Subscribe Us

header ads

ယနေ့ကြေညာခဲ့သည့် OpenAI ၏ GPT-4 အသစ်နှင့် အသုံးပြုနိုင်မည့်နည်းလမ်းများ


OpenAI ဟာ ChatGPT ကို အဆင့်မြှင့်တင်မယ့်နည်းပညာတစ်ခုဖြစ်တဲ့ GPT-4 ကို ယနေ့အသုံးပြုနိုင်ပြီလို့ကြေညာလိုက်ပါတယ်။ သင်က ChatGPT ကိုကားတစ်စီးလို့ယူဆမယ်ဆိုရင် GPT-4 ဟာ ယခင်ထက်ပိုကောင်းတဲ့အင်ဂျင်တပ်ဆင်ထားတယ်လို့ယူဆရနိုင်ပါတယ်။ GPT ဆိုတာ Generative Pre-Trained Transformer ရဲ့အတိုကောက်ဖြစ်ပြီး artificial neural network တွေအသုံးပြုကာ လူသားတစ်ယောက်လိုရေးသား‌နိုင်တဲ့ deep learning နည်းပညာတစ်ခုပဲဖြစ်ပါတယ်။ GPT-4 ကို ဝက်ဘ်စာမျက်နှာတွေ၊ စာအုပ်တွေ၊ ရုပ်ပုံတွေနဲ့ အခြားအချက်အလက်တွေဘီလီယံနဲ့ချီကာ လေ့ကျင့်သင်ကြားပေးထားပါတယ်။

GPT-4 အသစ်၏ လုပ်ဆောင်နိုင်စွမ်းများ

OpenAI အဆိုအရ GPT-4 ဟာ တီထွင်ဖန်တီးမှု၊ ရုပ်ပုံများကိုနားလည်နိုင်စွမ်းရှိမှုနဲ့ ပိုမိုရှည်လျားစွာရှင်းလင်းနိုင်မှုတွေပါဝင်လာပါတယ်။
  • တီထွင်ဖန်တီးမှုအပိုင်းမှာဆိုရင် ဇာတ်ညွှန်းရေးသားတာတွေ၊ နည်းပညာဆိုင်ရာအရေးအသားတွေနဲ့ ‌အသုံးပြုသူရဲ့ရေးသားဟန်ကိုပါ လေ့လာနိုင်စွမ်းရှိလာပါတယ်။
  • ရုပ်ပုံ‌‌တွေကိုနားလည်နိုင်စွမ်းမှာဆိုရင် ChatGPT အဟောင်းဟာ စာသားတွေကိုသာနားလည်နိုင်စွမ်းရှိခဲ့ပေမယ့် ChatGPT အသစ်မှာဆိုရင်တော့ သင့်ရဲ့ ရေခဲသေတ္တာကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံကိုကြည့်လိုက်တာနဲ့တင် အထဲမှာဘာတွေပါဝင်နေသလဲဆိုတာကိုကြည့်ပြီး ဘယ်လိုဟင်းကို ချက်သင့်သလဲဆိုတာအကြံပေးနိုင်မှာဖြစ်ပါတယ်။ လက်ရှိမှာ ဗီဒီယိုနဲ့ပတ်သက်ပြီး အထောက်အပံ့မပေးသေးဘူးလို့သိရပါတယ်။
  • ရှည်လျားစွာရှင်းလင်းနိင်မှုအပိုင်းမှာဆိုရင် GPT-4 ဟာ စာလုံးရေ ၂၅၀၀၀ အထိလက်ခံကိုင်တွယ်နိုင်စွမ်းရှိပါတယ်။

GPT-4 ရဲ့လုပ်ဆောင်နိုင်စွမ်းက ယခင် version တွေထက်သိသိသာသာကောင်းမွန်တယ်လို့ဆိုပါတယ်။ ဥပမာအားဖြင့်
  • GPT-4 ကို ပထမဆုံးစတင်အသုံးပြုသူတစ်ယောက်ဟာဆိုရင် HTML နဲ့ JavaScript ကိုရောစပ်အသုံးပြုပြီး ၆စက္ကန့်အတွင်း Pong ဂိမ်းကိုဖန်တီးနိုင်ခဲ့ပါတယ်။
  • OpenAI ဟာ လူသားတွေခက်ခက်ခဲခဲဖြေဆိုရတဲ့ ပရောဖက်ရှင်နယ်စာမေးပွဲတွေကို GPT-4 နဲ့ဖြေဆိုစေရာမှာ အချို့စာမေးပွဲတွေမှာ လူသားတစ်ယောက်လိုဖြေဆိုနိုင်ခဲ့ပြီး ရှေ့နေစာမေးပွဲမှာဆိုရင် ထိပ်တန်း၁၀% စာရင်းထဲကို‌တောင် ဝင်ရောက်နိုင်ခဲ့တာတွေ့ရပါတယ်။

GPT-4 ၏ အားနည်းချက်များ

GPT-4 မှာ အားသာချက်တွေအများကြီးရှိ‌လာပေမယ့် ကန့်သတ်ချက်အချို့ရှိနေတယ်လို့ OpenAI ကဆိုပါတယ်။ ယခင် GPT ဗားရှင်းတွေမှာလိုပဲ၊ ဘက်လိုက်တာတွေ၊ ထင်ယောင်ထင်မှားဖြစ်တာတွေနဲ့ ရန်မူတာတွေအစရှိတဲ့ပြဿနာတွေရှိနေပါတယ်။ နောက်တစ်နည်းဆိုရရင် ပြည့်စုံမှုမရှိသေးတာပါ ဒါပေမယ့် OpenAI ကတော့ ကုမ္ပဏီအနေနဲ့ ဒီပြဿနာတွေကို ဖြေရှင်းသွားမယ်လို့ပြောကြားခဲ့ပါတယ်။

GPT-4 ကို ဘယ်လိုအသုံးပြုနိုင်သလဲ

လက်ရှိမှာ GPT-4 ကို Bing Chat ကနေ စတင်အသုံးပြုနိုင်ပြီး အခမဲ့အသုံးပြုနိုင်တယ်လို့ Microsoft က ထုတ်ဖော်ပြောကြားထားပါတယ်။ ဒါပေမယ့် GPT-4 ရဲ့ ရုပ်ပုံတွေကိုသိရှိနိုင်တဲ့ feature ကိုတော့ ချန်လှပ်ထားပါတယ်။ ဒါပေမယ့် သင်က ယခင် GPT3.5 ထက်ပိုကောင်းတဲ့ GPT version ကိုတော့သုံးနိုင်ပါတယ်။ တစ်ခုသိထားရမှာက Bing Chat က အခမဲ့ဆိုပေမယ့် ဆက်ရှင်တစ်ခုကို ၁၅ခုသာမေးနိုင်သလို တစ်နေ့ကို ဆက်ရှင် ၁၅၀သာမေးမြန်းနိုင်မှာဖြစ်ပါတယ်။

Image: Al Jazeera

နောက်ထပ် GPT-4 ကို အသုံးပြုနိုင်တဲ့နည်းလမ်းတစ်ခုက ChatGPT Plus ကိုအဆင့်မြှင့်တင်ရမှာဖြစ်ပြီး တစ်လကို ဒေါ်လာ ၂၀ပေးရမှာဖြစ်ပါတယ်။ အကယ်၍သင့်အနေနဲ့ ကျသင့်ငွေပေးချေပြီးတဲ့အခါ ChatGPT ဟာ မူလက အစိမ်းရောင် logo ကနေ အနက်ရောင် logo အဖြစ်ပြောင်းလဲသွားတာတွေ့မြင်ရမှာဖြစ်ပါတယ်။

Source: OpenAI, CNN, CNA and Analytical Insight

#EnThueTech
#News
#AI

Post a Comment

0 Comments