![]() |
Created with Google Image FX AI |
အားပြန်သွင်းနိုင်တဲ့ ဘက်ထရီတွေဟာ ယနေ့ခေတ်မှာ မရှိမဖြစ် အသုံးအဆောင်ပစ္စည်းတွေ ဖြစ်လာတာကြောင့် ခရီးသည်လေယာဉ်တစ်စင်းမှာ ပျမ်းမျှ ဘက်ထရီရာပေါင်းများစွာ သယ်ဆောင်ရလေ့ရှိပါတယ်။ ဒါပေမဲ့ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေအရ ပြင်းထန်တဲ့ အခြေအနေတွေနဲ့ ထိတွေ့တဲ့အခါ ဘက်ထရီတွေဟာ အန္တရာယ်ကြီးမားကြောင်း ထင်ရှားလာခဲ့ပါတယ်။ လေကြောင်းလိုင်းတွေအနေနဲ့ ဒီကိစ္စကို ပိုမိုအာရုံစိုက်လာပေမဲ့ ဘုံစံနှုန်းသတ်မှတ်ချက်တွေ သဘောတူညီမှု မရသေးတာကြောင့် နိုင်ငံတကာခရီးစဉ်တွေ ပုံမှန်သွားလာလေ့ရှိတဲ့ ခရီးသည်တွေအဖို့ ရှုပ်ထွေးပွေလီတဲ့ အခြေအနေတစ်ခု ဖြစ်စေပါတယ်။
တောင်ကိုရီးယားမှာ လေယာဉ်တစ်စင်း မီးလောင်ပျက်စီးခဲ့ပြီးနောက် အာရှနိုင်ငံအများအပြားက လေကြောင်းလိုင်းတွေဟာ အားပြန်သွင်းနိုင်တဲ့ ဘက်ထရီတွေနဲ့ ပတ်သက်ပြီး စည်းမျဉ်းအသစ်တွေ ထုတ်ပြန်ခဲ့ပါတယ်။ လေကြောင်းလိုင်းတစ်ခုစီရဲ့ တုံ့ပြန်မှုတွေ မတူညီတာကြောင့် တူညီတဲ့ စံနှုန်းတွေ မရှိသေးတာကို ပေါ်လွင်စေပါတယ်။
မတ်လ ၁ ရက်နေ့ကစပြီး တောင်ကိုရီးယားလေကြောင်းလိုင်းအားလုံးမှာ ခရီးသည်တွေအနေနဲ့ Power Bank တွေနဲ့ အီလက်ထရောနစ်စီးကရက်တွေကို သူတို့နဲ့အတူ ယူဆောင်သွားဖို့နဲ့ လေယာဉ်ပေါ်က ခရီးဆောင်အိတ်ထားသိုရာအခန်းတွေထဲမှာ မထားဖို့ တောင်းဆိုထားပါတယ်။ ဒါ့အပြင် ခရီးသည်တွေဟာ ဘက်ထရီတွေကို ပလတ်စတစ်အကြည်အိတ်တွေထဲမှာ ထည့်ပြီး သယ်ဆောင်ရမှာဖြစ်ပြီး လေယာဉ်ပေါ်မှာ ဘက်ထရီအားသွင်းခွင့်မရှိသလို သယ်ဆောင်နိုင်တဲ့ ဘက်ထရီအရေအတွက်ကိုလည်း 100Wh ဘက်ထရီ ငါးလုံးအထိ ကန့်သတ်ထားကာ 160Wh ထက်ကျော်လွန်တဲ့ ဘက်ထရီတွေကိုတော့ သယ်ဆောင်ခွင့်ပြုမှာ မဟုတ်ပါဘူး။
ဒီပြောင်းလဲမှုတွေဟာ ဇန်နဝါရီလတုန်းက တောင်ကိုးရီးယားနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ Air Busan လေယာဉ်တစ်စင်း မီးလောင်ပျက်စီးခဲ့တဲ့ ဖြစ်ရပ်ကြောင့် အများပြည်သူရဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ အဆိုပါဖြစ်ရပ်မှာ ခရီးသည် ၁၇၀ ဦးစလုံး ဘေးကင်းစွာ ထွက်ခွာနိုင်ခဲ့ပေမဲ့ လေယာဉ်ကတော့ လုံးဝပျက်စီးခဲ့ပါတယ်။ BBC သတင်းအရ သောကြာနေ့မှာ တောင်ကိုရီးယား ပို့ဆောင်ရေးဝန်ကြီးဌာနက ကြားဖြတ်စုံစမ်းစစ်ဆေးမှုရလဒ်တွေအရ မီးလောင်မှုဟာ Power Bank ဘက်ထရီအတွင်းက လျှပ်ကာတွေ ပျက်စီးသွားလို့ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
ယနေ့ခေတ်မှာ ခရီးသွားအများစုဟာ အီလက်ထရောနစ်ပစ္စည်းတစ်ခု အနည်းဆုံး သယ်ဆောင်ကြတာကြောင့် လေကြောင်းခရီးစဉ်တွေမှာ ပြန်လည်အားသွင်းနိုင်တဲ့ ဘက်ထရီတွေ ရာပေါင်းများစွာ ပါဝင်လေ့ရှိပါတယ်။ ချို့ယွင်းချက်ရှိတဲ့ ဒါမှမဟုတ် ကွဲအက်နေတဲ့ ဘက်ထရီတစ်လုံးတည်းတင် မီးခိုး ဒါမှမဟုတ် မီးလောင်မှုကို ဖြစ်စေနိုင်ပြီး လေယာဉ်တစ်စင်းလုံးကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ လေယာဉ်ဟာ မြေပြင်ပေါ်မှာသာ ရှိနေချိန်ဆိုရင်တော့ ခရီးသည်တွေအနေနဲ့ လေယာဉ်ကနေ ထွက်ခွာဖို့ လွယ်ကူနိုင်ပေမဲ့ လေယာဉ်ပျံသန်းနေစဉ်မှာတော့ လေယာဉ်အမှုထမ်းတွေအနေနဲ့ မီးငြှိမ်းသတ်တာတွေ၊ ဘက်ထရီပေါ်ကို မီးငြှိမ်းစေတဲ့ အရည်တွေဖြန်းတာတွေနဲ့ ဘူးတွေထဲမှာ အလုံပိတ်သိမ်းဆည်းတာမျိုးတွေနဲ့ တုံ့ပြန်ရလေ့ရှိပါတယ်။
တောင်ကိုရီးယားရဲ့ စည်းမျဉ်းအသစ်တွေ စတင်အသက်ဝင်တဲ့နေ့မှာပဲ ထိုင်ဝမ်လေကြောင်းလိုင်းတွေဖြစ်တဲ့ EVA Air နဲ့ China Airlines တို့က သူတို့လေယာဉ်တွေပေါ်မှာ ပါဝါဘဏ်တွေကို ပိတ်ပင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဘက်ထရီတွေကို ခရီးဆောင်အိတ်ထားသိုရာအခန်းတွေထဲမှာတော့ ခွင့်ပြုထားဆဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက လေကြောင်းလိုင်းဖြစ်တဲ့ Thai Airways ကလည်း မတ်လ ၁၅ ရက်နေ့ကစပြီး Power Bank တွေကို ပိတ်ပင်သွားမှာဖြစ်သလို စင်ကာပူလေကြောင်းလိုင်း Singapore Airlines နဲ့ သူ့ရဲ့ ဘက်ဂျက်လက်ခွဲ အဲလိုင်းတစ်ခုဖြစ်တဲ့ Scoot ကလည်း ဧပြီလ ၁ရက်နေ့ကစပြီး သူတို့ရဲ့ လေကြောင်းခရီးစဉ်တွေမှာ Power Bank တွေ အသုံးပြုတာနဲ့ အားသွင်းတာတွေကို ပိတ်ပင်သွားတော့မှာ ဖြစ်ပါတယ်။
အားပြန်သွင်းနိုင်တဲ့ ဘက်ထရီတွေဟာ လေယာဉ်တွေပေါ်မှာ နှစ်ပေါင်းများစွာ အသုံးများနေပေမဲ့ သူတို့နဲ့ပတ်သက်တဲ့ ဖြစ်ရပ်တွေကတော့ ပိုမိုဖြစ်ပွားလာပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လက ဆန်ဖရန်စစ္စကိုမှာ အမေရိကန်လေကြောင်းလိုင်းရဲ့ ခရီးစဉ်တစ်ခုမှာ လက်ပ်တော့တစ်လုံးက မီးလောင်ခဲ့တာကြောင့် ခရီးသည်တွေအနေနဲ့ လေယာဉ်ကို စွန့်ခွာခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိမှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။
လေယာဉ်ပေါ်က လက်ပ်တော့တွေကို လက်ဆွဲအိတ်တွေထဲမှာသာ ကန့်သတ်ထားပြီး ဘက်ထရီအရွယ်အစားကိုလည်း 100Wh ထက်မကျော်လွန်စေရတာမို့ လက်ပ်တော့ထုတ်လုပ်ရေးကိုပါ သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။ လစ်သီယမ်အိုင်းယွန်းဘက်ထရီတွေကို ခရီးသည်လေယာဉ်ကုန်တင်ခန်းတွေထဲမှာလည်း ကြာမြင့်စွာ ပိတ်ပင်ထားတာဖြစ်ပြီး ကုန်တင်လေယာဉ်တွေပေါ်မှာဆိုရင်လည်း ၃၀ ရာခိုင်နှုန်းအောက်သာ အားသွင်းထားရမှာ ဖြစ်ပါတယ်။
Source: BBC and TechSpot
0 Comments