Subscribe Us

header ads

Review MSI Modern 14 B11MOU



ကျ‌နော့်အနေနဲ့ MSI Laptop တွေကို review လုပ်ခဲ့ရာမှာ အားလုံးနီးပါးက Gaming သို့ ဂိမ်းကစားလို့ရတဲ့ Laptop တွေသာဖြစ်ပါတယ်။ အခုပထမဆုံးအနေနဲ့ ဈေးနှုန်းသက်သာပြီး ရုံးသုံးကျောင်းသုံးအတွက်သင့်တော်မယ့် Budget Laptop လေးဖြစ်တဲ့ MSI Modern 14 B11MOUကို review လေးလုပ်ပေးလိုက်ပါတယ်။

Introduction

ကျနော်တို့ Budget Laptop တွေကိုကြည့်လိုက်တဲ့အခါ Build Quality ကောင်းကောင်းနဲ့ စတိုင်ကျ‌တဲ့ပုံစံကို မရနိုင်ဘူးလို့မဆိုလိုပေမယ့် ရဖို့လည်းသိပ်မလွယ်လှပါဘူး။ ဒါတွေအားလုံးဟာ MSI Modern 14 မှာမြင်နေရပါတယ်။ MSI Modern Series တွေဆိုတာ Bussiness နဲ့ Productivity ပိုင်းအတွက်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ Modern 14 ကို Blue Stone နဲ့ Carbon Grey ဆိုတဲ့အရောင်၂မျိုးနဲ့ရနိုင်ပါတယ်။ Screen က 14 လက်မ FHD နဲ့ရနိုင်ပါတယ်။ ကျနော်Review လုပ်ပေးမှာက Core i3 1115G4 CPU, 512GB SSD, 8GB Memory နဲ့ Full HD Display ပါဝင်တဲ့ Model ဖြစ်တဲ့ B11MOU ပဲဖြစ်ပါတယ်။

Specifications

CPU: Intel Core i3-1115G4 (2Cores/4Threads)
Memory: 8GB DDR4 3200 MHz (Single Slot)
Graphics: UHD
Storage: 512GB NVME SSD
Display: 14in 60Hz Full HD IPS Level Screen
Dimensions (WxDxH): 319 x 219 x 16.9 mm
Weight: 1.3 kg
I/O Ports: Type-C USB3.2 Gen2, 2x Type A USB 3.2 Gen 1, Micro SD Card Slot and 1x (4K @ 60Hz) HDMI
Connectivity: Wi-Fi 6, Bluetooth 5.1
Webcam: 720P
Speakers: 2x 2W
Audio Jack: 1x 3.5mm Combo Jack
Operating System: Windows 10 Home 64 bit
Battery: 52WH (3 Cell Li-Ion)
Power Adaptor: 65W
Price: $599

Design and Build Quality

ပထမဆုံး Modern 14 ကိုမြင်ရတဲ့အချိန်မှာအရင်ဆုံးသတိထားမိစေတာက သူ့ရဲ့ build quality တော်တော်ကောင်းတယ်ဆိုတာသိသာနေတာပါ။ Carbon Grey ခဲရင့်ရောင်ကိုယ်ထည်ဟာ ပြောင်လက်နေတာမျိုးမဖြစ်ပဲ လက်ရာမထင်တဲ့ပုံစံဆိုတော့ အတော်လေးသဘောကျစရာပါ။


ကိုယ်ထည်မှာ lid ကလွဲရင် အားလုံးနီးပါးဟာ အလူမီနီယံနဲ့ဖြစ်ပြီး budget ပုံစံဆို‌ပေမယ့်ပို‌‌ဈေးကြီးတဲ့ မော်ဒယ်တွေကို ကောင်းကောင်းယှဉ်လို့ရတယ်ဆိုနိုင်ပါတယ်။ ဒါပေမယ့် Prestige တွေမှာလို ဘေးအနားသတ်လေးကတော့ ပြောင်လက်အောင်ခုတ်စားထားတဲ့ ‌အသေးစိတ်လက်ရာတွေမရှိပါဘူး။



သူ့ရဲ့ အဖုံး Lid ကိုကြည့်မယ်ဆိုရင် MSI ရဲ့ အသစ်ပြောင်းလဲလိုက်တဲ့ Logo ကိုသုံးထားတာတွေ့ရပါတယ်။ Lid ကိုဖွင့်လိုက်တဲ့အခါမှာလည်း Logo ဟာ screen အောက်ခြေမှာ ရှိနေတယ်ဆိုတာကို သေချာကြည့်မှမြင်ရအောင်လုပ်ထားပါတယ်။


အဖုံးကိုဖွင့်ဖို့အတွက်‌ Prestige မှာလို lid မှာ အချိုင့်လေးတစ်ခုမထည့်ထားပေမယ့် ကိုယ်ထည်မှာတော့ထည့်ထားပေးပါတယ် ကျနော်ကတော့ ဒီလိုလုပ်ပေးတာကိုသဘောကျပါတယ်။ အဖုံးကလဲကျစ်လစ်သန်မာပြီးလိမ်ကြည့်လို့မလွယ်သလို laptopကိုပေါင်ပေါ်တင်သုံးတဲ့အခါ လုံးဝလှုပ်နေမှာမဟုတ်ပါဘူး။ Lidကို ဖွင့်ကြည့်ပြီးတဲ့အခါ သူ့ရဲ့ဘေးဘောင်လေးတွေက အခုနောက်ပိုင်းLaptop တွေအတိုင်း အင်မတန်သေးငယ်လှတာကိုတွေ့ရပြီးစိတ်ကျေနပ်စရာကောင်းပါတယ်။ Lid ဟာ တောင့်တင်းလှပေမယ့် 180° အထိလှန်ချလို့ရတာတွေ့ရပါတယ်။


Web Cam ကိုပုံမှန်နေရာမှာရအောင်ထည့်ထားပြီး Web Cam ရဲ့အရည်အသွေးကလဲ ကောင်းတဲ့အထဲမှာပါပါတယ်။ Web Cam မှာ Window Hello အတွက် IR Camera မပါသလို ကိုယ်ထည်မှာလည်း finger print reader မပါတာကိုတွေ့ရတဲ့အတွက် အဲတစ်ခုတော့နည်းနည်းဘဝင်မကျမိပါဘူး။


Modern 14 မှာ MSI ရဲ့ထုံးစံအတိုင်း ကီးဘုတ်ကအတော်ကောင်းပါတယ် ကီးဘုတ်ကိုနှိပ်ရတဲ့ဖီလင်က gaming laptop တွေမှာသုံးထားတဲ့ Steelseries ကီးဘုတ်အတိုင်းပါပဲ။ ကီးဘုတ်က စာ‌ရိုက်ရတာ အတော်လေးအဆင်ပြေတာကိုတွေ့ရပါတယ်။ အရင်ကျ‌နော်စမ်းဖူးတဲ့ Prestige 15 လိုပဲ power button က ကီးဘုတ်နဲ့တပါတည်းပါရှိနေတာကိုတွေ့ရပါတယ်။ Trackpad ကတော့ Prestige မှာလို မကြီးဘူးဆိုပေမယ့် သေးတယ်လို့ကိုပြောလို့မရပါဘူး။

အောက်ခြေကိုလှန်ကြည့်လိုက်မယ်ဆိုရင် အောက်ဘက်မှာ Speaker ၂ခုနဲ့ cooling အတွက် လေဝင်ဖို့အပေါက်လေးတွေ တွေ့ရမှာပါ exhaustကတော့ ဘေးဘက်တွေကနေမဟုတ်ပဲအပေါ်ဘက်အလယ်ကနေထွက်သွားမှာမို့ လက်တွေအပူမိမှာမဆိုးရိမ်ရသလို laptop ကို desktop လို external monitor တွေ keyboard mouse တွေနဲ့သုံးမယ်ဆိုရင်တောင်အပူလွန်ကဲခြင်းကနေကာကွယ်ပေးနိုင်မှာပါ။


Quick Access Panel မပါတဲ့အတွက် Laptop ကို Upgrade လုပ်ဖို့ Screw ၇လုံးလောက်ဖြုတ်ရမှာပါ။ Laptopဟာ 16.9 mm သာထူပြီး 1.3kg သာရှိလို့အတော်ပေါ့ပါးသလို Adapter လေးကလည်း ဖုန်းadapter ထက်နည်းနည်းလေးပဲကြီးတဲ့အတွက် အပြင်ခဏခဏယူသွားမယ့်သူအဖို့ အတော်အဆင်‌ပြေတယ်ပြောနိုင်ပါတယ်။

Display

MSI Modern 14 B11MOU မှာ AU Optronics AUO403D 1080p 60Hz panel ဖြစ်ပြီး သာမန်အဆင့် Display လို့ပြောနိုင်ပါတယ်။ Color ပိုင်းအနေနဲ့

  • sRGB 52.16%
  • AdobeRGB 44.9%
  • NTSC 45%
  • DCI-P3 41.72%

သာရှိတဲ့အတွက် ဒီ‌ ဈေးနှုန်းနဲ့ laptop တွေထဲ သာမန်ထည့်‌နေကြ panel ပဲလို့ပြောနိုင်ပါတယ်။ screen က ကာလာမတိကျဘူးဆိုပေမယ့် အနီဖက်ကိုသမ်းနေတာ အဝါများနေတာမျိုးမဟုတ်ပဲ ကြည့်ရတာအဆင်ပြေပါတယ် Viewing Angle လည်းမဆိုးပါဘူး။


YouTube နဲ့ Netflix ကရုပ်ရှင်တွေ Video တွေကိုတော့ Screen မှာကောင်းကောင်းအရသာရှိရှိကြည့်နိုင်ပါတယ်။ 250nits ဝန်းကျင်သာရှိတဲ့ display ဟာ ပြင်းပြတဲ့ နေအ‌လင်းရောင်အောက်မှာဆိုရင်တော့ သိပ်အဆင်မပြေနိုင်ပါဘူး။

Keyboard and Trackpad

ပုံမှန်အားဖြင့် MSI ရဲ့ Gaming Laptop တွေမှာဆို Steelseries ရဲ့ Keyboard တွေကိုအသုံးပြုထားလေ့ရှိပေမဲ့ Modern 14 မှာ Steelseries ကိုမသုံးထားပါဘူး။ ဘုတ်ရဲ့ကီးတစ်ခုခြင်းနေရာချထားပုံကသုံးရအဆင်ပြေပြီး ကီးလေးတွေနှိပ်ရတဲ့feeling နဲ့ စာရိုက်ရတာက Steelseries လိုအတော်လေးမိုက်ပါတယ်။ Gaming Laptop မဟုတ်တဲ့အတွက် Keyboard ရဲ့ Backlight က ပုံမှန် Laptop တွေလိုအဖြူရောင်တစ်မျိုးတည်းသာဖြစ်တာကိုတွေ့ရပါတယ်။ မြင်ရသလောက် Keyboard Backlight က အနည်းငယ်ပိုမိုတောက်ပသလို Key တွေကိုရှင်းရှင်းလင်းလင်းမြင်စေနိုင်တာတွေ့ရပါတယ်။ သဘောကျစရာကောင်းတာက ၁၄လက်မကိုယ်ထည်ဖြစ်နေပေမယ့် key တစ်ခုနဲ့တစ်ခုအကြားအကွာအဝေးကျယ်သလို Arrow Key တွေကို အရွယ်အစားအပြည့်မြင်ရတာကစိတ်ကျေနပ်စရာပါပဲ။

Modern 14 ရဲ့ Track Pad ဟာ Prestige လို လက်တစ်ဝါးစာလောက်မရှိ‌တော့ပေမယ့် အရွယ်ကတော့ ကြီးတယ်လို့‌ပြောလို့ရပါသေးတယ်။ Track pad ဟာ သီးသန့် left click right clickခလုပ်တွေထည့်မထားလို့အမြင်ရှင်းသလို နှိပ်တဲ့အခါလှုပ်စိစိဖြစ်မနေတာကလည်းအတော်ကျေနပ်စရာပါ။ Click အသံတွေကလဲ အတော်ညက်ညောပါတယ်။


Track Pad အတွက် Windows Precision Driver ကိုသုံးထားပြီး လက်နဲ့ပွတ်ကြည့်တဲ့အခါ တုံ့ပြန်မှုက အလွန်မြန်ဆန်ပြီး အားရစရာကောင်းပါတယ်။ အသေးစိတ်လက်ရာတွေဖြစ်တဲ့ Track Pad ပတ်လည်မှာအနားကွတ်လေးတွေကိုခုတ်စားထားတာမျိုးတော့မရှိပါဘူး။

Ports

Port တွေအနေနဲ့ ဘယ်ဘက်မှာ USB 3.1 Type-C Port ၁ခု၊ HDMI port တစ်ခုနဲ့ Micro SD Card Slot တစ်ခုပါဝင်ပါတယ်။




ညာဘက်မှာတော့ Type-A USB3.2 Gen1 ၂ခု ပါဝင်ပါတယ်။ ဒီထက် ပိုကောင်းတဲ့ CPU တပ်ထားတဲ့ Model တွေမှာ Thunderbolt 4 Power Delivery ကိုအထောက်အပံ့ပေးတယ်လို့ဆိုပါတယ်။

Webcam

Video Call တွေအတွက် Modern 14 ရဲ့ Webcam ရုပ်ထွက်က တော်တော်ကောင်းမွန်တယ်လို့ဆိုနိုင်ပြီး ကြည်လင်ပြတ်သားမှုရှိသလို အလင်းသိပ်မရှိတဲ့နေရာမှာလည်း ကောင်းကောင်းမြင်ရပါတယ်။ Windows Hello ရဲ့ biometric sign-in အတွက် IR Camera တော့တပ်ဆင်ထားတာမတွေ့ရပါဘူး။

Audio

Audio ပိုင်းကိုပြောရမယ်ဆိုရင် Modern 14 မှာ ယခင် Series တွေအတိုင်း 2w Speaker ၂လုံးကို Laptop ရဲ့အောက်ဘက် ဘယ်ညာထောင့်‌တစ်ခုစီမှာနေရာချထားပါတယ်။ Speaker တွေရဲ့အသံထွက်က အတော်လေးကိုကြည်‌တောက်ရှင်းပါပဲ အထူးသဖြင့်ဂစ်တာသံတွေဆို တော်တော်မြိုင်တယ်ပြောနိုင်ပါတယ် သို့ပင်‌သော်ငြား Base သံတွေပါးတယ်ပြောလို့ရပါတယ်။ Nahimic Audio software ကနေ အနည်းငယ် tuning လုပ်လိုက်တာနဲ့ အသံတွေက ပိုနားထောင်လို့ကောင်းသွားပါတယ်။

Modern 14 မှာ သီးခြား Headphone နဲ့ Mic အတွက် 3.5mm Audio Combo Jack ပါဝင်ပြီး ပုံမှန် headset တွေနဲ့သုံးမယ်ဆိုရင် adapter တစ်ခုတော့ဆောင်ထားရပါလိမ့်မယ်။ သူရဲ့ထုတ်ပေးလိုက်တဲ့အသံက ပုံမှန် laptop တွေထက်အနည်းငယ်ပိုကောင်းတယ်ဆိုပေမယ့် သီးခြား soundcard တွေကိုမမှီဘူးလို့ပြောနိုင်ပါတယ်။


သူမှာမူလပါဝင်တဲ့ mic ဟာ ပုံမှန်အခြေအနေမှာဆို ကြည်လင်တဲ့အသံကိုဖမ်းပေးနိုင်ပြီး စိတ်ကျေနပ်စရာကောင်းပေမဲ့ Cooler Boost ဖွင့်ထားချိန်မှာတော့ mic ရဲ့အသံကို Fan တွေရဲ့ဆူညံသံက လွမ်းမိုးမှုရှိနေတာတွေ့ရပါတယ်။ သို့ပင်သော်ငြား Nahimic Audio softwareမှာ ပါဝင်တဲ့ Noise Cancelation features ကို သုံးမယ်ဆိုရင် Cooler Boost ဖွင့်ထားချိန်မှာ ကြားရတဲ့ fan အသံကို အားရစရာကောင်းအောင် လျော့ချလိုက်နိုင်တာကိုတွေ့ရပါတယ်။

Storage

Modern 14 B11MOU မှာ 512GB ရှိတဲ့ Kingston OM8PCP3512F-Al1 NVME SSD ကိုထည့်‌ထားပါတယ်။ SSD ရဲ့ စွမ်းဆောင်ရည်ဟာ Read/Write နှုန်းတွေဟာ PCIE 3.0 NVME SSD တွေထဲမှာစွမ်းဆောင်ရည်ကောင်းတာကိုတွေ့ရပါတယ် အတိအကျကို Benchmark ပုံမှာကြည့်ပါ။


SSD ရဲ့ Capacity ဟာ 512GB ရှိတဲ့အတွက် ပုံမှန်ထက်နည်းနည်းပိုများတယ်ဆိုနိုင်ပါတယ်။ ရုံးသုံးကျောင်းသုံးအတွက် ဒီပမာဏကအတော်အဆင်ပြေနေပါပြီ။

Battery

Modern 14 B11MOU မှာ 52WH ရှိတဲ့ 3Cell Li-Ion battery ကိုထည့်သွင်းပေးထားပြီး Video ကြည့်မယ်ဆိုရင် Balance Modeနဲ့ဆို ၄နာရီ‌ခွဲလောက်ခံပါတယ် ရိုးရိုးသာမန် Task တွေလောက်ဆို ဒီထက်ပိုခံပါလိမ့်မယ်။ ဂိမ်းဆော့မယ်ဆို တစ်နာရီခွဲလောက်ခံပါတယ်။ အားပြန်သွင်းရင်တော့ တစ်နာရီအတွင်း ၇၅% ပြန်ဝင်တာတွေ့ရပြီး အားအပြည့်ဝင်ဖို့အတွက်ဆိုရင်တော့ ၂နာရီလောက်ကြာတာကိုတွေ့ရပါတယ်။

MSI Center Pro

Laptop တွေမှာ Utility Software တစ်ခုပါလေ့ရှိပါတယ်။ MSI မှာဆိုရင်တော့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ထားတဲ့ MSI Center Pro ပါ။


သူက ကိုယ်သုံးမဲ့ function အလိုက်အတွက် Setting ချိန်လို့ရမယ်၊ ဘက်ထရီခံအောင်သုံးမှာလား စွမ်းဆောင်ရည်အပြည့်သုံးမှာလားစတဲ့ Power တွေချိန်လို့ရမယ်၊ စက်ရဲ့ အခြေအနေ၊ ဘက်ထရီအခြေအနေတွေကြည့်လို့ရမယ်။

Laptop ကို System Analysis၊ Backup နဲ့ Restoration အစရှိတဲ့ feature တွေပါဝင်ပါတယ်။

Testing Methodology and Benchmarks

CPU Benchmark အတွက် Cinebench R15၊ Cinebench R20၊ Cinebench R23နဲ့ Geekbench 5 ကိုထည့်သွင်းစမ်းသပ်ထားပါတယ်။ Intel 11th Gen Tiger Lake အနွယ်ဝင် Core i3 1125G4 Dual Core CPU ဟာ Intel ရဲ့ 10nm SuperFin နဲ့ထုတ်ထားတဲ့CPU ဖြစ်ပြီး Dual Core CPU သာဖြစ်ပေမယ့် IPC တိုးတက်လာလို့ စွမ်းဆောင်ရည်ကအားရစရာကောင်းပါတယ်။ Cinebench R15 မှာ Dual Core CPU ဖြစ်တဲ့ Core i3-1115G4 ဟာ multicore မှာ ယခင် Intel ရဲ့ Laptop CPU Core i7 7300HQ(4C/4T) နဲ့ score အတူတူလောက်နီးပါးရှိလာတာ‌တွေ့ရပါတယ်။ Intel Core i3-1115G4 ရဲ့ Clock Speed ဟာ Base Clock 3.0 GHz နဲ့ Boost Clock 4.1GHz အထိရှိပါတယ်။ CPU Rendering လုပ်နေချိန်မှာတော့ Core အားလုံးဟာ 4.1 GHz အထိတက်လာတာကိုတွေ့ရပါတယ်။ မူလ TDP 28W ရှိတဲ့ ဒီCPU ကို manufacturer ‌တွေအနေနဲ့ 12~28W အထိချိန်ညှိလို့ရလို့သိရပါတယ်။ ကျနော်စမ်းသပ်ကြည့်ရာမှာတော့ Rendering မှာ CPU Load 100%နဲ့ဆိုရင် CPU ဟာ 26W အထိသုံးနေတာကိုတွေ့ရပါတယ်။


Tiger Lake Core i5 နဲ့ Core i7 CPU တွေမှာ Intel Iris Graphics တွေပါလေ့ရှိပေမယ့် Core i3 တွေမှာာ Intel UHD Graphics သာပါဝင်ပါတယ်။ Intel UHD Graphics ဟာ နောက်ပိုင်းထွက်တဲ့ Iris Graphics ရဲ့စွမ်းဆောင်ရည် တစ်ဝက်လောက်သာရှိလို့ ဂိမ်းတွေကို 1080P Lowest Settingမှာ မှာသာစမ်းသပ်ထားပါတယ်။ Gaming Performance အတွက် ဂိမ်း၆မျိုးနဲ့စမ်းသပ်ထားပါတယ်။ Intel UHD Graphics ရဲ့ စွမ်းဆောင်ရည်ဟာ AAA Titles တွေကစားနိုင်မှာမဟုတ်ပါဘူး ဒါပေမယ့် Valorant လို Epsort ဂိမ်းတွေကိုတော့ကစားနိုင်ပါတယ်။


Overall Performance အတွက်ကတော့ PCMark 10 နဲ့ပါ။ Storage အတွက် CrystalDiskMark နဲ့စမ်းသပ်ထားပါတယ်။ Benchmark တွေစမ်းလို့ရလာတဲ့ အသေးစိတ်ကို graph တွေနဲ့ပြထားပေးပါတယ်။ Benchmark အားလုံးကို Windows 10 Version 21H2 မှာစမ်းသပ်ထားပါတယ်။


ဘက်ထရီစွမ်းဆောင်ရည်ကို Audio Level and Brightness 50% နဲ့ Power Balanced Mode မှာ Netflix ကြည့်တာ ၄နာရီခွဲလောက်ကြည့်လို့ရပါတယ်။ ဒီထက်နည်းတဲ့workloads တွေနဲ့ battery saving mode တွေမှာထားရင် ပိုခံမယ်လို့ထင်ပါတယ်။


ဂိမ်းဆော့မယ်ဆို၁နာရီခွဲဝန်းကျင်သာရပါတယ်။ အားပြန်သွင်းတဲ့အချိန်က အတော်လေးမြန်ဆန်ပါတယ် ၁နာရီလောက်အားသွင်းရင် 80%လောက်ပြန်ပြည့်နေပါပြီ။

Temperatures and Noise

MSI Modern 14 မှာ Intel Core i3-1115G4 သာတပ်ဆင်ထားပြီး သီးခြား graphics လည်းမပါတာမို့ အပူပြဿနာမရှိတာကို တွေ့ရပါတယ်။ Stress Test ၃ကြိမ်လောက်လုပ်ကြည့်ရာမှာလည်း ၃ကြိမ်စလုံးကိုအောင်အောင်မြင်မြင်ကျော်ဖြတ်သွားနိုင်ပါတယ်။


Clock Speed ပိုင်းအနေနဲ့ ဂိမ်းကစားတဲ့အခါ CPU က 4.1GHz~4.2GHz ကြားမှာအမြဲလိုလို ထိန်းထားနိုင်စွမ်းရှိတာကိုတွေ့ရပါတယ်။ ဂိမ်းကစားတဲ့အခါ Fan ကို‌ Auto Mode မှာထားကစားရင် အများဆုံး CPUက 72°C လောက်တက်လာပြီး Cooler Boost သုံးပြီးကစားမယ်ဆိုရင် 65°C လောက်သာရှိတော့တာကို‌ တွေ့ရလို့မ‌ဆိုးလှပါဘူး။


ဆူညံမှုဘက်ကိုပြောရရင် Modern 14 ဟာ ရိုးရိုးအခြေအနေမှာဆို fan အသံကို မကြားရ‌သလောက်ပါပဲ။ ဂိမ်းဆော့နေတဲ့အချိန်မှာလည်း သီးခြား graphics မပါတဲ့အတွက် အတော်လေးတိတ်ဆိတ်တယ်ဆိုနိုင်ပါတယ်။ အပူပိုစွန့်ထုတ်နိုင်အောင် Cooler Boost ကိုဖွင့်သုံးမယ်ဆိုရင် အသံအများကြီးပိုဆူလာတယ်ဆိုပေမယ့် လက်ခံနိုင်တဲ့အနေအထားမှာရှိနေသေးတာကိုတွေ့ရပါတယ်။

The Good

  • Superior Build Quality
  • Good Keyboard & Trackpad
  • 8GB Memory
  • 512GB PCIE SSD
  • License Windows

The Bad

  • No fingerprint sensor

Conclusion

သင်ဟာ စျေးနှုန်းသင့်တင့်ပြီး ရုံးသုံးကျောင်းသုံးဖို့ရာအတွက် ပေါ့ပေါ့ပါးပါးစမတ်ကျကျဒီဇိုင်းလှလှသုံးလို့ရတဲ့ Laptop ကိုရှာနေတယ်ဆိုရင် MSI Modern 14 ဟာ သင့်အတွက်ရွေးချယ်စရာအဖြစ်ရှိနေပါလိမ့်မယ်။ အချို့နေရာတွေမှာ လိုအပ်ချက်အနည်းငယ်ရှိနေနိုင်ပေမယ့် MSI Modern 14 မှာ နောက်ဆုံးပေါ် Intel CPU၊ ပုံမှန်ထက်ပမာဏအနည်းငယ်ပိုများတဲ့ SSD၊ ပုံမှန်ထက်ပိုမိုသာလွန်လှတဲ့ကီးဘုတ်နဲ့ ခိုင်ခန့်သပ်ရပ်လှတဲ့ ကိုယ်ထည်တို့က ရုံးအလုပ်လုပ်မယ့်သူတွေအတွက်စွဲဆောင်နေမှာအမှန်ပါပဲ။ MSI Modern 14 B11MOU ကို DCD ကတင်သွင်းဖြန့်ချီပြီး ဈေးနှုန်းကတော့ $599 ဖြစ်ပါတယ်။ ကျနော့်ကို Review Unit ပေးတဲ့ MSI Gaming ကိုလည်းအထူးကျေးဇူးတင်ပါတယ်။

#EnThueTech
#Review
#Ultrabook #Laptop
#MSI #Modern14


Post a Comment

0 Comments