Subscribe Us

header ads

RTX 30 Series GPU ဝယ်တော့မယ်ဆိုရင်သိထားသင့်တဲ့အချက်များ

RTX 30 Series GPU တွေကြေညာလို့အပြီးမှာ လူတွေရဲ့ ဒီGPU တွေအပေါ်မှာစိတ်ဝင်စားမှုကအတော်ကြီးပါတယ်။ ဈေးအနေနဲ့လည်းထင်ထားတာထက်ကိုသက်သာနေတယ် ဒါပေမဲ့ အချို့ မြန်မာပြည်ကgroupတွေ နိုင်ငံခြားက groupတွေမှာ လူမေးများနေတာတွေရှိလို့ RTX 30 Series နဲ့ဆင်မဲ့သူတွေUpgrade လုပ်မဲ့သူတွေအတွက် သိဖို့လိုတာလေးတွေစုစည်းတင်ပြပေးလိုက်ပါတယ်။

RTX 30 Series မှာ PCIE 4.0 ကြောင့် စက်အသစ်ပြန်ဆင်ဖို့ လို မလို?

အခုထွက်ရှိလာမဲ့ Nvidia RTX 30 Series Graphics Card တွေမှာ PCIE 4.0 ကိုသုံးလာပြီဖြစ်တဲ့အတွက် မျိုးဆက်ဟောင်း PCIE 3.0 ကိုသာ အထောက်အပံ့ပေးတဲ့ CPU Motherboard တွေ အသုံးပြုနေသူ အချို့သော user တွေအချင်းချင်း စက်အသစ်ဆင်ဖို့လိုကြောင်းပြောနေကြပါတယ်။ ဒီအချက်မှန်မမှန်ဆို‌တာကိုကျနော်ရှင်းပြပေးသွားပါမယ်။


PCIE ဆိုတာ Gen တစ်ခုတိုးတိုင်း၂ဆပိုမြန်လာပါတယ်။ PCIE ဆိုတာ backward compatible လည်းဖြစ်ပါတယ်။ PCIE ဟာ အခုလက်ရှိ consumer level မှာကို PCIE 4.0 အထိထွက်ထားပြီး လက်ရှိမှာ Ryzen 3000နဲ့အတွက်ထွက်လာတဲ့ X570သို့ B550တွေမှာသုံးနိုင်ပါတယ်။ Intel ကတော့ PCIE 4.0ထောက်ပံ့တဲ့ Z490 Motherboard တွေထုတ်ထားပေမဲ့ CPU တွေကတော့11th Gen ထွက်မှသာ PCIE Gen 4 ကိုသုံးနိုင်ပါလိမ့်မယ်။

PCIE 4.0 ကိုအသုံးပြုဖို့အတွက် CPU, Motherboard နဲ့ GPU သို့ Storage အားလုံးဟာ PCIE 4.0ကိုအထောက်အပံ့ပေးထားဖို့လိုပြီး အဆိုပါ device တွေထဲကတစ်ခုခုကမှ PCIE Gen 4.0ထက်လျော့နည်းနေလို့မရပါဘူး။
ဥပမာ

Ryzen 7 3700X CPU (PCIE 4.0),
X570 motherboard (PCIE 4.0),
RTX 3080 (PCIE 4.0) အဲလိုသုံးရပါမယ်။

ပြထားတဲ့စက်မှာ အကယ်၍များ PCIE 3.0သာ support လုပ်တဲ့ B450 motherboardကိုသုံးလိုက်မယ်ဆိုရင် PCIE Gen 3 Speed ကိုသာရမှာဖြစ်ပါတယ်။

အဲတော့ကာ PCIE Gen 4 သုံးမယ်ဆိုရင် Gen 3 သမားတွေစက်အသစ်ဆင်ရမှာလား မဆင်ရပါဘူး။ လက်ရှိအများစုသုံးနေတဲ့ PCIE Gen 3 ရဲ့ x16 Bandwidth အပြည့်ကို RTX 2080Ti က တစ်ဝက်‌ေကျာ်တယ်ဆိုရုံလေးပဲမှီပါသေးတယ်။ဆိုလိုတာက RTX 2080Ti ကို bandwidth အပြည့် x16 mode မဟုတ်ပဲ bandwidth တစ်ဝက်သာရှိတဲ့ x8 Mode မှာထားသုံးမှ performance နည်းနည်းကျသွားမှာပါ။ ဒါသာ 1080P resolution နဲ့ကစားမဲ့ ဂိမ်းအချို့ကိုသာဆိုလိုတာဖြစ်ပြီး resolution ပိုများတဲ့ 1440P နဲ့ 4K Gamingမှာ CPU ထက် GPU ကပိုအရေးပါလာတဲ့အတွက်ကွာဟချက်ပိုနည်းသွားပါလိမ့်မယ်။

ခုနက ကိစ္စလေးပြန်ဆက်ရမယ်ဆိုရင် အသစ်ထွက်လာမဲ့ RTX 3070ဆိုတာ Nvidia ရဲ့ Chart အရ RTX 2080Ti ထက်နှာတဖြားပဲသာတယ်ဆိုရုံ‌‌လေးရှိနေမှာဖြစ်တဲ့အတွက် PCIE Gen 3 x16 Mode ရဲ့ Bandwidth အပြည့်ကိုမသုံးနိုင်သေးပါဘူး။

RTX 3080ဟာလည်း RTX 2080Ti သို့ RTX 3070ထက်၂ဆပိုမမြန်ပါဘူး။ ဒါကြောင့် PCIE Gen 3 x16 Mode ရဲ့ Bandwidth အပြည့်ကိုမသုံးနိုင်သေးပါဘူး။

RTX 3090 သူ့ကျတော့ Nvidia က RTX 2080Ti သို့ RTX 3070ထက်၂ဆပိုမြန်တယ်လို့ဆိုထားပါတယ်တကယ်မြန်မမြန်မသိ‌ပေမဲ့ ဂိမ်းတိုင်းတော့မြန်ချင်မှမြန်မှာပါ။ ဒီ‌တော့ PCIE Gen 3.0ရဲ့ x16 mode မှာ Bandwidth ကို အပြည့်လောက်သုံးနိုင်ဖွယ်ရှိလာပါတယ်။ သို့ပင်သော်ငြား RTX 3090 ကိုတပ်သုံးမဲ့သူဆိုတာ 1080P မှာတော့ ကစားမဲ့သူနည်းမယ်လို့ထင်ပါတယ်။ Hardware Unboxed ရဲ့ Video တွေအရ Resolution မြင့်လာလေ Bandwidth ကွာဟချက်ကနည်းပါးလေမို့ 4K လောက်မှာကစားမယ်ဆို performance impact နည်းနေပါလိမ့်မယ်။ နောက်တစ်ခုကတော့ PCIE Gen 3 ကိုသာသုံးနေတဲ့ Intel Core series တွေဟာ gaming performance ပိုကောင်းနေတာမို့ PCIE Gen 3ကြောင့် Bandwidth ကန့်သတ်ခံထားရတယ်ဆိုပါစေဦး လက်ရှိ Ryzen 3000 series တွေထက်အနည်းငယ်ပိုမြန်နေပါဦးမယ်။

နောက်ဆုံးတစ်ခုက AAA ဂိမ်းအများစုမှာ ဂိမ်းကိုက FPS 200 လောက်မှာအများဆုံး limit လုပ်ထားတာမို့ 1080P မှာ GPU ဘယ်လောက်စွမ်းစွမ်းအရာထင်မှာမဟုတ်ပါဘူး။ Esports ဂိမ်းတွေမှာလည်း FPS 300 ကျော်ရဖို့ RTX 3090 လိုမယ်မထင်ပါဘူး။

Power Supply နဲ့ 12 pin connector

Nvidia ရဲ့ Founders Edition ကတ်တွေရဲ့ PCB ဟာ 50%ပိုမိုသေးငယ်သွားပါတယ်။ ဒီလိုငယ်သွားတဲ့အတွက် 8 pin connector တွေထားဖို့နေရာမရှိပါဘူး အဲတော့ Nvidia ဟာ ဒေါင်လိုက်စောင်းလျက်အနေအထားနဲ့ 12pin connector အသစ်ကိုဖန်တီးထားပါတယ်။


သို့ပင်သော်ငြား လက်ရှိpower supply တွေမှာ 12pin connector အသစ်တွေမပါတော့တိုက်ရိုက်တပ်သုံးလို့မရပါဘူး အဲဒီအတွက် စိတ်မပူပါနဲ့ Digital Foundryရဲ့အဆိုအရ 2x8pin connector to 12pin adapter ကို Founder's Edition ဘူးခွံမှာထည့်ပေးထားမှာပါ။



ဒါက Founders Edition ဆိုတဲ့ Nvidia ကတိုက်ရိုက်ရောင်းတဲ့ graphics card တွေအတွက်သာဖြစ်ပြီး Asus တို့ MSI တို့လို AIB partner တွေရောင်းတဲ့ကတ်တွေမဟုတ်ပါဘူး။

RTX 30 Series ထဲက RTX 3080 နဲ့ RTX 3090တို့ဟာ TDP 300W အထက်တွေမှာရှိနေမှာမို့ ပါဝါအစားကြမ်းတဲ့ CPU တွေနဲ့ဆို အရည်အသွေးကောင်းတဲ့ 750W~800W 80+Gold PSU အထက်လိုလိမ့်မယ်လို့ယူဆပါတယ်။ ကိုယ်တိုင်တွက်ကြည့်ချင်တယ်ဆိုရင်တော့ PSU Calculator နဲ့ တွက်ကြည့်နိုင်ပါတယ်။

Multi GPU is Only for 3090

RTX 2000 series တွေမှာကတည်းက Multi GPU အထောက်အပံ့ကို RTX 2070 Super သို့ RTX 2080 နဲ့အထက်သာရရှိခဲ့ရာမှာ အခုမှာတော့ Flagship လို့ကြေညာထားတဲ့ RTX 3080 တောင်မရတော့ပဲ RTX 3090သာရနိုင်မှာဖြစ်ပါတယ် Multi GPU အတွက် $3000လောက်ကုန်မှာပါ။

အချို့ဂိမ်းတွေမှာ Midrange CPUများ bottleneckဖြစ်နိုင်

RTX 30 Series GPU တွေရဲ့ စွမ်းဆောင်ရည်ကသိပ်ကိုကောင်းမွန်နေပါတယ်။ 2080Ti ရဲ့အထက်မှာရှိမယ်ဆိုတဲ့အတွက် လွန်ခဲ့တဲ့နှစ်အနည်းငယ်က Midrage CPU တွေနဲ့တွဲသုံးမယ်ဆိုရင် အချို့ဂိမ်းတွေမှာ CPU Bottleneck ဖြစ်ပြီး စွမ်းဆောင်ရည်အပြည့်ရဖွယ်မရှိပါဘူး။


အထူးသဖြင့် 1st Gen Ryzen အားလုံး နဲ့ 2nd Gen Ryzen 3 နဲ့ 5 တွေဟာ RTX 2070 Super or 2080ကတည်းက Bottleneck ဖြစ်နေပြီး(Ryzen 7 1700X ဖြင့်စမ်းထားသော မိမိ၏ RTX 2080/2070 Review တွင်ကြည့်ပါ)


Core i5 9400F ကတော့ 2080Ti တပ်သုံးမယ်ဆိုရင် အချို့ဂိမ်းတွေမှာ Bottleneck ဖြစ်နေပါပြီ။ RTX 30မှာဆို bottleneck ဖြစ်တာပိုများလာဖွယ်ရှိပါတယ် RTX IO ကြောင့် bottleneck ဖြစ်တာသက်သာလာမလာတော့မပြောတက်ပါ ဂိမ်းတွေကလည်း တစ်ခုခြင်းသီးခြားထောက်ပံ့ဖို့လိုမယ်ထင်ပါတယ်။ ဒါကြောင့် Clock Speed နဲ့ IPC များတဲ့ 9th Gen Core i5 9600K သို့ i7 9700K နဲ့ 10 Gen CPU i5 လောက်နဲ့တွဲသုံးတာက RTX 30 ကတ်ရဲ့ စွမ်းဆောင်ရည်အစစ်အမှန်ကိုပိုမြင်ရနိုင်ပါလိမ့်မယ်။




Ryzen 3000 CPU တွေအတော်များများကတော့ စိတ်ပူစရာမလိုပါဘူး Clock Speed များတဲ့ Ryzen 3 3300X ထက် Clock Speed ပိုနည်းတဲ့ Ryzen 5 3500 ကတော့နည်းနည်းပိုစိတ်ပူရပါမယ်။

TSMC 7nm အစား Samsung 8nm ဘာလို့သုံး?

အခုကြည့်ရသလောက်က Nvidia ရဲ့ RTX 30 Series GPU တွေရဲ့စွမ်းဆောင်ရည်ကကြောက်ခမန်းလိလိကောင်းနေသလို ဈေးနှုန်းအနေနဲ့လည်းစွမ်း‌ဆောင်ရည်ကိုတွက်ကြည့်မယ်ဆိုရင် တန်တယ်လို့ဆိုနိုင်တဲ့အနေအထားမှာရှိနေပါတယ်။ ဒါပေမဲ့ TSMC 7nm အစား Samsung 8nm ဘာလို့သုံးရတာလဲ?

စစခြင်းမှာ Nvidia ရဲ့ မျိုးဆက်သစ် GA102/GA104 GPU တွေသာ A100 GPU လိုမျိုး TSMC ရဲ့ 7nm process ကိုသာသုံးဖို့ကြံရွယ်ခဲ့တာပါ။ ဒါပေမဲ့ TSMC ရဲ့ 7nm Chip တွေကိုဝယ်ယူသုံးဆွဲလိုသူများလှတာကြောင့် Samsung ရဲ့ 8nm ကိုသုံးဖို့သာဆုံးဖြတ်လိုက်ပါတယ်။ Samsung ကိုပြောင်းလောက်တယ် ဆိုတာကိုမနှစ်ကတည်းကတင်ထားပြီးသားမို့ အောက်ကလင့်မှာဖတ်နိုင်ပါတယ်။
https://www.facebook.com/story.php?story_fbid=1067894450062824&id=581260788726195

TSMC ရဲ့ 7nm နဲ့ Samsung ရဲ့ 8nm ဆိုတာ ဒီတိုင်းကြည့်ရင်တော့ 7 နဲ့ 8 မို့ဘာမှမကွာလောက်ဘူးထင်ခဲ့ရင်တော့မှားပါလိမ့်မယ်။ Samsung ရဲ့ 8nm ဆိုတာဟာ သူတို့ရဲ့ 10nm ကနေထွက်ပေါ်လာခဲ့တာဖြစ်ပြီး TSMC ရဲ့ 7nm ထက်စာရင် မျိုးဆက်တစ်ခုစာလောက်နိမ့်နေပါတယ်။


ပထမဆုံးကွာခြားတာက transistor သိပ်သည်းဆပါ TSMC ရဲ့ 7nm ဆိုတာဟာ တစ်မီလီမီတာမှာ ၉၆သန်း‌လောက်ရှိနေပါတယ် Samsung ရဲ့ 8nm က တစ်မီလီမီတာမှာ ၆၁သန်းပဲရှိပြီး ၄၀%နီးပါးပိုနည်းပါတယ်။ ဒါကြောင့် မျိုးဆက်တစ်ခုစာနိမ့်နေတာပါ။

နောက်ထပ်တစ်ချက်ကတော့ဈေးနှုန်းပါ ထိုင်ဝမ်က GPU ထုတ်လုပ်သူတွေအဆိုအရ TSMC ရဲ့ 7nm နဲ့ထုတ်ထားတဲ့ ၁၂လက်မ silicon wafer တစ်ချပ်ကို ဒေါ်လာ၈‌ ထောင်ကနေ ၁သောင်းလောက်အထိပေးရမှာပါ။ ဈေးမသိရပေမဲ့ Samsung ရဲ့ 8nmကတော့ TSMC ထက် ၃၀%လောက်ပိုသက်သာနေဖွယ်ရှိပါတယ်။ ဒါဟာ RTX 30 Series တွေကိုဈေးသက်သာသွားစေတဲ့အချက်ဖြစ်နိုင်ပါတယ်။

သို့ပင်သော်ငြား GPU Foundry ဈေးနှုန်းကသက်သာနေခဲ့တယ်ဆိုရင်တောင် ဝယ်လိုအားကသိပ်များနေမှာပါ။ Nvidia ရဲ့MSRP က သက်သာနေပေမဲ့ ဈေးကွက်ပေါက်ဈေးကတော့ အတော်မှန်းရခက်နေပါတယ်။

Nvidia Reflex က Ampere အတွက်သီးသန့်လား 1000 series တွေ 2000 series တွေမှာသုံးလို့ရမလား
GTX 900 Series အထက်ကစပြီးရမှာပါ။

Super တွေ Ti တွေ RTX 30 Series ထဲမြင်ရဖို့ရှိလား

ခန့်မှန်းကြည့်တာတော့ရှိနိုင်ပါတယ်။ RTX 3070နဲ့ RTX 3080တို့ဟာ MSRP အရ $200သာကွာပေမဲ့ Nvidia ရဲ့ Chart တွေအရ သူတို့ကြားမှာ performance အတော်လေးဟနေလို့ Nvidia အနေနဲ့ ဒီကွက်လပ်တွေကိုဖြည့်နိုင်ပါတယ်။ လောလောဆယ်ကို 16GB RTX 3070Ti တွေ အကြောင်း leak တွေတွေ့နေရပါတယ်။ဒါပေမဲ့ leak ထွက်လာတဲ့နေရာက Lenovo site ကဖြစ်နေလို့ မတိကျဘူးပြောနိုင်ပါတယ်။


နောက်တစ်ခုleakအရသိရတာက 20GB 3080Ti တွေပါ။ လက်ရှိထွက်လာမဲ့ RTX 3080 နဲ့ RTX 3090တို့က ဈေးအတော်ဟနေတာမို့သူတို့ကြားမှာ 3080Ti တွေ Super တွေနဲ့ဖြည့်လာနိုင်ပါတယ်။ ဒါပလည်းဈေးကွက်အပေါ်မူတည်နေမှာပါ။

AMD ရဲ့ Radeon Big Navi ကိုစောင့်သင့်သလား

ကျနော့်အမြင်အရ Big Navi က 3080ထက်တော့ပိုကောင်းလာမယ်လို့တော့မထင်မိပါဘူး အလွန်ဆုံးရှိမှ 3080 လောက်ပဲရမယ်ထင်ပါတယ်။ ဒါပေမဲ့ Big Navi မှာ VRAM တွေအများကြီးပါလာမယ်လို့ထင်ပါတယ် သူ့ကိုစောင့်ကြည့်တာကတော့မမှားပါဘူး Big Navi ကခုထိဝှက်ဖဲဖြစ်နေတုန်းပါ။

လောလောဆယ် RTX 30 Series GPU တွေတစ်ခုမှဈေးကွက်ထဲမရောက်သေးသလို Review တွေလည်းမထွက်လာသေးပါဘူး။ Review တွေတက်လာတဲ့အချိန်မှ ကျနော်ပြောတာတွေကို တိုက်ဆိုင်စစ်ဆေးကြည့်တာပိုကောင်းမယ်လို့ထင်ပါတယ်။

Reference: Digital Foundry, Hardware Unboxed and HKEPC
Photo Credit: Hardware Unboxed, Hexus.net, En Thue Tech, techcenurion, Videocardz and Anandtech

#EnThueTech
#Q&A
#GPU #Nvidia #Ampere










Post a Comment

0 Comments