အရင်အပတ်က ရုံးသုံးကျောင်းသုံးနဲ့ဈေးမကွာလှတဲ့ budget gaming laptop တစ်ခုကို review လုပ်ခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ လုံးဝကို high-end တန်းဝင်တဲ့ MSI Vector GP78 HX 13VH gaming laptop ကို စမ်းသပ်ခွင့်ရတဲ့အတွက် review လုပ်ပေးသွားမှာဖြစ်ပါတယ်။ ဒီ laptop ဟာ high end တန်းဝင်တယ်ဆိုပေမယ့် MSI Vector GP Series ဆိုတာ aesthetic ပိုင်းထက်စာရင်စွမ်းဆောင်ရည်ပိုင်းကို အဓိကထားတဲ့ series ဖြစ်ပါတယ်။ ဒီ MSI Vector GP78 HX 13 မှာ 13th Gen ထဲက powerful အဖြစ်ဆုံး CPU ဖြစ်တဲ့ Core i9 13980HX ကိုတပ်ဆင်ထားသလို RTX 4080 နဲ့ပါတွဲဖက်ပေးထားလို့ အမြင့်ပိုင်း Desktop တစ်ခုလိုစွမ်းဆောင်ရည်ရှိနေမှာပဲဖြစ်ပါတယ်။
Specifications
CPU: Intel Raptor Lake Core i9-13980HX (24Cores/32Threads, 8 P-Cores and 16 E-Cores)Memory: 16GB*2 (DDR5-5600MHz)
Graphics: Nvidia RTX 4080 12GB GDDR6 (TDP 115W)
Storage: 2TB NVMe PCIe Gen4 x4 SSD
Display: 17in 240Hz QHD+ IPS-Level
Dimensions (WxDxH): 380.34 x 297.97 x 23.55~29.45 mm
Weight: 3 kg
I/O Ports: 1x Type-C (USB3.2 Gen2 / DP)
1x Type-C (USB / DP / Thunderbolt™ 4)
1x Type-C (USB3.2 Gen2 / DP) with PD charging
1x Type-A USB3.2 Gen1
1x Type-A USB3.2 Gen2
1x SD Express Card Reader
1x HDMI™ 2.1 (8K @ 60Hz / 4K @ 120Hz)
1x RJ45
Connectivity: Wi-Fi 6E, Bluetooth 5.3
Keyboard: Per-Key RGB Backlight Keyboard
Webcam: IR HD type (30FPS@720p)
Speakers: 2x 2W
Audio Jack: 1x 3.5mm Audio Combo Jack (HiFi)
Operating System: Windows 11 Home
Battery: 90WH (4 Cell Li-Ion)
Power Adaptor: 330W
Price: $3099-$100=$2999
Design and Build Quality
Design အနေနဲ့ပြောရရင် GP78 HX 13VH ရဲ့ casing ဟာ အလူမီနီယမ်နဲ့ ပလပ်စတစ်ကိုအချိုးညီညီ အသုံးပြုထားပြီး GP ထက်ပိုမြင့်တဲ့ GE နဲ့အတော်လေးဆင်တူတာတွေ့ရပါတယ်။ ဒါပေမယ့်မနှစ်က GP တွေလို ထူထဲတဲ့ ပုံစံအဖြစ်မမြင်ရတော့ပဲ ပိုပြီးပါးလှပ်လှပ်ဖြစ်လာတယ်လို့ခံစားရပါတယ်။ အရောင်ကတော့ MSI အဆိုအရ ခဲရောင်ဘက်သမ်းတဲ့ Cosmos Gray လို့ဆိုထားပါတယ်။
Exhaust ပေါက်တွေမှာလည်း copper fin တွေကိုအတိုင်းသာမြင်နေရတာမို့ cooling ပိုင်းအတွက်အာရုံစိုက်ထားမှန်းသိသာသလို အမြင်ပိုင်းအရအတော်လေးမျက်စိပသာဒရှိတာကိုတွေ့ရပြီး ၂၀၂၃ခုနှစ်အတွက် reddot winner ဆုကိုလည်း ရရှိထားတယ်လို့သိရပါတယ်။
Lid ဟာ Gaming Laptop တစ်ခုအနေနဲ့ဆို လိုင်းတွေ texture တွေမပါဝင်ပဲ အတော်လေးရှင်းလင်းသပ်ရပ်တယ်ဆိုနိုင်ပြီး Dragon Logo ကိုသာ ထင်ထင်ရှားရှားတွေ့ရပါတယ်။
ဒီဇိုင်းအရ Hinge က အရှေ့ဘက်ကို အနည်းငယ်ရောက်လာပြီး screen ကို 140° အထိလှန်လို့ရပါတယ်။
screen ရဲ့ဘောင်လေးတွေက နောက်ပိုင်း laptop တွေထုံးစံအတိုင်းပါးပါးလေးတွေဖြစ်သွားပါတယ်။ Screen အောက်ခြေနားမှာ MSI logo အသစ်ကို ထင်ရှားစွာရေးထိုးထားပါတယ်။ lid တွေ keyboard တွေဟာ အားစိုက်ဖိတာတောင် ညွှတ်သွားတာမရှိပဲ အလွန်တောင့်တင်းတာကိုတွေ့ရပါတယ်။ lid က လက်တစ်ဖက်တည်းနဲ့ အသာလေးဖွင့်လို့ရသလို တောင့်တောင့်တင်းတင်းလည်းရှိပါတယ်။ lid အပေါ်ပိုင်းက အနည်းငယ်ထူတာကိုတွေ့ရပြီး 720P Webcam နဲ့အတူ Windows Hello အတွက် IR Camera ပါဝင်တာကြောင့် အပြစ်မဆိုနိုင်ပါဘူး။
Casing အောက်ဘက်မှာ Cooling အတွက် Air Intake အပေါက်လေးတွေက laptop ကိုယ်ထည်အောက်မှာသာရှိပြီး လေပိုဝင်အောင် ပုံမှန်ထက်ပိုမိုများပြားတဲ့အပေါက်တွေ ဖောက်ပေးထားတာတွေ့ရပါတယ်။ ပလတ်စတစ်ကာဗာမှာလည်း အပြာနုရောင်စာလုံးနဲ့ MSI logo ကို ထည့်သွင်းပေးထားပါတယ်။ Exhaust အပေါက်တွေကတော့ အနောက်ဘက်နဲ့ ဘေး၂ဘက်လုံးမှာပါဝင်လို့ အပူတွေကိုကောင်းစွာစွန့်ထုတ်နိုင်မှာဖြစ်ပါတယ်။
ကိုယ်ထည်က အလျား 380.34mm၊ အနံ 297.97mm နဲ့ အမြင့် 23.55~29.45 mmရှိပါတယ်။ Screen ဟာ 16:10 ဖြစ်တာမို့အလျားသိပ်မကျယ်ပေမယ့် အနံမှာတော့ အခြား ၁၇လက်မ တွေထက် ပိုများနေတာကို ခံစားရမှာပါ။ အလေးချိန်ကလည်း adaptor မပါပဲ laptop နဲ့တင် 3kg ရှိတာကြောင့် လေးလံတဲ့ Gaming Laptop လို့ဆိုနိုင်ပါတယ်။ quick access panel မပါတဲ့အတွက် Memory နဲ့ Storage တိုးဖို့ screw ၁၃ လုံးလောက်အထိဖြုတ်ရမှာပါ။
Display
Display အနေနဲ့ပြောရရင် Vector GP78 HX 13VH မှာ AU Optronics ရဲ့ (B170QAN01.2) IPS Panel ကိုသုံးထားပြီး ကျွန်တော့်အနေနဲ့ ၁၇လက်မအရွယ် gaming laptop တွေများများစားစားမစမ်းဖူးတာကြောင့် ဒီ panel နဲ့ နည်းနည်းစိမ်းတယ်လို့ဆိုနိုင်ပါတယ်။ ထူးခြားချက်က ဒီ ၁၇လက်မ panel ဟာ အရင် gaming laptop တွေလို aspect ratio က 16:9 မဟုတ်ပဲ 16:10 ဖြစ်တဲ့အတွက် vertical view ပိုရတာကြောင့် Creator တွေလည်းသဘောကျလောက်မယ်လို့ထင်ပါတယ်။
16:10 aspect ratio ကြောင့် resolution အနေနဲ့ QHD+ (2560x1600) ဖြစ်သွားသလို 240Hz လည်းဖြစ်တာမို့ Esports ဂိမ်းတွေကိုကစားတဲ့အခါ အရမ်းသွက်လက်တယ်လို့ခံစားရပြီး ghosting ဖြစ်တာလည်း အတော်နည်းပါးတာကိုတွေ့ရပါတယ်။
ဒါတင်မက MSI Center ထဲမှာ အကယ်၍ MSI Center ထဲမှာ Display Overdrive ကိုဖွင့်သုံးပေးမယ်ဆိုရင်နည်းနည်းသက်သာပါလိမ့်မယ်။ Display က Hybrid Mode မှာဆိုရင် VRR ကို အထောက်အပံ့ပေးတာကိုတွေ့ရပါတယ်။ IPS Panel ဖြစ်တာကြောင့် Viewing Angle ပိုင်းမှာဆိုရင်လည်း အတော်လေးကောင်းတယ်လို့ဆိုနိုင်ပါတယ်။
Color ပိုင်းမှာလည်း
sRGB 99.89%
AdobeRGB 93.55%
DCI-P3 99.63% ရှိတဲ့အတွက် Color Gamut က Photo and Video Editing တွေမှာလည်း ကောင်းကောင်းအသုံးချနိုင်လို့ နေ့လည်ခင်းအလုပ်လုပ်ပြီး ညဘက်ဂိမ်းဆော့ချင်တဲ့သူများအတွက် သင့်တော်တယ်ဆိုနိုင်ပါတယ်။ ကာလာပိုင်းကောင်းတာမို့ Creative ပိုင်းအတွက်လည်းအသုံးချနိုင်သလို ရုပ်ရှင်၊ ဗီဒီယိုနဲ့ ဂိမ်းတွေကို စိတ်ကျေနပ်စွာကြည့်နိုင်မှာဖြစ်ပါတယ်။ screen ရဲ့ brightness က 400nits ရှိတဲ့အတွက် တောက်ပတယ်ဆိုနိုင်ပြီး အလင်းအားကောင်းတဲ့အခန်းတွေမှာတောင်အဆင်ပြေပြေသုံးနိုင်မှာဖြစ်ပါတယ်။ အားနည်းချက်ကတော့ panel က 10bit မရတာရယ် ဒီလောက်စျေးတန်းမှာ local dimming မပါတာရယ် HDR ကိုအထောက်အပံ့မပေးနိုင်တာပဲဖြစ်ပါတယ်။
Keyboard and Trackpad
GP 78 HX မှာ ပိုကောင်းတဲ့ Steelseries Keyboard ကိုအသုံးပြုလာပြီး per key RGB Lights ပါဝင်လာပါတယ်။ ဒီအတွက် keyboard ကိုစိတ်ကြိုက် effect တွေထားနိုင်မှာပါ။ RGB အရောင်တွေကိုတော့ MSI Center ထဲက Mystic Light နဲ့ Steel Series Engine မှာပြောင်းလို့ရပါတယ်။ တစ်ခုသဘောကျစရာက ကိုနှိပ်တဲ့အခါ ကီးဘုတ်မှာ RGB မီးတွေပိတ်သွားကာ အပေါ်ဘက်က function key တွေမှာသာ အနီရောင်မီးလင်းလာတာမို့ အမှောင်ထဲမှာသုံးရတာအတော်လေးအဆင်ပြေသွားတာပါ။ ဒါတင်မက နောက်ပိုင်း MSI gaming laptop တွေအတိုင်း gaming ဆန်ဆန် power key၊ WASD key နဲ့ arrow key တွေကို ကြည်ကြည်လင်လင်နဲ့ သိသာထင်ရှားအောင် ဖန်တီးပေးထားတာကိုလည်းတွေ့ရပါတယ်။
ကီးဘုတ် RGB မီးရောင်က ညက်ညာမှုရှိသလို အလင်းအားလည်း အတော်ကောင်းပါတယ်။ ထုံးစံအတိုင်း အခြား MSI Laptop တွေလိုမျိုး စာရိုက်တဲ့အခါ သဘောကျမိသလို Key တစ်ခုခြင်းရဲ့ တုံ့ပြန်မှုတွေကလည်း ကောင်းမွန်ပြီး ဆူညံနေတာမျိုးမရှိပါဘူး။ ဒါပေမယ့် သူ့ရဲ့ layout ပိုင်းက အနည်းငယ်ထူးဆန်းသလိုခံစားရနိုင်တယ်ဆိုပေမယ့် သီးသန့် numpad ပါဝင်တာကြောင့် စာရင်းဇယားတွေ ကိုင်တွယ်ရမဲ့သူတွေအတွက်ပါ အဆင်ပြေနိုင်ပါတယ်။
Trackpad ပိုင်းအနေနဲ့ gaming laptop တစ်ခုအနေနဲ့ဆိုရင် Creator Laptop တွေလို အရွယ်အစားကြီးမားကျယ်ပြန့်တယ်လို့ဆိုနိုင်ပြီး သီးခြား key တွေမပါသလို Trackpad ပေါ်မှာလည်း texture တွေ မထည့်ထားပါဘူး။ Windows Precision Driver နဲ့ Trackpad ကိုအစဉ်ပြေပြေသုံးနိုင်ပြီး click ကို အနည်းငယ်အားစိုက်ဖိဖို့လိုပါတယ် ဒါပေမယ့် လှုပ်နေတာ၊ဆူညံနေတာမျိုးတော့မရှိပါဘူး။
Ports
Port တွေအနေနဲ့ GP78 HX 13VH ဟာ ယခင် gaming laptop တွေနဲ့ IO port နေရာအထားအသိုတွေ ပြောင်းလဲလာတာတွေ့ရပြီး တက်နိုင်သမျှကြိုးတွေရှုပ်မနေအောင် ဒီဇိုင်းပြုထားတာကို တွေ့ရပါတယ်။
ဘယ်ဘက်မှာဆိုရင် Thunderbolt 4 port တစ်ခု၊ creator တွေအတွက် အသုံးဝင်လှတဲ့ SD Card Reader တစ်ခုနဲ့ Audio Combo Jack တစ်ခုကိုတွေ့ရပါတယ်။ SD card reader ပါတာအတော်သဘောကျမိပေမယ့် သူ့ရဲ့ မြန်နှုန်းကတော့ 90MB/s ဝန်းကျင်ရှိတာကိုတွေ့ရပြီး မြန်နှုန်းကဒီထက်ပိုသင့်သလို spring loaded လည်းဖြစ်သင့်တယ်လို့ထင်ပါတယ်။
ကျောဘက်မှာတော့ Charging Port၊ DisplayPort အနေနဲ့ပါ အသုံးပြုနိုင်တဲ့ USB 3.2 Gen2 Type-C တစ်ခု၊ HDMI 2.1 Port HDMI Port (8K 60Hz/4K 120Hz) တစ်ခုနဲ့ LAN အတွက် RJ45 တစ်ခုတို့ကိုတွေ့ရပြီး port တွေအများအပြားပါဝင်ပေမယ့် ကြိုးရှုပ်မနေအောင်စီမံနိုင်မှာဖြစ်ပါတယ်။
ညာဘက်မှာတော့ USB 3.2 Gen 2 Type-A တစ်ခု၊ USB 3.2 Gen1 Type-A တစ်ခုနဲ့ DisplayPort အပြင် Power Delivery Charging ပါရတဲ့ USB 3.2 Gen2 Type-C တစ်ခုပါဝင်တာကိုတွေ့ရပြီး premium gaming laptop တစ်ခုအနေနဲ့ ပြီးပြည့်စုံသလောက်ရှိတဲ့ I/O port တွေလို့ဆိုနိုင်ပါတယ်။
Webcam
Video Call တွေအတွက် Webcam ရဲ့ ရုပ်ထွက်က အလင်းသိပ်မရှိတဲ့နေရာမှာ ကောင်းကောင်းမြင်ရတယ်ဆိုသည့်တိုင် ပြတ်သားမှုမှာအားနည်းတယ်လို့ဆိုနိုင်ပါတယ်။ Windows Hello အတွက် Gaming Laptop တွေမှာထည့်သွင်းပေးလေ့မရှိတဲ့ IR Camera လည်းပါဝင်လာတာမို့ သင့်မျက်နှာကိုမြင်တာနဲ့ unlock လုပ်ပေးနိုင်ပါတယ်။ဒါတင်မက business laptop တွေလို webcam shutter လေးလည်းပါဝင်တာကိုတွေ့ရပြီး ဒီ shutter က camera ရဲ့ connection ကို လုံးဝဖြတ်တောက်ပေးလိုက်တာမဟုတ်ပဲ privacy အရ ကာထားပေးရုံသာဖြစ်ပါတယ်။
Audio
Vector GP78 HX 13VH မှာ မနှစ်ကမော်ဒယ်ထက်ပိုကောင်းလာတယ်လို့ခံစားရတာ သူ့ရဲ့ 2w Speaker ၂လုံးပဲဖြစ်ပါတယ်။ ဒီ Speaker တွေကို Laptop ရဲ့ အောက်ဘက်ဘယ်ညာထောင့်တစ်ခုစီမှာ နေရာချထားပါတယ်။ Speaker တွေရဲ့အသံထွက်က ကြည်လင်ပြီးအသံလည်းအတော်ကျယ်တာကို ခံစားရသလို base အသံတွေလည်းအရင်ကထက်အများကြီးပိုတက်လာတာကိုသတိထားမိပါတယ်။
Headphone နဲ့ Mic တွေအသုံးပြုဖို့အတွက် ဒီ laptop မှာ 3.5mm Audio Combo Jack တစ်ခုပါဝင်ပြီး Gaming Headset အများစုနဲ့အဆင်ပြေပြေသုံးနိုင်မှာပါ။ Audio အတွက် 24 bit 96KHz အထိရတဲ့ HiRes Audio ကိုထုတ်ပေးနိုင်တယ်လို့ဆိုထားပါတယ်။ သူ့ရဲ့ထုတ်ပေးတဲ့အသံက အတော်လေးကောင်းပါတယ် သီချင်းတွေဘာတွေနားထောင်ကြည့်ရတာလည်းမိုက်ပါတယ်။
GP78 HX 13VH မှာ Nahimic Audio software တစ်ခုပါဝင်ကာ surround ကို ပုံစံ ၅မျိုးလောက်ထားနိုင်ပါတယ်။ ဂိမ်းဆော့ကြည့်ရာမှာတော့ Battlefield V Multiplayer မှာ အနီးအဝေးအထက်အောက်ဘယ်ညာအသံတွေကို ကောင်းစွာထုတ်ပေးနိုင်ပြီး ကျေနပ်လောက်စရာ အသံကိုကြားရပါတယ်။ Surround အသံထွက်ပိုကောင်းမလားဆိုပြီး Dolby သွင်းကြည့်ပေမယ့်လည်း laptop speaker နဲ့အလုပ်မလုပ်ပဲ headphones jack နဲ့သာအလုပ်လုပ်သာတွေ့ရပါတယ်။
သူမှာမူလပါဝင်တဲ့ mic ဟာ ပုံမှန်အခြေအနေမှာဆို ကြည်လင်တဲ့အသံကိုဖမ်းပေးနိုင်သလို အကယ်၍ Cooler Boost ဖွင့်ထားချိန်မှာတောင် fan အသံက mic မှာ သိပ်မကျယ်ပါဘူး။ မိမိပတ်ဝန်းကျင်ကဆူညံနေတယ်ဆိုရင် MSI Center က noise cancellation ကိုဖွင့်သုံးနိုင်ပါတယ်။
Storage
Vector GP78 HX 13VH မှာ 2TB ရှိတဲ့ Micron 3400 MTFDKBA2T0TFH PCIE 4.0 NVME SSD ကိုထည့်ထားပါတယ်။ ဒီ SSD ရဲ့ စွမ်းဆောင်ရည်ဟာ Read/Write နှုန်းတွေဟာ PCIE 4.0 NVME SSD တွေထဲမှာဆိုရင် စွမ်းဆောင်ရည်ကောင်းတဲ့အထဲပါတာကိုတွေ့ရပါတယ်။ Storage Capacity ကလည်း 2TB ရှိတဲ့အတွက် သုံးရတာလုံးဝကိုအဆင်ပြေပြီး ဂိမ်းတွေအများကြီးသွင်းလို့ရပါတယ်။
loading ပိုင်းမှာဆိုရင်လည်း Microsoft Flight Simulator လို အချိန်အတော်ပေးရတဲ့ဂိမ်းမှာ loading အတော်လေးမြန်လာတာကိုခံစားမိစေပါတယ်။ စွမ်းဆောင်ရည်အတိအကျကို Benchmark ပုံမှာကြည့်ပါ။
Battery and Power Adapter
Vector GP78 HX 13VH မှာ 90WH ရှိတဲ့ 4Cell Li-Ion ဘက်ထရီကိုထည့်သွင်းပေးထားပြီး အရွယ်အစားကြီးမားတဲ့ ဘက်ထရီလို့ဆိုနိုင်ပါတယ်။ laptop ဟာ စွမ်းအားကောင်းလှတဲ့ hardware တွေထည့်သွင်းတည်ဆောက်ထားတာမို့ adapter ကိုလည်း အတော်လေးကိုကြီးမားလေးလံတဲ့ 330W adapter ထည့်ပေးထားတာတွေ့ရပါတယ်။ ဘက်ထရီသက်တမ်းမကောင်းလှတာမို့ သင့်အနေနဲ့ laptop ရော adapter ရောတစ်ပါတည်း ယူဆောင်ဖို့လိုအပ်တဲ့အခါ အတော်ကြီးကိုလေးလံနေမှာဖြစ်ပါတယ်။
MSI Center
Gaming Laptop တွေမှာ Utility Software တစ်ခုပါလေ့ရှိပါတယ်။ MSI မှာဆိုရင်တော့ MSI Center ပါ သူက ကိုယ်သုံးမဲ့ function အလိုက်အတွက် Setting ချိန်လို့ရမယ်၊ ဘက်ထရီခံအောင်သုံးမှာလား စွမ်းဆောင်ရည်အပြည့်သုံးမှာလားစတဲ့ Power တွေချိန်လို့ရမယ်၊ စက်ရဲ့ အပူချိန်နဲ့အမြန်နှုန်းတွေ ဘက်ထရီအခြေအနေတွေ ကြည့်လို့ရမယ်။ ဂိမ်းတစ်ခုခြင်းကို Optimize လုပ်ပေးမဲ့ Gaming Mode လည်းပါဝင်ပါတယ်။ နောက်ပြီး Esports ဂိမ်းတွေမှာ ကိုယ့်ရဲ့ Gameplay ကို record လုပ်ပြီး social media ပေါ်တင်နိုင်မဲ့ Game Highlights လည်းပါပါတယ်။ MSI Center ဟာ အရင်လို features တွေ အများကြီးမထည့်ပေးထားပဲ ကိုယ်အမှန်တကယ်သုံးမယ့် features တွေကို တစ်ခုခြင်းသွင်းရတာဖြစ်တဲ့အတွက် သဘောကျမိပါတယ်။ သို့ပေမယ့်လည်း ဒီ MSI Center ဟာ နှစ်တွေကြာလာတဲ့အထိ UI ပိုင်းဆိုင်ရာအပြောင်းအလဲမရှိသေးတာကိုတော့ အားမရပါဘူး။
Testing Methodology
စွမ်းဆောင်ရည်ကို စမ်းသပ်ရာမှာ CPU တွေ GPU တွေရဲ့ စွမ်းပကား ဘယ်လောက်အထိ ရနိုင်မလဲဆိုတာသိရဖို့အတွက် စမ်းသပ်မှုအားလုံးကို Extreme Performance Mode မှာသာ စမ်းသပ်ထားတာဖြစ်ပါတယ်။
CPU Benchmark အတွက် Cinebench R15၊ Cinebench R20၊ Cinebench R20၊ Cinebench R23၊ Cinebench 2024 နဲ့ Geekbench 6 ကိုထည့်သွင်းစမ်းသပ်ထားပါတယ်။ Overall Performance အတွက်ကတော့ PCMark 10 နဲ့စမ်းသပ်ခဲ့ပါတယ်။
Productivity အတွက် Blender၊ Corona နဲ့ V-ray ကိုထည့်သွင်းစမ်းသပ်ထားပါတယ်။ Core i9-13980HX CPU ဟာ Unlock CPU ဖြစ်တာမို့ overclock လုပ်နိုင်ပေမယ့် Desktop တွေလို အပူကိုထိန်းထားနိုင်ဖို့မသေချာပဲ လက်တွေ့မှာလည်း အရမ်းအသုံးဝင်မှာမဟုတ်လို့မစမ်းသပ်ထားပါဘူး။
Storage အတွက် CrystalDiskMark နဲ့စမ်းသပ်ထားပါတယ်။ Benchmark တွေစမ်းလို့ရလာတဲ့ အသေးစိတ်ကို ပုံတွေမှာပြသထားပေးပါတယ်။ Benchmark တွေအားလုံးကို Windows 11 Version 23H2 နဲ့ Nvidia GeForce Driver Version 546.33မှာ စမ်းသပ်ထားပါတယ်။
Benchmarks
စွမ်းဆောင်ရည်ကိုအဓိကအသားပေးထားတဲ့ Vector GP78 HX 13VH မှာ 13th Gen Laptop CPU ထဲကမှ စွမ်းအားအကောင်းဆုံးဖြစ်တဲ့ Core i9-13980HX ကိုတပ်ဆင်ထားပါတယ်။ 24 Cores 32 Threads ရှိတဲ့ ဒီ Core i9-13980HX CPU ဟာ P-Cores ၈ခုနဲ့ E-Cores ၁၆ခု ပါဝင်ပြီး လက်ရှိအချိန် ကျွန်တော်စမ်းသပ်ဖူးခဲ့သမျှထဲမှာ powerful အဖြစ်ဆုံး CPU ဖြစ်ပါတယ်။
သူ့ရဲ့ကောင်းမွန်လှတဲ့စွမ်းဆောင်ရည်က မနှစ်ကစမ်းခဲ့တဲ့ Desktop အစားထိုးသုံးလို့ရတယ်လို့ဆိုထားတဲ့ GE76 HX မှာတပ်ဆင်ထားတဲ့ Core i7-12800HX ထက်ကို အများကြီးပိုမိုမြန်ဆန်တာကိုတွေ့ရပါတယ်။
Gaming Performance အတွက် GP78 HX 13VH ကို ဂိမ်း ၁၃မျိုးနဲ့စမ်းသပ်ထားပါတယ် အများစုက AAA Titles တွေဖြစ်ပြီး resolution ကိုလည်း 1200P နဲ့ 1600P မှာပါစမ်းသပ်ပေးပါတယ်။ ဒီ laptop မှာတပ်ဆင်ထားတဲ့ RTX 4080 ဟာ VRAM 12GB ပါဝင်သလို 170W အထိပါဝါပေးနိုင်ပြီး စွမ်းအားကောင်းမွန်လှပါတယ်။
ဒါတင်မက RT Cores တွေလည်းပါတဲ့အတွက် အချို့ဂိမ်းတွေကို Ray Tracing Ultra setting မှာ 1200P နဲ့ 1600P Resolution တွေထားကာ စမ်းသပ်ထားပါတယ်။ စမ်းသပ်ကြည့်တဲ့အခါ ဂိမ်းအများစုကို 1600P Ultra Setting မှာ 120 FPS လောက်မှာကစားနိုင်ပြီး အချို့ဂိမ်းတွေကို 160FPS ဝန်းကျင်အထိရတာကိုတွေ့ရပါတယ်။ 1200P Ultra Setting မှာဆိုရင် 160FPS ဝန်းကျင်အထိရနိုင်တာကိုတွေ့ရပါတယ်။
Cyberpunk 2077 ဂိမ်းကို 1600P Ultra Setting မှာ graphics အရမ်းစားပါတယ်ဆိုတဲ့ Path Tracing ကိုဖွင့်ထားချိန် 20 FPS ဝန်းကျင်သာရနိုင်တာကိုတွေ့ရပြီး frame generation အကူအညီနဲ့ဆို 65 FPS ဝန်းကျင်မှာ အထိကစားနိုင်လာပါတယ်။ ဒီအတွက် Night City ရဲ့အလှအပကို Path Tracing ဖွင့်ပြီး ခံစားနိုင်မှာဖြစ်ပါတယ်။
တောင်းဆိုမှုမြင့်မားတဲ့ Microsoft Flight Simulator မှာဆိုရင် စမ်းနေကြအတိုင်း နယူးယောက်မြို့အပေါ် ဖြတ်သန်းစေရမှာ 1200P ရော 1600P Ultra setting မှာပါ 35 FPS ဝန်းကျင်သာရခဲ့ပါတယ်။ ဒါပေမယ့် frame generation ကိုသာ ဖွင့်ကစားမယ်ဆိုရင် 75 FPS လောက်ရလာတာမို့ ကစားရတာ အတော်လေးကောင်းမွန်လာတာကို တွေ့ရပါတယ်။
Ratchet & Clank: Rift Apart မှာဆိုရင် Ray Tracing ကို ultra တင်ကစားရင် 1600P resolution မှာ 38 FPS ရရှိပြီး DLSS Quality နဲ့ Frame Generation နည်းပညာတို့ ပေါင်းစပ်လိုက်တဲ့အခါ 82 FPS လောက်အထိ ကစားလို့ရလာပါတယ်။ မြန်ဆန်တဲ့ PCIE Gen 4 SSD က ကြောင့် warp လုပ်တဲ့အခန်းတွေမှာ ချောမွေ့ရှိတာကိုလည်း တွေ့ရပါတယ်။
စွမ်းအားကောင်းလှတဲ့ Hardware တွေကြောင့် 90WHr ဘက်ထရီက အသုံးမခံလှပဲ Audio Level and Brightness 50% နဲ့ Power Balanced Mode မှာ Netflix ကြည့်တာ ၄နာရီဝန်းကျင်လောက်သာ ကြည့်နိုင်တာကိုတွေ့ရပါတယ်။ ဂိမ်းဆော့ကြည့်တာတစ်နာရီကျော်သာရပါတယ်။ ဘက်ထရီသက်တမ်းက အတော်နည်းတယ်လို့ဆိုနိုင်ပေမယ့် တပ်ဆင်ထားတဲ့ CPU/GPU တွေကြောင့် ကျွန်တော့်အနေနဲ့ မထူးဆန်းဘူးလို့ပဲမြင်ပါတယ်။ အားပြန်သွင်းရင်လည်း ၄နာရီလောက်ကြာတာကိုတွေ့ရပြီး အရင် laptopတွေထက် အားသွင်းချိန်သိသိသာသာပိုကြာပါတယ်။
Temperatures and Noise
Vector GP78 HX 13VH မှာသုံးထားတာက Core i9-13980HX CPU နဲ့ RTX 4080 ဖြစ်လို့ အပူထွက်ရှိမှုများပြားပါတယ်။ ဒီအပူတွေကိုကောင်းကောင်းစွန့်ထုတ်ပေးနိုင်ဖို့ Cooler Boost 5 လို့အမည်ပေးထားတဲ့ သူ့ရဲ့Cooling System မှာ Heat Pipe ၆ချောင်း ပါဝင်ပြီး GPU Cooling အတွက် Fan ၁ခုနဲ့ CPU Cooling အတွက် fan ၁ခုကိုထည့်ပေးထားပါတယ်။
ဂိမ်းကစားတဲ့အခါ Fan ကို Auto Mode မှာထားကစားရင် အများဆုံး CPUက 94°C နဲ့ GPU က 90°C လောက်အထိတက်လာပြီး Cooler Boost သုံးပြီးကစားမယ်ဆိုရင် CPU က 92°C နဲ့ GPU က 80°C လောက်သာရှိတော့တာပါ။ အသေးစိတ်ကိုပုံမှာပြထားပါတယ်။
ဆူညံမှုဘက်ကိုပြောရရင် Vector GP78 HX 13VH ဟာ ရဲ့ fanဟာ ရိုးရိုးအခြေအနေမှာတင် fan အသံကိုကြားနေရပြီး load နည်းနည်းများလာတာနဲ့ fan အသံပိုကျယ်လာပါတယ်။ အပူပိုစွန့်ထုတ်နိုင်အောင် Cooler Boost ကိုဖွင့်သုံးမယ် အသံပိုကျယ်လာမှာဖြစ်ပါတယ်။ ဒါပေမဲ့ MSI Center မှာ AI Engine ပါတဲ့အတွက် အပူချိန်အပေါ်မူတည်ပြီး fan ကို အတိုးအလျော့လုပ်ပေးနိုင်တဲ့အတွက် အသံသိပ်မဆူအောင် စီစဥ်ထားနိုင်ပါတယ်။
Clock Speed and Power Draw
Core i9-13980HXရဲ့ Clock Speed တွေက အချို့သော Benchmark တွေမှာဆို Single Core မှာ P-Cores ဟာ 5.2GHz အထိရပြီး ဂိမ်းဆော့နေချိန်မှာဆို 4.3GHzအထိရပါတယ်။ Multi Core Rendering လုပ်ချိန်မှာ မှာတော့ P-Cores တွေဟာ 4.4GHz နဲ့ E-cores တွေဟာ 3.6GHz အထိတွန်းပေးတာ တွေ့ရပါတယ်။
ပါဝါသုံးစွဲမှုအနေနဲ့ CPU ဟာ Single Core load မှာ 35W လောက်အထိသုံးတာ တွေ့ရပါတယ်။ Multi Core CPU Rendering လုပ်နေချိန်မှာ CPU ဟာ 180W အထိသုံးနေပြီး တစ်ခါတရံမှာ 193W အထိ တစ်ချက်တစ်ချက် boost ပေးသွားတာတွေ့ရပါတယ်။ GPU ကတော့ ဂိမ်းကစားတဲ့အချိန်ဆိုရင် 170W မှာတည်တည်ငြိမ်ငြိမ်ထိန်းထားနိုင်တာကိုတွေ့ရပြီး CPU က 80W လောက်သုံးတာတွေ့ရပါတယ်။ GPU ကိုအရမ်းအသားပေးတဲ့ workload တွေမှာလည်း GPU က 170W ရှိပြီး CPU ကတော့ 15W လောက်ပဲစားပါတယ်။
The Good
- Most Powerful Mobile CPU
- Very Powerful RTX 4080 GPU
- Solid Build Quality
- Color Accurate Screen with 240Hz
- Good IO ports
- Good for Creative Application
The Bad
- Pricy
- Not Portable
- Noisy Fan
- Slow Charging Time
Conclusion
အချုပ်ဆိုရရင် MSI Vector GP78 HX ဟာ စွမ်းအားကကောင်းမွန်လှတဲ့ hardware တွေနဲ့ တည်ဆောက်ထားပြီး Creator နဲ့ ဂိမ်းမာတွေအတွက် Desktop တစ်ခုလို စွမ်းဆောင်ရည်ကို ပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ ဈေးနှုန်းက $2999 ရှိပြီးမြန်မာငွေနဲ့ဆိုရင် သိန်းတစ်ရာဝန်းကျင်လောက်ဖြစ်နေတာမို့ ဒီဈေးနဲ့ဆို desktop ကောင်းကောင်းတစ်စုံဆင်လို့ရတဲ့အတွက် လူတိုင်းနဲ့သင့်တော်မှာမဟုတ်ပါဘူး။ ဒါ့အပြင် သူ့ရဲ့အလေးချိန်ကလည်း 3Kg အပြင် ကြီးမားလှတဲ့ adaptor ကြောင့် သယ်သွားသယ်လာလုပ်ဖို့လည်း အဆင်ပြေမှာမဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် MSI Vector GP78 HX ဟာ လက်ရှိမှာ စျေးကွက်ထဲ စွမ်းဆောင်ရည်အကောင်းဆုံး gaming laptop တွေထဲက တစ်ခုအဖြစ်ရှိနေမှာပါ။ မိမိအနေနဲ့ ငွေအများကြီးတတ်နိုင်တယ် ဒါ့ပေမယ့် desktop သုံးဖို့ နေရာမရှိလို့အဆင်မပြေဘူး ဒါပေမယ့် desktop တစ်ခုလိုစွမ်းအားကောင်းတဲ့ laptop ကိုမှ ရှာနေတဲ့သူတွေအဖို့ MSI Vector GP78 HX ဟာ ရွေးချယ်စရာတစ်ခုအဖြစ်ရှိနေမှာသေချာပါတယ်။
ကျနော့်အနေနဲ့ တစ်ခုတောင်းဆိုလိုတာက ဒီလို Review တွေအတွက် ကျနော့်မှာနာရီပေါင်းများစွာ စမ်းသပ်ထားရပါတယ်။ ဒီလို review တွေရေးပြီးချိန်မှာ မိတ်ဆွေတို့ရဲ့ Like တစ်ချက် Share တစ်ခုဟာ နောက်စာတွေဆက်ရေးဖို့ကျနော့်ကိုများစွာအားတက်စေတာမို့ သဘောကျနှစ်သက်တယ်ဆိုလို့ရှိရင် Page လေးကို Like and Share လုပ်ပေးခြင်းဖြင့်ကူညီပါလို့တောင်းဆိုလိုက်ပါတယ်။ ကျနော့်ကို Review Unit ပေးတဲ့ MSI Gaming ကိုလည်းအထူးကျေးဇူးတင်ပါတယ်။
#EnThueTech
#Review
#Gaming #Laptop
#MSI #Vector #GP78 HX 13VH #RTX4080
0 Comments