိုသူတွေအတွက် 3.5mm Jack ပါပေမဲ့ headphone/microphone combo jackမို့ အချို့ headphone တွေအတွက်လိုအပ်ရင် Adaptor လေးဆောင်ထားသင့်တယ်လို့မြင်ပါတယ်။

Testing Methodology


အခုပြောချင်တာတော့ ဒီ PS63 ရဲ့ Performance ကို ဘယ်လို Benchmark လုပ်ပြီးစမ်းသပ်တိုင်းတာသလဲဆိုတာကို ပြောပြပေးမှာပါ။ Benchmark လုပ်ရာမှာ အချိန်မရလို့ Battery ကလွဲလို့ ကျန်တာတွေအားလုံးဟာ ၃ကြိမ်တိုင်စမ်းသပ်ထားတာဖြစ်ပါတယ်။ Benchmark လုပ်ပြီးကရလာတဲ့ Result တွေအတွက် Graph တွေကို အောက်ကပုံတွေမှာထည်သွင်းပေးထားပါတယ်။ Windows 10 Version 1809 နဲ့Nvidia Geforce Driver Version 431.36 မှာ စမ်းသပ်ထားတာ ဖစ်ပါတယ်။

Benchmarking CPU Performance 

Review Unit ဖြစ်တဲ့ PS63 မှာ တပ်ဆင်ထားတဲ့ Intel Core i7 8565U CPU ဖြစ်ပြီး 4 Cores/8 Threads CPUကိုမှ Base Clock 2.2GHz ရှိကာ Boost Clock 4.1 GHz (All Cores) နဲ့ 4.6 GHz (Single Core) အထိရနိုင်ပြီး TDP 15W သာရှိပါတယ်။ Core i7 8565U CPUဟာ Mobile CPU တစ်ခုအနေနဲ့ သိပ်ကောင်းတဲ့ CPU မဟုတ်သည့်တိုင် Quad Core ဖြစ်နေပေမဲ့ ပါ၀ါစားသုံးနည်းပါးတဲ့ CPU မို့ PS63 ရဲ့ Battery Life ကိုအကောင်းဆုံးမြှင့်တင်ပေးမဲ့အရာတစ်ခုဖြစ်ပါတယ်။

Performanceကို ကျနော့်အနေနဲ့ Single Coreရော Multi Coreပါ Benchmark လုပ်သွားမှာဖြစ်ပါတယ်။
• Cinebench R15
• Cinebench Release 20
• Geekbench 4
• CPU-Z

Benchmarking Gaming Performance 

PS63 မှာ Nvidia GTX1650 4GB GPU တပ်ဆင်ထားပြီး ပါ၀ါစားသက်သာတဲ့ Max-Q Design မို့ ပုံမှန် GTX1650 ဘက်ထရီသက်တမ်း ပိုရှည်လာပါတယ်။ GTX1650 Max-Q Design ဟာ Mobile GTX1650 က Max-Q Design ထက် Clock Speed ပိုနည်းလို့ နည်းနည်းတော့ပိုနှေးပါတယ်။



Performance အတွက် Benchmarking Tools တွေအပြင် ကျနော့်မှာရှိတဲ့ လက်ရှိခေတ်စားနေတဲ့ Game အချို့နဲ့စမ်းသပ်မှာဖြစ်ပါတယ်။ တစ်ချို့့ဂိမ်းတွေအတွက် စမ်းသပ်ဖို့က အချိန်မလုံလောက်တာမို့ ဂိမ်းအများကြီးနဲ့မစမ်းပေးလိုက်နိုင်ခဲ့ပါဘူး။ 


ဒီ PS63 Laptop ဟာ Nvidia GTX 1650 Max-Q နဲ့ 1080P 60Hz Panelကိုသာသုံးထားတာဖြစ်လို့ Graphic Setting ကို Medium မှသာထားရှိပြီး စွမ်းဆောင်ရည်ကိုတိုင်းတာသွားမှာဖြစ်ပါတယ်။

Benchmarking Storage Performance 

* Storage Performance အတွက် CrystalDiskMark ကိုအသုံးပြုသွားမှာ ဖြစ်ပါတယ်။


Benchmarking Productivity Performance

Productivity Performance အတွက် Corona 1.3 နဲ့ V-ray တို့နဲ့စမ်းသွားမှာပါ။

Battery Life

PS63 မှာ အရွယ်အစားကြီးမားတဲ့ 82WH (4 Cell Li-Po) ပါဝင်ပြီး အံ့သြလောက်ဖွယ်ရာဘက်ထရီသက်တမ်းရှိပါတယ်။ Core i7 8565U နဲ့ GTX1650 Max-Q Design တို့ကြောင့် ဘက်ထရီသက်တမ်းကို စမ်းသပ်ရာမှာတော့ အားရစရာဖြစ်ပြီး သာမန်အသုံးပြုမယ်ဆိုရင် ၉နာရီလောက်အသာလေးခံတာကိုတွေ့ရပါတယ်။ ဒါဟာ ရုံးတက်ရုံးဆင်းချိန်အတွင်း ရုံးအလုပ်လုပ်မယ်ဆိုရင် လုံးဝ plug ကြိုးတပ်စရာကိုမလိုတာပါ။ heavy သုံးမယ်ဆိုရင်ဒီထက်ပိုနည်းနေနိုင်ပါတယ်။

Temperatures and Noise 

ဒီလို slim ဖြစ်တဲ့ Gaming Laptop မှာ ကျနော်အကြောက်ဆုံးအရာတစ်ခုက အပူဖြစ်ပါတယ်။ ဒီလိုသွယ်လျတဲ့ အချို့Gaming Laptopတွေမှာ ကြုံရလေ့ရှိတဲ့အရာက ဂိမ်းကြာကြာကစားလိုက်ရင် Laptop ရဲ့ ကီးဘုတ်နေရာဟာ ပူလာပြီးဆော့ရတာ စိတ်အနှောက်ယှက်ဖြစ်စေနိုင်တာမျိုးပါ။

MSI PS63 ရဲ့အပူတွေကို exhaust fan ၂ခုက Screen အောက်ခြေကနေစွန့်ထုတ်တာဖြစ်ုုပြီး သူရဲ့တည်ဆောက်ပုံကအတော်လေးကောင်းမွန်လို့ Lid ကိုပိတ်ထားချိန်မှာတောင် အပူကိုကောင်းကောင်းစွန့်ထုတ်နိုင်ပါတယ်။




စာရိုက် youtube ကြည့်စတဲ့ ရိုးရိုးပုံမှန်အသုံးပြုနေချိန်မှာဆို PS63 ရဲ့ကိုယ်ထည်ဟာ လုံးဝပူနေတာမျိုးမရှိသလို fan ကိုတစ်ချက်တစ်ချက်တိုးတိုးလေးကြားရတာကလွဲရင် လုံးဝမကြားရသလောက်အထိကိုအသံတိုးလို့ပေါင်ပေမှာတင်ပြီးသာသာသုံးချင်တဲ့သူတွေအဖို့အကြိုက်တွေ့နိုင်ပါတယ်။

ဒီ PS63 မှာ Core i7 8565U နဲ့ GTX 1650 Max-Q တွေစတဲ့ ပါ၀ါစားသုံးမှုနည်းတဲ့ Component တွေသုံးထားသည့်တိုင် ဂိမ်းဆော့နေချိန်သို့မဟုတ် rendering လုပ်နေချိန်မှာတော့ ပေါ့ပါးတဲ့ Laptop တွေရဲ့ထုံးစံအတိုင်း ကြီးမားထူထဲတဲ့ အကောင်းစား Gaming Laptop တွေလိုအပူကိုကောင်းကောင်းထိမ်းမထားနိုင်ပါဘူး။ သို့ပေမဲ့ ပူတယ်ဆိုတာက ထိပ်နားက exhaust နေရာနားသာဖြစ်ပြီး keyboard ကတော့နွေးနွေးလေးလို့ဆိုနိုင်ပါတယ်။


အကယ်လို့ သင်က အဲကွန်းခန်းမှာ သုံးနေတာမျိုးမဟုတ်ဘူးဆိုရင် gaming တွေ rendering လုပ်ချိန်တွေမှာဆိုရင် Creator Center ရဲ့ System Tuner မှာ Comfort mode မှာထားပြီးသုံးတာက ပိုအဆင်ပြေတယ်လို့အကြံပေးပါတယ်။ ဒီလိုအချိန်တွေမှာ Fan အသံကဆူလာတယ်ကျယ်လာတယ်ဆိုပေမဲ့ စိတ်အနှောင့်ယှက်ဖြစ်လောက်အောင်ဆူတာမဟုတ်ပါဘူး လက်ခံလို့ရတဲ့အနေအထားလောက်သာဆူတာပါ။

Experience


MSI PS63 ကို အပြင်ခဏခဏသွားရတဲ့သူတွေအဖို့ အတော်လေးကြိုက်ဲကမယ်ထင်ပါတယ် 1.6ုKg ဆိုတာအတော်ပေါ့ပါတယ်။ သူ့Adaptor လေးကလဲ လက်တစ်ဝါးစာလေးနဲ့ပေါ့ပေါ့လေးပဲမို့ Gaming Laptop Adaptor တွေနဲ့ဆိုအများကြီးကိုကွာပါတယ်။ ဒါ့အကြောင့် Laptop ရော Adaptor ရော လွယ်အိတ်ထဲထည့်ထားရင်တောင် Laptop သယ်နေရတယ်လို့ခံစားရမှာမဟုတ်ပါဘူး။ အင်တာနက်ကြည့်တဲ့အချိန် ပေါင်ပေါ်တင်သုံးရတာလဲအတေ်ာလေးအဆင်ပြေပါတယ်။


Creator Center ရဲ့ Creator Mode မှာ Adobe တို့ Magix တို့ကထုတ်ထားတဲ့ Software တွေကို Shotcut လုပ်ပြီးတင်ထားလို့ရတာက Content Creator တွေအကြိုက်တွေ့မယ်ထင်ပါတယ်။

The Good

• Premium ဆန်သောကိုယ်ထည်တည်ဆောက်ပုံ
• ကောင်းမွန်သည့် Screen
• ကောင်းမွန်သည့် ကီးဘုတ်နဲ့ကောင်းမွန်လှသော Trackpad
• အလွန်ပေါ့ပါးခြင်း
• Battery အခြန္ခံ

The Bad

• Speaker ဒီထက်ပိုကောင်းနေသင့်
• No Display Port and No Thunder Bolt

Conclusion


ဒီ $1400 တန် MSI PS63 Moden 8SC ဟာ Spec အရကြည့်မယ်ဆိုရင်စျေးကြီးသလိုရှိနေပါတယ် ဒါပေမဲ့ အရမ်းပေါ့ပါးပြီး သူ့ရဲ့တည်ဆောက်ပုံကကောင်းမွန်တယ် စွမ်းဆောင်ရည်လဲကောင်းတယ် ဘက်ထရီသက်တမ်ကးအားရစရာကောင်းတယ်။ PS63 ဟာ စွယ်စုံသုံး laptopလို့ဆိုနိုင်ကာ Gaming Laptop တွေနီးပါးစွမ်းဆောင်နိုင်ပြီး လမ်းမှာသွားလာရင် အလုပ်တွေလုပ်နေရတဲ့ Content Creator တွေ Performance ကောင်းတာကိုမှ ဘက်ထရီလေးလည်းခံမှဆိုသူတွေ ဆောင်ထားသင့်တဲ့ Laptop ဖြစ်တယ်လို့ကျနော်ယူဆပါတယ်။ အကယ်လို့များ ကျနော့်မှာ $1000 ကျော် Laptop ဝယ်ဖို့ရှိလာခဲ့မယ်ဆိုရင် ဒီ PS63 ကိုရွှေးဖို့လက်တွန့်နေမှာမဟုတ်ဘူးလို့ဆိုချင်ပါတယ်။

Reviewed by Ae Mon Min Han

#EnThueTech
#Review
#Laptop #MSI
#Prestige #PS638SC

Post a Comment

0 Comments