![]() |
Image: Microsoft |
Ray Tracing နည်းပညာဟာ ထိပ်တန်းဂိမ်းတွေမှာ အမြင်အာရုံကို ပိုမိုလက်တွေ့အောင်ဖန်တီးနိုင်စေပေမယ့် PC စွမ်းဆောင်ရည်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါဟာ နှစ်ပေါင်းများစွာကတည်းက ဂိမ်းကစားသူတွေအတွက် အခက်အခဲတစ်ခုဖြစ်ခဲ့ပေမယ့် အခုဆိုရင် Microsoft က ray tracing စွမ်းဆောင်ရည်ကို သိသိသာသာ တိုးတက်စေမယ့် DirectX Raytracing 1.2 ကို မိတ်ဆက်လိုက်တာကြောင့် ဒီအခက်အခဲကို ကျော်လွှားဖို့ ပိုပြီးနီးစပ်လာပါပြီ။
DirectX ဆိုတာ သင့် Windows PC ရဲ့ multimediaကို ကိုင်တွယ်ပေးတဲ့ အခြေခံ API တွေဖြစ်ပြီး 3D ဂရပ်ဖစ်နဲ့ ဗီဒီယိုအတွက် အထူးဒီဇိုင်းထုတ်ထားတဲ့ အပိုင်းလည်းပါဝင်ပါတယ်။ Microsoft က ဒီနည်းပညာအသစ်ကို တီထွင်နေပေမဲ့ GPU ထုတ်လုပ်သူတွေရဲ့ အထောက်အပံ့လည်း လိုအပ်ပါတယ်။ Nvidia ကတော့ သူတို့ရဲ့ GeForce RTX GPU တွေမှာ DirectX Raytracing 1.2 ကို အထောက်အပံ့ပေးမယ်လို့ ကတိပြုထားပါတယ်။ Microsoft က AMD၊ Intel နဲ့ Qualcomm တို့လို တခြား ရောင်းချသူတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်။
Microsoft က ray tracing စွမ်းဆောင်ရည်ကို တိုးတက်စေဖို့ opacity micromaps နဲ့ shader execution reordering ဆိုတဲ့နည်းပညာနှစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ opacity micromaps ထည့်ခြင်းက path အခြေခံ ဂိမ်းတွေမှာ စွမ်းဆောင်ရည်ကို ၂.၃ ဆအထိ တိုးတက်စေနိုင်ပြီး shader execution reordering ကတော့ အချို့အခြေအနေတွေမှာ စွမ်းဆောင်ရည်ကို ၂ဆ တိုးမြှင့်ပေးနိုင်တယ်လို့ ဆိုပါတယ်။
Real-time path tracing ကို ပိုကောင်းအောင် လုပ်ဖို့ neural block texture compression နဲ့ neural supersampling လို နည်းပညာတွေကို အသုံးပြုပြီး ပိုပြီး လက်တွေ့ကျတဲ့ ရုပ်ထွက်ရရှိဖို့ Microsoft က GPU ရောင်းချသူတွေနဲ့ အတူတကွ လုပ်ဆောင်နေပါတယ်။
DirectX Raytracing 1.2 ကို ဧပြီလမှာ Preview Software Development Kit အဖြစ် ဖြန့်ချီမှာဖြစ်ပြီး နောက်ပိုင်းမှာ ပိုမိုပြည့်စုံစွာ အသုံးပြုနိုင်ဖို့ လမ်းဖွင့်ပေးသွားမှာပါ။
Source: PCWorld
0 Comments