Image: Nvidia |
ရင်းနှီးမြှုပ်နှံသူတွေဟာ AI ချစ်ပ်တွေဖန်တီးထုတ်လုပ်သည့်ကုမ္ပဏီတွေရဲ့ ရှယ်ယာတွေကိုဝယ်ယူမှုမြင့်မားနေတာကြောင့် AMD နဲ့ Nvidia တို့ရဲ့ ရှယ်ယာတန်ဖိုးဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ အမြင့်မားဆုံးကိုရောက်ရှိလာခဲ့ပါတယ်။
AMD ရှယ်ယာတွေဟာ ဇန်နဝါရီလ ၁၉ရက်နေ့မှာ အမြင့်မားဆုံးအဖြစ် $174.23 အထိရောက်လာခဲ့ကာ Nvidia ကလည်း $594.91 အထိမြင့်တက်လာခဲ့ပါတယ်။
အခုရရှိလာတဲ့ စံချိန်တင်ရှယ်ယာတန်ဖိုးတွေဟာ ဉာဏ်ရည်တုအတွက် ဂရပ်ဖစ်ပရိုဆက်ဆာများကို ဒီဇိုင်းထုတ်ရောင်းချတဲ့ကုမ္ပဏီတွေအပေါ် ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်ဝင်တစားရှိမှုကို ထင်ဟပ်စေပါတယ်။ GPU တွေဆိုတာ မူလက ကွန်ပျူတာဂိမ်းတွေ ကစားဖို့ ဒီဇိုင်းထုတ်ထားတာပါ။ ဒါပေမယ့် အဆိုပါချစ်ပ်တွေဟာ OpenAI ရဲ့ GPT လို ရှုပ်ထွေးတဲ့ AI မော်ဒယ်တွေကို လေ့ကျင့်သင်ကြားခြင်းနဲ့ အသုံးချခြင်းမှာလည်း မရှိမဖြစ်လိုအပ်တာကြောင့် ချစ်ပ်တွေရဲ့ ရောင်းအား ကြီးမားလာစေတာပါ။
Nvidia အနေနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက AI ကုမ္ပဏီတွေအတွက် အဓိက GPU တင်သွင်းသူဖြစ်ပြီး ယမန်နှစ်က S&P 500 မှာ စွမ်းဆောင်ရည်အကောင်းဆုံး စတော့ရှယ်ယာဖြစ်ခဲ့ပါတယ်။
ရင်းနှီးမြုပ်နှံသူတွေဟာ ဒုတိယအကြီးဆုံးသီးခြား GPU ထုတ်လုပ်သူ AMD ကို ပိုမိုစိတ်ဝင်တစားရှိလာကြပြီး ကုမ္ပဏီဟာ ယမန်နှစ်က AI အပလီကေးရှင်းတွေအတွက် စံနှုန်းလို့ဆိုနိုင်တဲ့ Nvidia ရဲ့ H100 ကို ယှဉ်ပြိုင်နိုင်တဲ့ ချစ်ပ်အသစ်ကို ကြေညာခဲ့ပါတယ်။
လေ့လာသူတွေကတော့ AMD အနေနဲ့ သူတို့ရဲ့ AI ဆော့ဖ်ဝဲလ်ကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ထားကြောင်းမြင်တွေ့ရတယ်လို့ဆိုပြီး AMD ထက် Nvidia ချစ်ပ်များကို ပိုမိုနှစ်သက်ရတဲ့ အဓိကအကြောင်းရင်းကို ဖယ်ရှားပေးနိုင်ကြောင်းဆိုပါတယ်။
ကြာသပတေးနေ့မှာ Nvidia နဲ့ AMD ချစ်ပ်တွေထုတ်လုပ်ပေးနေတဲ့ TSMC ဟာ
မျှော်မှန်းထားတာထက် ရောင်းအားကောင်းကြောင်း ဖော်ပြခဲ့ပါတယ်။ TSMC CEO C.C. Wei က အဆင့်မြင့်ဆုံးထုတ်လုပ်ရေးနည်းပညာများကိုအသုံးပြုထုတ်လုပ်ထားတဲ့ AI ချစ်ပ်တွေမှာ ခိုင်မာတဲ့ဝယ်လိုအားရှိတယ်လို့ဆိုပါတယ်။
TSMC အုပ်ချုပ်ရေးအဖွဲ့ဟာ AI ချစ်ပ်များထုတ်လုပ်ခြင်းသည် ငါးနှစ်အတွင်း ၎င်း၏ဝင်ငွေ၏ ရာခိုင်နှုန်းအများအပြားကို ကိုယ်စားပြုနိုင်တယ်လို့ ယုံကြည်နေပါတယ်။ Toshiya Hari ဦးဆောင်တဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုကုမ္ပဏီ Goldman Sachs မှ လေ့လာသူတွေက ကြာသပတေးနေ့မှာ ဒီကိစ္စဟာ Nvidia နဲ့ AMD နှစ်ခုစလုံးအတွက် အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေဖြစ်ကြောင်း မှတ်ချက်တစ်ခုထဲမှာ ရေးသားခဲ့ပါတယ်။
သီးခြားအနေနဲ့ Meta ရဲ့ CEO ဖြစ်သူ Mark Zuckerberg ဟာ အကြီးဆုံး GPU ၀ယ်သူတွေထဲကတစ်ဦးဖြစ်ပြီး ဒီနှစ်ထဲမှာ ဒေါ်လာဘီလီယံပေါင်းများစွာတန်ကြေးရှိတဲ့ Nvidia နဲ့အခြားသော GPU တွေကို ဝယ်ယူသွားမှာဖြစ်ကြောင်း ကြာသပတေးနေ့မှာကြေညာခဲ့ပါတယ်။
Source: CNBC
#EnThueTech
#News
0 Comments