SMIC ဟာ Samsung၊ TSMC နဲ့ Global Foundries တို့ကိုယှဉ်ပြိုင်လာနိုင်ဖို့ရာကြိုးပမ်းမှုတစ်ခုအဖြစ် ရှန်ဟိုင်းမှာချပ်စ်ထုတ်လုပ်တဲ့စက်ရုံသစ်ကို တည်ဆောက်မှာဖြစ်ကြောင်း ယနေ့ကြေညာသွားပါတယ်။
SMIC ရဲ့ ဒီစီမံကိန်းအတွက် ဒေါ်လာ ၈.၈ဘီလျံ ထက်မနည်းကုန်ကျမှာဖြစ်ပြီး ရှန်ဟိုင်းအစိုးရ ကျောက်ထောက်နောက်ခံအဖွဲ့အစည်းနဲ့လည်း သဘောတူညီချက်ရရှိထားကာ လွတ်လပ်စွာကုန်သွယ်ရေးဇုန်ထဲမှာ တည်ဆောက်သွားမယ်လို့ဆိုပါတယ်။ ကုန်ကျစားရိတ်တစ်ဝက်ကျော် ၅၁%ကို SMIC ကကျခံမှာဖြစ်ပြီး Lin Gang အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရက ၂၅% ခန့်နဲ့ လက်ကျန်ကို အခြားရင်းနှီးမြုပ်နှံသူတွေကိုရှာဖွေပြီး ထည့်ဝင်စေမယ်လို့သိရပါတယ်။
စက်ရုံဟာ စွမ်းအားပြည့်လည်ပတ်နိုင်တဲ့အခါ တစ်လကို silicone wafer တစ်သောင်းခန့်ထုတ်နိုင်မှာဖြစ်ပါတယ်။ စက်ရုံမှာ ချပ်စ်တွေကို 28nm သို့ ဒီထက်ပိုမိုကြီးမားတဲ့ process node တွေသုံးကာထုတ်လုပ်မှာဖြစ်ပါတယ်။ SMIC ရဲ့ 14nm ဟာလိုအပ်ချက်တွေရှိနေသေးသလို တရုတ်အစိုးရဟာလည်း ASML ကနေ EUV equipment တွေကို လုံလုံလောက်လောက်ဝယ်ယူလို့မရနိုင်သေးပါဘူး။
ပိုမိုကြီးမားတဲ့ process node တွေဟာ နည်းပညာအရ ထုတ်လုပ်ရတာ ပိုမိုမို့ချောမွေ့ပြီး wireless chipset တွေ၊ microcontrollerတွေ၊ image sensor တွေနဲ့ display driver chipတွေ ထုတ်လုပ်ဖို့သင့်တော်ပါတယ်။ ၁ဒေါ်လာတန် display driver chip လေးဈေးကွက်မှာရှားပါးသွားတာနဲ့ screen ထုတ်တဲ့ process တစ်ခုလုံးရပ်သွားတာမျိုးဖြစ်နိုင်ပါတယ်။
SMIC ဟာ ပီကင်း၊ တီယန်ကျင်း၊ ရှန်ဇန်းတို့မှာ ချပ်စ်ထုတ်လုပ်တဲ့စက်ရုံအချို့တွေပိုင်ဆိုင်ပြီး ပိုမိုဆန်းသစ်တဲ့ 14nm FinFET နဲ့ 12nm process node တို့ကိုလည်း ဆောင်ရွက်နေပါတယ်။ ဒါပေမယ့် အမြောက်အများထုတ်လုပ်ဖို့လိုအပ်ချက်တွေရှိနေသလို အမှာစာ တွေကလည်းအနည်းငယ်သာရပါသေးတယ်။ ဇွန်လတုန်းကတော့ yield ပြဿနာတွေကို ၂၀၂၂ခုနှစ် ဒုတိယနှစ်ဝက်လောက်မှာ ကျော်လွှားနိုင်လိမ့်မယ်လို့ SMIC ကဆိုထားဖူးပါတယ်။
တရုတ်နိုင်ငံဟာ သူတို့ရဲ့ ချပ်စ်ထုတ်လုပ်ရေးလုပ်ငန်းလိုက်မှီလာချိန်မှာ အိုဟောင်းတဲ့ချပ်စ်တွေသာသုံးနေဆဲဖြစ်ကာ ချပ်စ်ထုတ်လုပ်ဖို့လိုအပ်တဲ့စက်ကိရိယာတွေကို ဂျပန်နိုင်ငံကနေမှာယူပြီးဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားနေချိန်မှာ SMIC ရဲ့ ကြိုးပမ်းမှုဟာ တရုတ်နိုင်ငံကို ကိုယ့်ဘာသာ အမှီအခိုကင်းစွာပိုမိုရပ်တည်လာနိုင်စေမှာပဲဖြစ်ပါတယ်။
Source: Techspot and Nikkei Asia
0 Comments