Image: Valve |
Valve ရဲ့ Steam Deck ဟာ PC Gaming hardware အသစ်တစ်ခုအနေနဲ့ဆို အောင်မြင်တယ်လို့ဆိုနိုင်ပါတယ် ဒါပေမယ့် ဂိမ်းမာအများအပြားကတော့ သာမန်အဆင့်သာရှိတဲ့ IPS screen ကိုစောဒကတက်ကြပါတယ်။ ဒီအတွက် Valve ဟာ display အပြင် နေရာအစုံမှာပြုပြင်ပြောင်းလဲမှုအများအပြားပြလုပ်ထားတဲ့ Steam Deck OLED ကိုရောင်းချဖို့ပြင်နေပါတယ်။
Image: Valve |
Valve ဟာ နောက်အပတ်ကစပြီး Steam Deck version အသစ်ကိုဖြန့်ချီတော့မှာဖြစ်ပါတယ်။ Steam Deck အသစ်မှာ OLED မျက်နှာပြင်၊ HDR အထောက်အပံ့၊ 1TB internal storage၊ ပိုကြီးမားတဲ့ဘက်ထရီအပြင် Wi-fi 6E အထောက်အပံ့တွေပါဝင်လာပါတယ်။ ဒါတင်မက အရမ်းမိုက်ပြီး အတွင်းကိုဖောက်မြင်ရတဲ့ translucent version Steam Deck OLED Limited Edition တစ်မျိုးကိုလည်း ထုတ်ပေးလိုက်ပါတယ်။
Steam Deck OLED ဟာ HDR mode မှာ 1000nits ရရှိမှာဖြစ်ပြီး 100000:1 contrast ratio နဲ့ 110% DCI-P3 color gamut ရှိတယ်ဆိုပေမယ့် SDR mode မှာတင် 600nits ရှိနေတာမို့ တိုးတက်မှုတစ်ခုအဖြစ်မြင်နိုင်ပါတယ်။ ဒါတင်မက Valve က screen အရွယ်အစားကိုလည်း ၇လက်မကနေ ၇.၄လက်မအထိတိုးမြှင့်ပေးထားပြီး ဘေးဘောင်တွေပိုသေးလို့ပိုမိုက်လာသလို refresh rate ကိုလည်း 90Hz အထိတိုးမြှင့်ပေးလိုက်တယ်ဆိုပေမယ့် resolution ကို 1280 800 မှာသာထိန်းသိမ်းထားတာကိုတွေ့ရပါတယ်။
ဒီ Steam Deck OLED version မှာ မူလစွမ်းဆောင်ရည်ကိုထိန်းသိမ်းထားပြီး 4Cores/8Threads ရှိတဲ့ Zen 2 ကို 8 RDNA2 CU နဲ့ဆက်လက်တွဲဖက်ထားတယ်ဆိုပေမယ့် 7nm node ကနေ 6nm node ကိုပြောင်းလဲအသုံးပြုလိုက်တာမို့ ပါဝါစားသက်သာပါတယ်။ RAM အနေနဲ့လည်း 16GB LPDDR5 ဆိုပေမယ့် 5500MT/s ကနေ 6400MT/s အမြန်နှုန်းတိုးမြှင့်လာတာကြောင့် အချို့ဂိမ်းတွေမှာ စွမ်းဆောင်ရည်ပိုကောင်းလာပါတယ်။
ဘက်ထရီပိုင်းအနေနဲ့လည်း 40Whr ကနေ 50WHr ကိုပြောင်းလဲအသုံးပြုထားပြီး APU ကလည်း ပါဝါစားသက်သာတာကြောင့် ဂိမ်းကစားတဲ့အချိန်ပိုရမှာဖြစ်ပါတယ်။ ဒါတင်မက ပိုမိုကြီးမားတဲ့ fan ကိုအသုံးပြုထားသလို ဘက်ထရီပိုကြီးလာပေမယ့် OLED နဲ့ PCB ပိုင်းကိုလည်း ချိန်ညှိမှုအချို့ပြုလုပ်လာတာကြောင့် မူလ Steam Deck ထက်အလေးချိန်ပိုမိုနည်းပါးလာတာကိုတွေ့ရပါတယ်။
နောက်ဆုံးတစ်ခုကတော့ Wi-fi 6E အထောက်အပံ့ပါလာတာမို့ ဒေါင်းလုဒ်ဆွဲတာပိုမြန်မှာဖြစ်သလို control ပိုင်းကိုလည်းပိုကောင်းအောင်ပြုပြင်ထားပါတယ်။ အတွင်းနဲ့ အပြင်ပိုင်းကိုပြောင်းလဲမှုအချို့ပြုလုပ်ပေးထားလို့ ပြုပြင်ရတာပိုမိုလွယ်ကူလာမယ်လို့ဆိုပါတယ်။
Image: Valve |
Steam Deck OLED ကို ပုံစံ၂မျိုးနဲ့ရရှိမှာဖြစ်ကာ 512 GB ဆိုရင် $549 ကျသင့်မှာဖြစ်ကာ 1TB ဆိုရင် $649 ကျသင့်မှာပါ။ Valve အနေနဲ့ 1TB ပါဝင်ပြီး သီးသန့် bootup screen နဲ့ ကိုယ်ထည်ကိုဖောက်ထွင်းမြင်ရတဲ့ translucent ပုံစံ limited edition ကိုလည်းထုတ်မယ်လို့ဆိုပါတယ်။
Image: Valve |
Valve အနေနဲ့ Steam Deck အရေအတွက်ဘယ်လောက်ရောင်းချထားသလဲဆိုတာ ထုတ်ဖော်ပြောဆိုတာမရှိပေမယ့် အရေအတွက်သန်းနဲ့ချီရောင်းချရဖွယ်ရှိလို့ pre-built PC တစ်ခုအတွက် အံ့မခန်းအောင်မြင်မှုလို့ဆိုပါတယ်။ စွမ်းဆောင်ရည်ပိုကောင်းမယ့် Steam Deck 2 ထွက်ရှိဖို့က ၂နှစ် ၃နှစ်လိုသေးတယ်လို့ Valve ကအတည်ပြုထားပါတယ်။
Steam Deck OLED ဟာ အသစ်ထွက်ရှိထားတဲ့ ROG Ally၊ Lenovo Legion Go၊ GPD Win 4 နဲ့အခြား handheld PC တွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ သူတို့မှာ ပိုမြင့်မားတဲ့ Zen 4 အခြေခံ Ryzen Z1 APU ကြောင့် စွမ်းဆောင်ရည်ပိုကောင်းတယ်ဆိုပေမယ့် Steam Deck ရဲ့ Custom APU နဲ့ ယှဉ်ရင် ဘက်ထရီပိုင်းမှာရုန်းကန်ရနိုင်သလို Windows OS ကလည်း သေးငယ်တဲ့ Screen အတွက် သိပ်အဆင်ပြေမှာမဟုတ်ပါဘူး။
Steam Deck OLED ဟာ နိုဝင်ဘာလ ၁၆ရက်နေ့မှာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
Source: Valve and TechSpot
#EnThueTech
#News
#Gaming
0 Comments