Image: Ubitium |
Semiconductor ကဏ္ဍမှာ processor အမျိုးအစားစုံထုတ်လုပ်နေကြပေမယ့် RISC-V နည်းပညာလုပ်ငန်းတစ်ခုဖြစ်တဲ့ Ubitium က architecture တစ်ခုတည်းနဲ့ အားလုံးကိုထိန်းချုပ်နိုင်မယ့် Universal Processor တီထွင်နေတယ်လို့ ဆိုပါတယ်။
Image: Ubitium |
Ubitium ရဲ့ CEO ဖြစ်သူ Hyun Shin Cho က “ကျွန်တော်တို့ရဲ့ Universal Processor ဟာ CPU, GPU, DSP, FPGA တွေရဲ့ လုပ်ဆောင်ချက်အားလုံးကို ချစ်ပ်တစ်ခုထဲမှာတွဲစပ်ထားပါတယ်။ ဒါဟာ အဆင့်မြှင့်တင်ထားတဲ့ သာမန်နည်းပညာ မဟုတ်ဘဲ အပြောင်းအလဲကြီးတစ်ခုပါ။ AI ခေတ်မှာ ဒီလို processor architecture လိုအပ်ပါတယ်” လို့ ဆိုပါတယ်။
Ubitium ရဲ့ Universal Processor ဟာ CPU မှာ အသုံးပြုတဲ့ RISC-V architecture ကိုအခြေခံထားပါတယ်။ ဒါပေမယ့် နာမည်ကျော်ချစ်ပ်ထုတ်လုပ်ရေးကုမ္ပဏီတွေဖြစ်တဲ့ AMD, Intel, Nvidia, Texas Instruments က တီထွင်ထားတဲ့ ချစ်ပ်လို သီးခြားဖြစ်တဲ့ CPU နဲ့ GPU ကိုပေါင်းစပ်ထားတာမဟုတ်ပါဘူး။ Ubitium ကသူတို့ရဲ့ ချစ်ပ်ဟာ CPU နဲ့ GPU ဆိုပြီး အထူးဖန်တီးထားတဲ့ “specialized cores” တွေမလိုအပ်ဘဲ ချစ်ပ်ထဲက transistor အားလုံးကို အသုံးချနိုင်တဲ့ပုံစံဖြစ်ပါတယ်။
သဘောတရားအရ Ubitium ရဲ့ RISC-V processor ဟာ function ပြောင်းလဲနိုင်စေဖို့ ပရိုဂရမ်ပြန်ရေးနိုင်တဲ့ FPGA (Field-Programmable Gate Array) တစ်ခုလိုပုံပေါ်ပါတယ်။ အချို့က hardware emulation လို့လည်း ခေါ်ကြပါတယ်။ ဒါပေမယ့် FPGA တွေအနေနဲ့ သီးခြားဖန်တီးထားတဲ့ ချစ်ပ်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် performance, efficiency, နဲ့ value ကဏ္ဍတွေမှာ အားနည်းကြပေမယ့် ဒီ Universal Processor ကတော့ ပိုမိုသေးငယ်ကာ စွမ်းအင်သုံးစွဲမှုလျော့နည်းပြီး သိသိသာသာစျေးနှုန်းသက်သာမယ" လို့ဆိုပါတယ်။
Ubitium ရဲ့ Universal Processor ကို နောက်ကွယ်ကနေဖန်တီးသူတွေဟာ Intel၊ Nvidia နဲ့ Texas Instruments လို ဆီမီးကွန်ဒတ်တာကုမ္ပဏီကြီးတွေသာမက FPGAs နဲ့ parallel computing အသားပေးတဲ့ PACT XPP Technologies လိုကုမ္ပဏီတွေမှာ လုပ်ကိုင်ခဲ့သူတွေဖြစ်ကြပါတယ်။ Ubitium ရဲ့ အဖွဲ့သားတွေမှာ ဒီလိုအရည်အချင်းနဲ့ အတွေ့အကြုံတွေရှိတယ်ဆိုပေမယ့် ရံပုံငွေ အများအပြား မရရှိသေးပါဘူး။
ခုချိန်ထိ ကုမ္ပဏီဘက်က prototype တွေ ဖန်တီးဖို့နဲ့ development kit တွေ တည်ဆောက်ဖို့အတွက် ဒေါ်လာ ၃.၇ သန်း စုဆောင်းထားနိုင်ပြီး ၂၀၂၆ခုနှစ်ထဲမှာ ချစ်ပ်ကို စတင်မိတ်ဆက်ဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် chip တစ်ခုကို အပြည့်အဝဖန်တီးဖို့ အနည်းဆုံး ဒေါ်လာသန်းရာနဲ့ချီ လိုအပ်နိုင်ပြီး ချစ်ပ်ကို မိတ်ဆက်ဖို့အတွက် ပိုမိုကြီးမားတဲ့ ငွေကြေးပံ့ပိုးမှု လိုအပ်မှာသေချာပါတယ်။
ဒါ့အပြင် Ubitium ဟာ Universal Processor တစ်ခုတည်းကိုဖန်တီးနေတာမဟုတ်ဘဲ embedded device တွေအတွက်ချစ်ပ်တွေကနေ အမြင့်ဆုံးစွမ်းဆောင်ရည်ရှိတဲ့ computing system တွေအထိ အသုံးချနိုင်မယ့် chip မျိုးစုံကို ဖန်တီးဖို့ရာ ကြိုးပမ်းနေပါတယ်။
၂၀၂၄ ခုနှစ်မှာ ဘဏ္ဍာငွေ အနည်းငယ်နဲ့ Semiconductor စက်မှုလုပ်ငန်းကို ပြောင်းလဲစေမယ်ဆိုတဲ့ အဆိုပြုချက်တွေနဲ့ ထွက်ပေါ်လာတဲ့ chip startup က Ubitium တစ်ခုတည်းမဟုတ်ပါဘူး။ ဒီနှစ်အစပိုင်းမှာလည်း Flow Computing ဆိုတဲ့လုပ်ငန်းတစ်ခုက Parallel Processing Unit (PPU) လို့ခေါ်တဲ့ Processor တစ်မျိုးကို ဖန်တီးနေပြီး software ပြန်ရေးသားမယ်ဆိုရင် CPU လုပ်ဆောင်နိုင်စွမ်းကို အဆတစ်တစ်ရာမြှင့်တင်နိုင်မယ်လို့ ကြေညာခဲ့ပါတယ်။ သို့သော် Flow ရဲ့ PPU ကို ကြည့်လိုက်ရင် GPU နဲ့ဆင်တူနေသလို၊ Ubitium ရဲ့ Universal Processor ကိုကြည့်လိုက်ရင်လည်း FPGA နဲ့ဆင်တူနေပါတယ်။
Source: Tom's Hardware
0 Comments