Amazon ရဲ့ ဂိမ်းအသစ် New World ဆိုတဲ့ MMO ဂိမ်း beta အဆင့်စမ်းသပ်ခဲ့ချိန်မှာ RTX 3090 တွေပျက်စီးခဲ့တယ်လို့သိရပြီး အများစုက EVGA ကဖြစ်တယ်လို့ဆိုပါတယ်။ ဒီအကြောင်းကို EVGA ကစုံစမ်းခဲ့ရာမှာ ထုတ်လုပ်ခဲ့တဲ့ အချို့သော GPU အသုတ်တွေမှာ ရှားရှားပါးပါးဖြစ်နိုင်တဲ့ ခဲဂဟေဆက်ခြင်းပြဿနာကြောင့်ဖြစ်ကြောင်း PC World ရဲ့အဆိုအရသိရပါတယ်။
EVGA အနေနဲ့ Amazon New World beta ကြောင့် ပျက်စီးသွားတဲ့ RTX 3090 ၂ဒါဇင်ကိုလက်ခံရှိထားတယ်လို့ PC World ကိုအတည်ပြုထားပါတယ်။ အားလုံးဟာ ကနဦးထုတ်လုပ်တဲ့အသုတ်ထဲကဖြစ်ပြီး MOSFET ဆားကစ်နားက ခဲဆက်တဲ့နေရာလေးမှာ လက်ရာမသေသပ်မှုကြောင့်ဖြစ်ရတယ်လို့ဆိုပါတယ်။
New World ဂိမ်းကြောင့် EVGA အပြင် အခြားသော graphics card တွေမှာလည်းပျက်စီးမှုတွေရှိတယ်လို့သိရပေမယ့် EVGA ကတော့ ကနဦးထုတ်လုပ်ခဲ့တဲ့ RTX 3090 အသုတ်ထဲက သီးသန့်ဖြစ်တာလို့ဆိုပါတယ်။ ပျက်စီးခဲ့တဲ့ graphics card တွေကို ပြန်မပို့ရသေးခင်မှာပင် အသုံးပြုသူတွေလက်ထဲ ကတ်အဟောင်းပို့ပြီးတဲ့အထိစောင့်ဆိုင်းစရာမလိုပဲ ချက်ချင်းအစားထိုးပေးမယ့်ကတ်တွေပေးပို့သွားမှာပါ။
New World ဂိမ်းရဲ့ beta အဆင့်မှာ developer တွေဟာ ဂိမ်း menu ကို FPS lock မချမိတဲ့အတွက် FPS 800ကျော်ဖြစ်နေပါတယ်။ ဒီလိုအခြေအနေဟာ graphics card ကိုအင်မတန်ဝန်ပိစေပြီး အပူလွန်ကဲကာ ပျက်စီးစေခဲ့တာဖြစ်ပါတယ်။ Amazon ဟာ ဒီအကြောင်းသိသိချင်းမှာ ဂိမ်း menu မှာ FPS limiter ထည့်သွင်းပေးခဲ့ပါတယ်။ Graphics Card တွေပျက်စီးရတာဟာ ဂိမ်းကြောင့်မဟုတ်ပဲ ထုတ်လုပ်စဉ်က အားနည်းချက်တွေကြောင့်သာဖြစ်ပါတယ်။
Source: OC3D
0 Comments