Subscribe Us

header ads

ကမ္ဘာ့တန်ဖိုးအရှိဆုံး အများပိုင်ကုမ္ပဏီဖြစ်လာသည့် NVIDIA

Image: NVIDIA

NVIDIA ဟာ ဂရပ်ဖစ်ကဒ်ဖန်တီးသူအဖြစ် ဂိမ်းကစားသူတွေအကြား ကာလရှည်ကြာလူသိများတဲ့ ကုမ္ပဏီဖြစ်ခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ ကမ္ဘာ့တန်ဖိုးအရှိဆုံး အများပိုင်ကုမ္ပဏီအဖြစ် ရပ်တည်နေပါပြီ။

အင်္ဂါနေ့မှာ NVIDIA ရဲ့ ရှယ်ယာတွေဟာ ၃.၆ ရာခိုင်နှုန်းမြင့်တက်လာခဲ့တဲ့အတွက် ကုမ္ပဏီရဲ့ဈေးကွက်တန်ဖိုးဟာ ဒေါ်လာ ၃.၃၃၄ ထရီလီယံအထိမြင့်တက်လာခဲ့ကာ Microsoft ကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီလ အစောပိုင်းမှာတင် Nvidia ဟာ ပထမဆုံးအကြိမ်အဖြစ် တန်ကြေး ဒေါ်လာ ၃ထရီလီယံကို ကျော်လွန်ခဲ့ကာ Apple ကိုလည်း ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ယခုနှစ်မှာ NVIDIAရှယ်ယာတွေ ၁၇၀ ရာခိုင်နှုန်းထက်မနည်း တက်လာပြီး၊ မေလမှာ ပထမသုံးလပတ် အတွက် အမြတ်အစွန်းကို ကြေညာခဲ့တဲ့အချိန်မှာလည်း ထပ်မံတိုးတက်လာခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်အဆုံးမှာ Generative AI ထွက်ပေါ်လာပြီးနောက် ရှယ်ယာတစ်ခုစီဟာ တန်ဖိုးကိုးဆတိုးတက်လာခဲ့ပါတယ်။
အင်္ဂါနေ့မှာ Apple ရှယ်ယာတွေ ၁.၁ရာခိုင်နှုန်း ကျဆင်းပြီး iPhone ဖန်တီးသူရဲ့ ဈေးကွက်တန်ဖိုးဟာ ဒေါ်လာ ၃.၂၉ ထရီလီယံ ဖြစ်နေပါပြီ။

NVIDIA ဟာ AI ချစ်ပ်ဈေးကွက်ရဲ့ ၈၀ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားပြီး OpenAI၊ Microsoft၊ Alphabet၊ Amazonနဲ့ Meta တို့က အရှိန်အဟုန်နဲ့ တိုးတက်ကြီးထွားလာနေတဲ့ AI models တွေနဲ့ ကြီးမားတဲ့ workload တွေဆောင်ရွက်ရာမှာ အသုံးပြုဖို့အတွက် လိုအပ်တဲ့ processors တွေရရှိဖို့ အပြိုင်အဆိုင်ကြိုးပမ်း‌နေကြတာပါ။

နောက်ဆုံးသုံးလပတ်အတွင်းမှာ NVIDIA ရဲ့ data center စီးပွားရေးက မနှစ်ကနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၄၂၇ရာခိုင်နှုန်း တိုးလာပြီး ဒေါ်လာ၂၂.၆ ဘီလီယံ ရရှိခဲ့ပါတယ်။ ဒါဟာ ကုမ္ပဏီရဲ့ စုစုပေါင်းအရောင်းစာရင်းရဲ့ ၈၆% ဖြစ်ပါတယ်။

၁၉၉၁ ခုနှစ်ကတည်းက စတင်ထူထောင်ခဲ့တဲ့ NVIDIA ဟာ သူ့ရဲ့ အစောဆုံးဆယ်စုနှစ်တွေအတွင်း ဂိမ်းကစားသူတွေ 3D ဂိမ်းတွေကစားရာမှာလိုအပ်တဲ့ ချစ်ပ်တွေရောင်းချတဲ့ hardware companyတစ်ခုအဖြစ်သာရပ်တည်ခဲ့ပါတယ်။ သူတို့ဟာ cryptocurrency အတွက် mining ချစ်ပ်တွေနဲ့ လစဉ်ကြေးပေးသွင်းရတဲ့ cloud gaming ဝန်ဆောင်မှုလုပ်ငန်းတွေကိုလည်း စမ်းသပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂နှစ်အတွင်း NVIDIA ရှယ်ယာတွေဟာ မိုးထိုးသလိုတိုးတက်လာပြီး Wall Street ကလည်း AI ခေတ်စားလာတဲ့နောက်ကွယ်က Nvidia ရဲ့ နည်းပညာ‌ကို အသိအမှတ်ပြုလာခဲ့ပါတယ်။ ဒီလိုရှယ်ယာတွေတန်ဖိုးတပ်လာခြင်းက co-founder နဲ့ CEO ဖြစ်သူ Jensen Huang ရဲ့ ကိုယ်ပိုင်အကျိုးအမြတ်ကို ဒေါ်လာ၁၁၇ ဘီလီယံ ဖြစ်လာစေပြီး Forbes ရဲ့ အချက်အလက်တွေအရ ၁၁ ယောက်မြောက် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာစေပါတယ်။

Microsoft ရှယ်ယာတွေကလည်း ဒီနှစ်မှာ ၂၀ရာခိုင်နှုန်းထက်မနည်း တက်လာပါတယ်။ AI ရေပန်းစားလာခြင်းက Microsoft ကိုလည်း အကျိုးများစွာဖြစ်ထွန်းစေပြီး OpenAI ထဲမှာ အများကြီး ရင်းနှီးမြှုပ်နှံခဲ့တာအပြင် သူ့ရဲ့ အရေးကြီးတဲ့ ထုတ်ကုန်တွေ Office နဲ့ Windows ထဲမှာ AI models တွေ ထည့်သွင်းပါဝင်စေခဲ့ပါတယ်။ Microsoft ဟာ NVIDIA ရဲ့ graphics processing units (GPUs) အများဆုံး ဝယ်သူတွေထဲကတစ်ခုဖြစ်ပြီး သူ့ရဲ့ Azure cloud service အတွက် အသုံးပြုနေတာဖြစ်ပါတယ်။ ကုမ္ပဏီက Copilot+ လို့ခေါ်တဲ့ သူ့ရဲ့ AI models တွေကို အသုံးပြုတဲ့ မျိုးဆက်သစ် laptop တွေကို ထုတ်လုပ်ထားပါတယ်။

NVIDIAဟာ အသစ်စက်စက်တန်ဖိုးအရှိဆုံး အများပိုင်ကုမ္ပဏီအဖြစ် ရောက်လာရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာတော့ Apple နဲ့ Microsoft တို့က တန်ဖိုးအရှိဆုံး အများပိုင်ကုမ္ပဏီတွေရဲ့နေရာကို ဦး‌ဆောင်နေခဲ့ကြတာပါ။

NVIDIA ရဲ့ တန်ဖိုးမြင့်တက်လာပုံဟာ အလွန်မြန်ဆန်လှတာကြောင့် တန်ကြေးအမြင့်ဆုံး အမေရိကန်ကုမ္ပဏီ ၃၀ရဲ့ စတော့ကိုတိုင်းတာနေတဲ့ Dow Jones Industrial Average (DJIA) မှာတောင်မှ မထည့်သွင်းရသေးပါဘူး။ Nvidia ဟာ ရှယ်ယာတွေကို ၁ ခုကနေ ၁၀ခုအဖြစ် stock split လုပ်သွားဖို့ ပြောကြားခဲ့ပြီး ဇွန်လ ၇ ရက်နေ့မှာ စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။ 

Source: CNBC

Post a Comment

0 Comments