Subscribe Us

header ads

AMD Ryzen 7 3700X



Introduction

AMD ရဲ့ Ryzen 3000 series CPU တွေဟာ ၂၀၁၉ နှစ်လယ်ပိုင်းလောက်ကတည်းကထွက်လာတာပါ။ ဒီ CPU တွေဟာ 7nm နဲ့တည်ဆောက်ထားတဲ့ ပထမဆုံး consumer CPU တွေပါ။ ဒီ Ryzen 3000 series CPU တွေမှာ နည်းပညာအသစ်တွေနဲ့အတူ စွမ်းဆောင်ရည်လည်း ယခင်မျိုးဆက်ထက်အများကြီးပိုကောင်းလာတာကိုတွေ့ရပါတယ်။ ကျနော်ဟာ ပထမျိုးဆက် Ryzen CPU ကိုသုံးစွဲခဲ့ပြီး တတိယမျိုးဆက် Ryzen CPU တွေမှာ စွမ်းဆောင်ရည်အများကြီးပိုကောင်းလာတာမို့ ကျနော့်အနေနဲ့ CPU ချိန်းဖို့ဖြစ်လာပါတယ်။

ပထမမျိုးဆက် Ryzen CPU သုံးခဲ့သူမို့ ကျနော့်မှာ Ryzen 3000 series CPU တွေတပ်လို့ရတဲ့Asus Prime X370 Pro motherboard ရှိပြီးသားဖြစ်တဲ့အတွက် CPU သီးသန့်upgrade လုပ်ဖို့ကြံပါတယ်။ စစခြင်းမှာ upgrade လုပ်ဖို့ကြံတာက 12 Cores CPU Ryzen 9 3900X ပါ ဒါ့ပေမဲ့ 3900X က TDP မြင့်မားတာမို့ ကျနော်သုံးနေတဲ့ motherboard မှာတပ်သုံးလို့ရနိုင်ပေမဲ့ Overclock လုပ်ကြည့်ဖို့အဆင်ပြေချင်မှပြေမှာမို့ Ryzen 7 ထဲကပဲရွေးလိုက်ပါတယ်။ AMD ရဲ့ High End CPU တွေဖြစ်တဲ့ Ryzen 7 3000series မှာ 3800X နဲ့ 3700Xဆိုပြီးရှိပါတယ်။ 3800X ကပိုကောင်းတဲ့ CPU မို့ Clock Speed ပိုသာပေမဲ့ $70လောက်ဈေးများတာကတစ်ကြောင်း၊ ကျနော်က ဂိမ်းပဲကစားတာများတာတစ်ကြောင်း၊ AMD CPU တွေ ဈေးကျတာကြမ်းတယ်ဆိုတာကတစ်ကြောင်း၊ ဂိမ်းစွမ်းဆောင်ရည်မှာ Ryzen 7 3700X ဟာ Ryzen 7 3800X နဲ့ Ryzen 9 3900X တို့နဲ့မကွာလှတာတစ်‌ကြောင်း၊ကြောင့် 3700X ကိုသာ ရွေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ နောက်ထပ်ပြောရရင် Ryzen 7 3700X ဟာ TDP 65W ပဲရှိတာကြောင့် Overclock လုပ်တဲ့အခါ Overclock headroomက 3800Xထက် ပိုမြင့်တာမို့ ကျနော့်အနေနဲ့ 3700X ကိုရွေးတာ အဆင်ပြေဆုံးဖြစ်မယ်လို့ယူဆလို့ပါ။

အခုဒီreview မှာကျနော် အရင်ထက်နည်းနည်းပိုပြီးနက်နဲတဲ့ဘက်ကိုသွားထားပေးပါတယ်။ Overclock လုပ်တာတွေ Undervolt လုပ်တာတွေပါထည့်ထားပါတယ်။

AMD Ryzen 7 3700X Specifications

Cores 8Threads 12
Base Clock 3.6 GHz
Boost Clock Up to 4.4 GHz
L1 Cache 384 KB
L2 Cache 3 MB
L3 Cache 32 MB
Unlocked Yes
CMOS TSMC 7nm FinFET
Package AM4
PCI Express PCIe 4.0 x16
TDP 65W
Max Temperature 95°C

Zen 2, 7nm and Chiplet Design


Ryzen 3000 series CPU တွေဟာ AMD ရဲ့ Zen 2 architecture ကိုအသုံးပြုထားပြီး TSMC ကနေထုတ်လုပ်ပေးထားပါတယ်။ 7nm ကိုအသုံးပြုထားတဲ့ ဒီ CPU တွေဟာ ယခင်မျိုးဆက်ထက် နည်းပညာအပြောင်းအလဲတွေအများကြီးပြုလုပ်ထားပါတယ်။ ယခင် ပထမမျိုးဆက် Ryzen 1000 series CPU တွေမှာ 14nm နဲ့ ဒုတိယမျိုးဆက် Ryzen 2000 series မှာ 12nm ကိုအသုံးပြုခဲ့ပါတယ်။ CPU တွေထုတ်လုပ်တဲ့အခါမှာ nm ပိုသေးလာလေ CPU မှာ transistor တွေပိုထည့်လာနိုင်လေဖြစ်ပြီး စွမ်းဆောင်ရည်ပိုကောင်းလာပါတယ်။ ဒီလိုပိုထည့်လာနိုင်ဖို့က transistor တွေရဲ့တည်ဆောက်ပုံဒီဇိုင်းကိုပါပြောင်းလဲပေးမှာသာ transistor တွေပိုဝင်ဆန့်လာတာပါ။ ဒါပေမဲ့ ဒုတိယမျိုးဆက် Ryzen 2000 series CPU တွေတည်ဆောက်ခဲ့ရာမှာ ပထမမျိုးဆက်ရဲ့ 14nm ဒီဇိုင်းကို မပြောင်းလဲပဲ 12nm အဖြစ်သာပြောင်းလိုက်တာပါ ဒီလိုသာပြောင်းလဲခဲ့တဲ့အတွက် ဒုတိယမျိုးဆက်မှာ transistor တွေတိုးမလာသလို IPC လဲသိသိသာသာတိုးမလာခဲ့ပါဘူး။ Transistorတွေတိုးမလာပေမဲ့ 14nm ကနေ 12nm ဖြစ်သွားတာမို့ Transistor တစ်ခုနဲ့တစ်ခုကြားမှာ နေရာလွတ်ပိုရလာပြီး electron တွေက လွတ်လပ်စွာပိုစီးကူးလာနိုင်ပါတယ် အဲဒီတော့ CPU ရဲ့ Clock Speed ကိုတော့ ပိုများလာအောင်လုပ်လိုက်နိုင်ပါတယ်။ ဒါကြောင့်မို့ ပထမမျိုးဆက်ထက် ဒုတိယမျိုးဆက်က Clock Speed ပိုမြင့်လာလို့ပိုပြီးမြန်လာပါတယ်။ ဒီ တတိယမျိုးဆက် Ryzen CPU တွေမှာကတော့ Core တည်ဆောက်ပုံကိုပါပြောင်းလဲလိုက်တာမို့ ယခင်မျိုးဆက်တွေထက် Transistor ပိုများလာသလို Clock Speed တွေလဲပိုမြင့်မားလာပါတယ်။

Precision Boost Overdrive (PBO)

Ryzen CPU တွေမှာ ကိုယ့်အနေနဲ့ CPU performance ကိုထပ်တိုးလိုချင်တယ်ဆိုရင်တော့ AMD ရဲ့ Precision Boost Overdrive (PBO)ကိုသုံးခြင်းဖြင့်လည်းကောင်း Overclock လုပ်ခြင်းဖြင့်လည်းကောင်းထပ်တိုးရရှိမှာဖြစ်ပါတယ် Overclock ကိုအောက်မှာသီးသန့်ပြောထားပါတယ်။
PBO မှာ CPU ကလိုအပ်တဲ့ Voltage နဲ့ သတ်မှတ်ထားတဲ့ အပူချိန်အတွင်းဝင်နေပြီဆိုရင် အဆက်မပြတ် Boost လုပ်ပေးပါလိမ့်မယ်။ သိထားရမှာက PBO ဆိုတာလည်း Overclock လုပ်သလို CPU ရဲ့သတ်မှတ်ထားတဲ့ limit ကိုကျော်လွန်အသုံးပြုမှာဖြစ်လို့ PBO ကိုဖွင့်လိုက်မယ်ဆိုရင်လည်း CPU warranty ပျက်ပျယ်နိုင်တယ်လို့ AMD ကပြောထားပါတယ်။ PBO ကိုဖွင့်ထားရင် ဘာထူးလာမလဲဆိုတော့ Single Core အနေနဲ့ 4.4GHz နီးပါးကျန်ရှိနေသေးပေမဲ့Rendering လိုအလုပ်တွေအတွက် Cores တွေက 4.1GHz အထိတက်လာပါလိမ့်မယ်။

CCD with IO Die

Ryzen 9 3000 series CPU‌ တွေမှာ Core Chiplet Die(CCD) ၁ခု သို့ ၂ခုနဲ့ IO Chip Die(cIOD) ၁ခုပါဝင်ပါတယ်။ CCD တစ်ခုကို CCX ၂ခုနဲ့ပြုလုပ်ထားပါတယ်။ CCX တစ်ခုခြင်းမှာ အများဆုံး Cores ၄ခုပါပြီး 8 Cores ဖြစ်လာအောင် CCX၂ခုကို အင်မတန်မှမြန်ဆန်တဲ့ AMD ရဲ့ interconnected နည်းပညာဖြစ်တဲ့ infinity fabric နဲ့ချိတ်ထားပါတယ်။ အဲတော့ CCD ၁တစ်ခုခြင်းစီမှာ 8 Cores/16 Threads ဖြစ်လို့ ကျနော့်ရဲ့ Ryzen 7 3700X မှာ CCD ၁ခုပဲထည့်ထားပါတယ်။ CCD ၂ခုပါတဲ့ Ryzen 9 3950X က 16 Cores/32 Threads ရရှိကာ Cores/Threads အများဆုံး mainstream CPU ဖြစ်လာပါတယ် (Ryzen 9 3900X မှာ‌တော့ CCX တစ်ခုခြင်းစီက Cores ၁ခုစီကို disable လုပ်ထားလို့ CCD တစ်ခုမှာ 6 Cores စီသာပါတဲ့အတွက် CCD၂ခုဆိုတော့ 12 Cores ဖြစ်ပါတယ်)။ CCD တွေကိုတော့ IO chip နဲ့ချိတ်ဆက်ထားပါတယ်။ CCD ကိုတော့ TSMC ရဲ့ 7nm node နဲ့ပြုလုပ်ထားပြီး I/O die ကိုတော့ Global Foundries ရဲ့ 14nm node နဲ့ပြုလုပ်ထားပါတယ်။ သီးခြားတည်ရှိတဲ့ I/O အတွက် 7nm ကိုသုံးစရာမလိုတဲ့အတွက်ကုန်ကျစရိတ်ကိုလည်းလျော့ချပြီးသားဖြစ်သွားပါတယ်။

Infinity Fabric, Double L3 Cache, PCIE 4.0, Memory

Infinity Fabric ဆိုတာ AMD Ryzen CPU အတွင်းက Cores တွေCCX/CCD တွေ ချိတ်ဆက်ရာမှာအသုံးပြုတဲ့ High Speed data connection နည်းပညာတစ်မျိုးပါ သူက အရင် AMD ရဲ့ Hyper Transport နည်းပညာကိုဆက်ခံပါတယ်။ Intel ရဲ့ Front Side Bus(FSB) တို့ Ultra Path Interconnected (UPI)တို့ Direct Media Interface (DMI)နည်းပညာတို့ကလဲ ဒီလိုဆင်ဆင်ပါပဲ။


Infinity Fabric အကြောင်း ရေးထားပြီးသားဖြစ်ပြီး အောက်မှာ link ပေးထားပါတယ်။
https://www.facebook.com/story.php?story_fbid=936642519854685&id=581260788726195

Ryzen 3000 series CPU ကိုတည်ဆောက်ရာမှာ AMD က L3 Cache ကို၂ဆတိုးပေးလိုက်ပါတယ်။ L3 Cache ကို၂ဆတိုးလိုက်ခြင်းဟာ Infinity Fabric ရဲ့ Speed ကိုပါ ၂ဆတိုးလာစေပြီး PCIE 4.0ကိုပါအထောက်အပံ့ပေးလို့ရသွားပါတယ်။ Infinity Fabric Speed တိုးလာတာမို့ CCX တွေချိတ်ဆက်မှုကိုပိုကောင်းစေလာပြီး cores တွေရဲ့တုန့်ပြန်မှုပိုကောင်းလာစေသလို latency လည်းပိုနည်းလာစေပါတယ်။ ကျနော့်အနေနဲ့ ယခင် 1700X ထက် 3700X မှာဂိမ်းဆော့ရတာ FPS ပိုတိုးလာတာမျိုးထက် response ပိုကောင်းလာတယ်လို့ခံစားရပါတယ်။

Ryzen 3000 CPU အားလုံးမှာ ယခင် PCIE 3.0ထက်၂ဆပိုမြန်တဲ့ PCIE 4.0ကိုသုံးနိုင်ပါတယ်။ ဒီလိုသုံးနိုင်ဖို့က PCIE 4.0 ကိုပါအထောက်အပံ့ပေးတဲ့ X570 chipset သုံး motherboard တွေကိုသုံးမှရမှာပါ။ ဒါပေမဲ့ အချို့ motherboard ထုတ်လုပ်သူတွေက ယခင်မျိုးဆက် 300/400 series motherboard တွေမှာ PCIE 4.0 SSD တွေကိုသုံးခွင့်‌ပြုထားပါတယ် ဘာလို့လဲဆိုတော့ အဲဒီ motherboard တွေမှာ NVME SSD တပ်သုံးမဲ့ PCIE lanes တွေက motherboard ရဲ့ chipset ကနေမသွားပဲ CPU ကနေတိုက်ရိုက်ပေးထားလို့ဖြစ်ပါတယ်(ဒါက motherboard PCBပေါ်က ဆားကစ်ပတ်လမ်းတွေကိုကြည့်မှသိနိုင်မှာပါ)။ ဒါပေမဲ့ motherboardပြုလုပ်သူတွေက stable မဖြစ်လို့ဆိုပြီး နောက်ပိုင်း BIOS update‌ တွေမှာ ပြန်ရုတ်သိမ်းသွားပါတယ်။

Memory ပိုင်းအနေနဲ့ပြောရမယ်ဆိုရင် Ryzen 3000 series CPU တွေမှာ Memory 3600 MHz အထိdefault အနေနဲ့အထောက်အပံ့ပေးလာပေမဲ့ ကျ‌နော်လက်ရှိသုံးထားတဲ့ motherboardက Ryzen ပထမမျိုးဆက်အတွက်မို့ 3200MHz အထိသာအထောက်အပံ့ပေးပါတယ်။ ထူးခြားချက်တစ်ခုအနေနဲ့ အရင် Ryzen 7 1700X အသုံးပြုစဉ်က 3000MHz Memory Speed ရဖို့ Memory Voltage ကို 1.39Vအထိတင်ထားခဲ့ရပေမဲ့ အခု Ryzen 3700X CPUထဲမှာ တစ်ပါတည်းပါဝင်လာတဲ့ 14nm IO Die ကြောင့် 3000MHz ကို မူရင်း 1.35V နဲ့တင်အဆင်ပြေပြေသုံးလို့ရသွားတာပါပဲ။

Test Setup and Overclocking

AMD Ryzen 7 3700X
Asus Prime X370 Pro (BIOS 5220)
2x8GB Gskill Trident Z RGB 3000 MHz (16-18-18-38)
EVGA GTX 1070 FTW (Geforce Driver 441.87)
Cooler Master ML240R RGB AIO
Corsair TX750M PSU (80+Gold)
256GB Transcend SSD 370S (OS)
2x4TB WD HDD (Game Drive)
Windows 10 1909



AMD ရဲ့ Ryzen CPU တွေဟာ Unlock Multiplier CPU တွေမို့ Overclock လုပ်မယ်ဆိုလုပ်နိုင်ပါတယ်။
8 Cores CPU ဖြစ်တဲ့ Ryzen 7 3700X ရဲ့ Clock Speed က Base Clock 3.6GHz နဲ့ Boost Clock 4.4GHz ပါ။ Boost Clock 4.4GHz ဆိုတာ CPU ရဲ့ Core အားလုံးကို Boost လုပ်ပေးတာမဟုတ်ပဲ Single Core performance ကိုအဓိကထားတဲ့ Software နဲ့ ဂိမ်းတစ်ချို့အတွက်သာ Core ၁ခု သို့ ၂ခုကိုသာ Boost လုပ်ပေးတာပါ ကျန်တဲ့ Cores တွေက 4.4GHz အထိမရောက်ပဲ ကျ‌‌နော့် CPU မှာတော့ 3.9GHzအထိသာBoost လုပ်‌‌ပေးနိုင်ပါတယ်။

ကျနော့်အတွက် multi core ကို 3.9GHz ထက်ပိုပြီးလိုချင်တယ်ဆိုရင်တော့ Overclock လုပ်ဖို့ပဲရှိပါတယ်။ CPU ကို Overclockလုပ်တယ်ဆိုတာ CPU ရဲ့သတ်မှတ်ထားတဲ့ Clock Speed ထက်ပိုများလာအောင်လုပ်တာပါ။ ပုံမှန် CPU ကို overclock ကြတဲ့အခါမှာ CPU Voltage ကို ပိုပေးရတာကထုံးစံတစ်ခုပါပဲ။ သက်မှတ်ထားတဲ့ CPU frequency ရောက်တဲ့အခါမှ voltage တွေကိုဖြည်းဖြည်းချင်းချကြည့်လိုက်ပြီး PC ကို stress test လုပ်ကြည့်ရင်း Stable မဖြစ်တော့တဲ့အခါမှ voltage ကိုနည်းနည်းပြန်တင်ရပါတယ်။ အခုAMD ရဲ့ 3rd Gen Ryzen CPU တွေဟာ 7nm နဲ့တည်ဆောက်ထားတာမို့လို့ ပါဝါစားသက်သာပြီး ပုံမှန် Intel AMD CPU တွေလောက် CPU Voltage တွေအများကြီးပေးစရာမလိုပဲနဲ့ overclock ကောင်းကောင်းလုပ်နိုင်တာကိုတွေ့ရပါတယ်။

ကျနော့်အနေနဲ့ Ryzen 7 3700X ကို overclock လုပ်ရာမှာ Windows ပေါ်ကနေ Overclock တန်းလုပ်လို့ရတဲ့ AMD ရဲ့ Ryzen Master ဆိုတဲ့ app ကနေမလုပ်ပဲ သမားရိုးကျနည်းဖြစ်တဲ့ BIOS ကနေပဲ overclock လုပ်ခဲ့ပါတယ်။

Ryzen 3000 series CPU တွေမှာ Overclockလုပ်မယ်ဆိုရင် CPU Voltage SOC Voltage Memory Voltage ကို ချိန်ညှိပေးရရုံသာမက အကောင်းမွန်ဆုံးစွမ်းဆောင်ရည်ရအောင် ကိုယ်သုံးထားတဲ့ Memory Kit အလိုက် Infinity Fabric ရဲ့ Clock Speedကိုပါချိန်ညှိပေးရပါတယ်။ ဘာလို့လဲဆိုတော့ CPU ရဲ့ L3 Cache တွေနဲ့ Infinity Fabric ကိုတိုက်ရိုက်ချိတ်ဆက်ထားတာကြောင့်လို့အပေါ်မှာကျနော်ပြောခဲ့ပါတယ်။ Motherboard BIOS ထဲမှာ Infinity Fabric လို့တိုက်ရိုက်မရေးထားပဲ blck speed လို့ပဲရေးထားပါတယ်။ အဲလိုချိန်ညှိရာမှာ ကိုယ်သုံးတဲ့ Memory Speed က 3000MHz ဆိုရင် Infinity Fabric(blck) Speed ကို 1500MHz မှာထားပေးထားရပါမယ်။ ဆိုလိုတာက Memory Speed: Infinity Fabric Speed က 2:1 လို့ထားပေးရပါမယ်။ ကျနော့်PCမှာတော့ 3000MHz memory kit ကိုသုံးထားပေမဲ့ Infinity Fabric Speed ကို 1600MHz မှာထားတာ ပိုအဆင်ပြေတဲ့အတွက် 1600MHz မှာပဲထားလိုက်ပါတယ်။

ကျနော့်အနေနဲ့ မျိုးဆက်၂ခုစာနောက်ကျနေတဲ့ Mid-Range Motherboard ဖြစ်တဲ့ Asus Prime X370 Pro ကိုသာသုံးထားပေမဲ့လည်း Ryzen 7 3700X ကို Overclock လုပ်လို့အဆင်ပြေပါ့မလားလို့တွေးပူမိပါတယ်။ နိုင်ငံတကာက Reviewerတွေ PC Enthusiastတွေ အတော်များများကလည်း 3700X ကို X570/470 motherboard တွေနဲ့ Cores အားလုံးကို Overclock ရာမှာ သင့်တင့်တဲ့ Voltage နဲ့ 4.4GHz ရဖို့ဆိုတာ 3700X CPU အားလုံးရဲ့ 1%ခန့်သာရှိတယ် 4.2 GHz အထိသာအရများတယ်လို့ဆိုကြပါတယ်။ ကျနော့်အနေနဲ့ အမြင့်ဆုံးရနိုင်တဲ့ 4.4GHz အထိ 1.4V နဲ့ Overclock လုပ်ကြည့်ရာမှာ Windows Boot တက်ပေမဲ့ PC ဟာ Stable မဖြစ်ပါဘူး 1.4v အထက်မှာထားကြည့်ပြန်တော့ Stable ဖြစ်ပေမဲ့ အပူချိန်တွေဟာ Daily Usage အတွက် အဆင်မပြေလောက်တာမို့ Clock Speed ကို 4.3GHz အထိပြန်ချလိုက်ပြီး CPU Core Voltage 1.4 V မှာထားကြည့်တဲ့အခါ အဆင်ပြေပြေအလုပ်လုပ်တဲ့အတွက် 4.3 GHz အထိ Overclock လုပ်နိုင်သွားပါတယ်။ သတိပြုဖို့က CPU တစ်ခုကို overclock လုပ်မယ်ဆိုရင် CPU ရဲ့ warranty ပျက်ပျယ်သွားနိုင်တာပါ။

Undervolting

ကျနော့်အနေနဲ့ overclockingကို daily usage အနေနဲ့သုံးမှာဖြစ်တဲ့အတွက် CPU Core Voltage တွေကိုပြန်လည်ချိန်ညှိဖို့လိုလာပါတယ်။ ဘာလို့လဲဆိုတော့ များပြားလှတဲ့ voltage တွေပေးထားမိရင် CPU ရဲ့သက်တမ်းတိုစေနိုင်တာကြောင့်ဖြစ်ပါတယ်။ ဘာမှ Overclock မလုပ်ထားတဲ့အခြေအနေမှာ Ryzen 7 3700X ရဲ့ Voltage က Idle မှာ Core Voltage 1.0~1.1V ဝန်းကျင်နဲ့ CPU Benchmarks software တွေ run တဲ့အချိန်မှာ Core Voltage 1.428Vအထိရှိနေပါတယ် ဒါဟာ Motherboard ထုတ်လုပ်သူတွေက System ကိုတည်ငြိမ်အောင်လုပ်ပေးထားတာဖြစ်ပြီး 7nm နဲ့ ထုတ်ထားတဲ့ ဒီလို CPU တွေဟာ ဒီလောက် Voltage အများကြီးမလိုအပ်ပါဘူး။ CPU ကို Voltage တွေလိုတာထက်ပိုပေးထားတဲ့အခါ CPU ပိုပူလာစေပါတယ်။

ခုလို 7nm နဲ့ထုတ်ထားတဲ့ Ryzen 3000 series CPU တွေဟာ များပြားလှတဲ့ Voltage တွေထက် CPU အပူများနေတာကိုပိုကြောက်တဲ့အတွက် Voltage တွေကိုတက်နိုင်သ‌လောက် လျော့ချပေးရတာက CPU အတွက်ပိုကောင်းစေပါတယ်။ Voltage များများမလိုတဲ့အတွက် တူညီတဲ့ Clock Speed မှာထားရင် Cinebench Score ပိုကောင်းနေတာကိုတွေ့ရပါတယ် ပြောရရင် 4.3GHz မှာ 1.375v ထက် 1.35v မှာပိုကောင်းနေတာပါ။ ကျနော့်အတွက် 4.3GHz ကို CPU Core Voltage 1.325V မှာထားတာက အကောင်းဆုံးလို့စမ်းသပ်ရရှိပါတယ်။ ဒီနေရာမှာကျနော့်အနေနဲ့ 4.3 GHz က Sweet Spot ဖြစ်နေပေမဲ့ အခြား 3700X မှာတော့ ဒီလောက် Clock Speed တွေ Voltageတွေ နဲ့ အဆင်ပြေချင်ပြေမယ် မပြေချင်လဲမပြေပါဘူး ဘာလို့ဆိုတော့ CPU တစ်ခုနဲ့တစ်ခုဟာ Quality နည်းနည်းစီကွာတက်တာမို့ပါ။

Testing Methodology

Benchmark မူလ Clock Speed ရော PBO ဖွင့်ထားတာရော Overclock လုပ်ထားတဲ့ result အတွက်‌ရော တပါတည်းနှိုင်းယှဉ်ပြထားပေးပါတယ်။ ကျနော့်အနေနဲ့ AIO Cooler ရှိပြီးသားမို့သူ့မှာ နဂိုပါတဲ့ Wraith Prism Cooler ကိုထည့်သွင်းစမ်းသပ်ထားခြင်းမရှိပါဘူး Wraith Cooler နဲ့ဆို အပူချိန်ဟာ 10°C ဝန်းကျင်ပိုများနိုင်ပါတယ်။ Power Draw ကိုတော့ Idle State, Gaming နဲ့ Rendering မှာစမ်းသပ်ပြထားပါတယ်။ စမ်းသပ်ခြင်းအားလုံးကို တိတိကျကျရရှိအောင် နာရီပေါင်းများစွာ ကြိမ်ဖန်များစွာ စမ်းသပ်ပြီး အချို့နေရာတွေမှာတော့ တိကျတဲ့အဖြေအတွက် ၃ကြိမ်အထိစမ်းပြီးရတဲ့ result တွေဖြစ်ပါတယ်။

Synthetic Benchmarks

Ryzen 7 3700X ရဲ့ productivity စွမ်းဆောင်ရည်တွေကို ယခင်ပထမမျိုးဆက် Ryzen 7 1700X နဲ့နှိုင်းယှဉ်ပြသွားမှာဖြစ်ပါတယ်။
• Cinebench R15
• Cinebench R20
• Geekbench 5
• V-Ray နဲ့
• Blender Benchmarks စတာတွေကို သုံးပြီးတိုင်းတာပြသွားမှာဖြစ်ပါတယ်။


Cinebench R20
Geekbench 5
V-Ray
Blender


Gaming Benchmarks

Ryzen 3000 series CPU တွေမှာ ကောင်းမွန်လှတဲ့ IPC ရှိလာတာကြောင့် အချို့ဂိမ်းတွေမှာ ပြိုင်ဘက်Intelထက်ကိုပိုကောင်းလာတာရှိသလို ဂိမ်းအများစုမှာလည်း Intel ကိုမှီလုမှီခင်ဖြစ်လာပါပြီ။ ဂိမ်းစွမ်းဆောင်ရည်မှာ ယခင်ပထမမျိုးဆက်ထက်အများကြီးပိုမြန်လာတာကို Chartမှာတွေ့ လာရပါမယ်။ Gaming အတွက် CPU ကို 4.3GHzအထိ Overclockလုပ်ထားရင် gaming အတွက်အကျိုးဖြစ်ထွန်းစေသလားဆိုတာက ဂိမ်းတစ်ခုခြင်းအပေါ်မူတည်ပြီး အချို့ဂိမ်းတွေမှာ ပိုကောင်းလာတာရှိသလို Single Core performance အပေါ်မှီခိုနေတဲ့တစ်ချို့ဂိမ်းတွေမှာတော့ မထူးခြားပါဘူး။ ဘာလို့လဲဆိုတော့ Single Core က Stock Clock Speed မှာ 4.4GHz အထိအလုပ်လုပ်တာမို့လို့ဖြစ်ပါတယ်။ ဂိမ်း၁၀ခုနဲ့စမ်းပြထားပြီး အများစုကထွက်ထားတာမကြာသေးတဲ့ ဂိမ်းတွေပါ။ ဂိမ်းတွေအားလုံးနီးပါးကို Ultra Setting နဲ့စမ်းပြထားပါတယ်။ ကျနော့် လက်ရှိ graphics card က လွန်ခဲ့တဲ့ ၃နှစ်ကျော်ကထွက်ထားတဲ့ GTX 1070မို့ အဲတုန်းက အမြင့်ပိုင်းထဲပါပေမဲ့ အခုချိန်မှာ GTX 1660Ti/GTX 1660 Super တို့လောက်သာစွမ်းဆောင်ရည်ရှိတော့တာမို့ စမ်းသပ်တဲ့ဂိမ်းresolutionကို 1080P မှာပဲစမ်းလိုက်ပါတော့တယ်။











Temperatures

Ryzen 7 3700X ဟာ 7nm process နဲ့ပြုလုပ်ထားတဲ့CPUမို့လို့ အပူနဲ့ပါဝါစားသုံးမှုမှာယခင်မျိုးဆက်ထက်အများကြီးစွမ်းဆောင်ရည်ပိုကောင်းလာတာ‌ကိုတွေ့ရပြီး 4.3GHz အထိ Overclock လုပ်ထားပြီးဂိမ်းဆော့ရင်တောင် Casing ကပူမလာပါဘူး။ ဒါ့အပြင့် CPU Core Voltage 1.325Vမှာသာထားထားတာမို့ 3700X ရဲ့ Stock Speed ထက် CPU load ဆွဲတဲ့အချိန်မှာ သိသိသာသာအပူပိုနည်းသွားတာကိုလည်းတွေ့ရပါတယ်။


Power Draw

Overclockလုပ်ထားတဲ့ 3700X CPU ဟာ load ဆွဲတဲ့အချိန်မှာ ကျနော်အရင်သုံးခဲ့တဲ့ 1700X ရဲ့ ပုံမှန် Stock Clock Speed ထက် CPU Load ဆွဲနေချိန် ပါဝါစားတာသိသိသာသာပိုသက်သာ‌သေးနေတာကိုလည်းတွေ့ရပါတယ်။ ပြီးတော့ PBOဖွင့်ထားရင်ပါဝါအတော်စားတာကိုလည်းတွေ့ရပါတယ်။ ပုံမှာကြည့်လိုက်ပါ။



The Good

  • ယခင် 1st Gen Ryzen တွေရဲ့ 300 Series Motherboard တွေနဲ့ကောင်းကောင်းအလုပ်လုပ်ပါတယ်။
  • ပြိုင်ဘက် Intel Core i7 CPU တွေထက်ဈေးပိုသက်သာပါတယ်။
  • Overclock လုပ်နိုင်တဲ့ Unlock CPU ဖြစ်ပါတယ်။
  • လှပတဲ့ Wraith Prism Cooler တစ်ပါတည်းပါပါတယ်။

The Bad

  • PCIE 4.0 အတွက်တွဲသုံးရမဲ့ X570 Motherboardတွေက ဈေးကြီးပါတယ်။
  • Gaming စွမ်းဆောင်ရည်က Intel ထက် နည်းနည်းပိုနှေးပါတယ်။

Conclusion


Ryzen 7 3700X CPU ဟာ ဈေးနှုန်းအရရော စွမ်းဆောင်ရည်မှာရော လက်ရှိဈေးကွက်ထဲအကောင်းဆုံးCPU ထဲကတစ်ခုဖြစ်ပါတယ်။ Overclock လုပ်ကြည့်ရာမှာလည်း 3700X ဟာ AMD CPU ထဲမှာ မူရင်းClock Speed ထက်အများကြီးပိုတက်လာအောင်လုပ်နိုင်ပါတယ်။ 8 Cores 16 Threads ဖြစ်သလို 7nm Zen Architecture ကြောင့် Gaming ပိုင်းမှာ Intel CPU တွေလောက်နီးနီးကောင်းပြီး Overclock လုပ်ထားမယ်ဆို Core i9 9900K ကို Productivity ပိုင်းမှာကောင်းကောင်းကြီးယှဉ်နိုင်ပါတယ်။ သင့်အနေနဲ့ Overclock လုပ်ဖို့စိတ်ကူးမရှိရင် Base Clock သိသိသာသာပိုများတဲ့ Ryzen 7 3800X ကိုရွေးစေချင်ပါတယ်။
သင့်အနေနဲ့ ပထမမျိုးဆက် Ryzen Motherboard တွေသုံးနေတဲ့သူအတွက်ကတော့ Ryzen 7 3700X က တစ်ကယ့်ကိုဆုလာဘ်တစ်ပါးပါပဲ။ 3700X ကိုစမ်းသုံးကြည့်နေရင်း သူ့မှာ နဂိုပါလာတဲ့ Wraith Prism RGB Cooler က ပူတယ်လို့ခံစားရတယ်ဆိုရင် ပိုကောင်းတဲ့ after market cooler တစ်ခုခုကိုတပ်သင့်ပါတယ် လို့အကြံပြုပါတယ်။ အဲလိုတပ်လိုက်မယ်ဆိုရင် သုံးတဲ့ Cooler အပေါ်မူတည်ပြီး Temperature က 5°က‌နေ 15°လောက်အထိကွာသွားနိုင်ပါတယ်။ အခုမှ PC စဆင်မဲ့သူတွေဟာ1st Gen နဲ့ 2nd Gen Ryzen user တွေအနေနဲ့ ရှိရင်းစွဲ Motherboard ကိုသာသုံးပြီး CPU Upgrade လုပ်နိုင်သလို ကွန်ပျူဝာာအသစ်ဆင်ဖို့စိတ်ကူးနေသူတွေအတွက်လည်း ဈေးသက်သာနေပြီဖြစ်တဲ့ 300 series motherboard တွေကိုသုံးပြီးဆင်လို့ရပါတယ်။ Ryzen 7 3700X ဟာ ဈေးနှုန်း‌အရ‌ရော စွမ်းဆောင်ရည်အရရော ယခင်မျိုးဆက်သုံးmotherboard တွေနဲ့တွဲသုံးလို့ရတာ‌ရော စတဲ့အချက်တွေရှိလို့ အသုံးပြုသင့်တဲ့ CPU တစ်ခုဖြစ်တယ်လို့ပဲဆိုလိုက်ချင်ပါတယ်။

ဒီလို review တွေကိုရေးတဲ့အခါမှာကျနော့်အတွက် အတော်ကြီးကိုအချိန်ကုန်ပြီး အားထည့်ပြီးရေးရပါတယ်။ ဒီလို review တွေရေးပြီးချိန်မှာ မိတ်ဆွေတို့ရဲ့ Like တစ်ချက် Share တစ်ခုဟာ နောက်စာတွေဆက်ရေးဖို့ကျနော့်ကိုများစွာအားတက်စေတာမို့ သဘောကျနှစ်သက်တယ်ဆိုလို့ရှိရင် Page လေးကို Like ‌‌and Share လုပ်ပေးခြင်းဖြင့်ကူညီပါလို့တောင်းဆိုလိုက်ပါတယ်။

#EnThueTech
#Review
#CPU #AMD
#Ryzen

Post a Comment

0 Comments