Subscribe Us

header ads

ROG STRIX FLARE Keyboard


ထိုင်ဝမ်အခြေစိုက် ကွန်ပျူတာနဲ့စပ်ဆက်ပစ္စည်းထုတ်လုပ်တဲ့ နည်းပညာကုမ္မဏီကြီး ASUS ရဲ့ Republic of Gamers(ROG) ဆိုတဲ့ sub-brand ဟာ ဂိမ်းကိုအရူးအမူးဖြစ်တဲ့သူတွေအတွက်ဖန်တီးခဲ့ခြင်းဖြစ်ပါတယ်။ သို့ပေမဲ့ ROG ပစ္စည်းတွေဟာ ဈေးနှုန်းကြီးမြင့်လှတာမို့ Asus ဟာ ROG Strix ဆိုပြီး ထပ်မံခွဲထုတ်လိုက်ပြန်ပါတယ်။ ပုံမှန် ROGမှာဆိုရင် တည်ဆောက်ပုံက ပိုပြီး Premium ဆန်တယ် Features စုံတယ်လို့ဆိုနိုင်ပြီး ဈေးကလဲ Premium ဆန်ဆန်ဈေးကြီးပါတယ်။ ROG Strix ကတော့ Hardcore Gamer တွေအတွက်ဖြစ်ပြီး premium ဆန်တာမျိုးထက် feature တွေစုံတယ် အချို့နေရာမှာ သုံးထားတဲ့ material ပြောင်းလဲသွားလို့ အနည်းငယ်ဈေးသက်သာသွားပေမဲ့ ROG တန်းဝင်ဖြစ်နေသေးတာမို့ အရည်အသွေးပိုင်းကတော့ ထိပ်တန်းစာရင်းဝင်ဖြစ်နေတုန်းပါပဲ။

Introduction 

ကဲ အခု ကီးဘုတ် review ဆိုတော့ ကီးဘုတ်တွေအကြောင်းပဲပြောရင်ဖြင့် ROG ဆိုတဲ့ line up မှာအမြင့်ဆုံး ဈေးအကြီးဆုံးက ROG Claymore ဖြစ်ပါတယ်။ ROG Claymore ထက်ဈေးသက်သာတာက ကျနော်အခုပြောပြပေးသွားမဲ့ ROG Strix Flare ဖြစ်ပြီး လက်ရှိမှာ 

ROG Strix Flare 
ROG Strix Flare Call of Duty - Black Ops 4 Edition 
ROG Strix Flare PNK LTD

ဆိုပြီး Edition၃မျိုးထုတ်ထားပါတယ်။ 

Mechanical Keyboard တစ်ခုဟာ ပုံမှန်အားဖြင့် အသုံးပြုထားတဲ့ Switch အမျိုးအစား၊ Mechanical Keyboardအရွယ်အစား(TK/TKL)၊ illuminated key ဖြစ်ခြင်းမဖြစ်ခြင်း၊ Per Key RGBဖြစ်ခြင်းမဖြစ်ခြင်း၊ Software Customizationရမရ၊ Mediaအတွက်သီးသန့်ခလုပ်ပါမပါ စတဲ့အချက်တွေအပေါ်မူတည်ပြီး ဈေးနှုန်းအနည်းအများကွာခြားလေ့ရှိပါတယ်။ 

ကျနော့်အနေနဲ့ Mechanical Keyboard တွေရဲ့ဈေးနှန်းကို ရှာဖွေကြည့်တဲ့အခါမှာ အထူးသဖြင့် Cherry MX Switch တွေသုံးထားပြီး RGB Perkey ရတဲ့ Full Size Mechanical keyboard တွေဆိုရင် ဈေးနှုန်းက $150 နဲ့အထက်မှာသာရှိနေလေ့ရှိတာကိုတွေ့ရပါတယ်။ $150 အောက် Full Size keyboard တွေဆိုရင် Switch တွေဟာ Cherry MX တွေအစား ဒုတိယတန်းစား Switch တွြေ့ဖစ်တဲ့ Kailh Switch တွေ သို့မဟုတ် ထုတ်လုပ်တဲ့ ကုမ္မဏီတွေရဲ့ ကိုယ်ပိုင်ဒီဇိုင်းထုတ်ထားတဲ့ ဥပမာ Logitech Romer G လိုSwitch တွေဖြစ်နေလေ့ရှိတာကိုတွေ့ရပါတယ်။

Unboxing 

ဘူးခွံကိုစဖွင့်လိုက်ချိန်မှာ Strix Flare ဟာ ROG တန်းဝင်မို့ သူရဲ့ုထုတ်ပိုးမှုပုံစံကအပျံစားပါပဲ အထဲက ROG Strix Flare ကီးဘုတ်ကို အတော်လေးသပ်ရပ်တဲ့ဘူးခွံရယ်၊ ကီးဘုတ်ကိုအုပ်ထားတဲ့အိတ်ရယ်၊ ROG stickers တွေရယ်၊ Quick Start Guideရယ်၊ Customized လုပ်လို့ရမဲ့ Badge လေးရယ်၊ လူတိုင်းဖတ်လေ့မရှိတဲ့ Noteလဲဝင်ပါတယ်။ 

ဒါပေမဲ့ Keycapတွေဖြုတ်ဖို့ Key cap puller လေးတော့ထည့်ပေးထားတာမတွေ့ရပါဘူး။ ဒါပေမဲ့ ROG keyboard တွေအတွက် extra keycap တွေနဲ့ keycap puller ကိုတော့ သီးသန့်ရောင်းတယ်လို့တော့သိရပါတယ်။

Specifications 

Switches: RGB Cherry MX Mechanical Switch

Switch Type: Blue Switch

Switch Lifecycle: 70-million keystrokes

Polling Rate: 1000 Hz

Macro Recording: On-the-fly recording Support

Dimensions: 454 x 155 x 31 mm

Weight: 1256 g

Price: $140

Design and Built Quality

Gaming Keyboard ဖြစ်တဲ့ ROG STRIX FLAREရဲ့ ပုံစံကိုပြောရရင် ကီးတွေဟာအပေါ်ကိုကြွတက်နေတဲ့ ပုံစံမဟုတ်ပဲအထဲမှာအနည်းငယ်မြုတ်ဝင်နေတဲ့ပုံစံဖြစ်ပါတယ်။ ကီးဘုတ်ဟာ ဈေးကြီးတဲ့ Claymore မှာလို metal မသုံးထားပဲ ပလက်စတစ်ကိုသာသုံးထားပေမဲ့ တောင့်တင်းမှုလဲရှိပါတယ်။ အရောင်က အနက်ရောင်ကိုမှ ပြောင်လက်မနေပဲ ROG Strix တွေရဲ့ထုံးစံအတိုင်း ညာဘက်ခြမ်းမှာ ဘေးစောင်းစတိုင် Metalic Brushပုံစံဖော်ထားတဲ့ Two Tone ဒီဇိုင်းနဲ့ဖြစ်ပါတယ်။ ကီးဘုတ်ရဲ့အထူက 35mm ပဲရှိပြီး 1.25Kg အလေးချိန်ရှိပါတယ်။ 


သူ့ရဲ့ တည်ဆောက်ပုံဟာ ရိုးရှင်းလှပတယ်လို့ဆိုနိုင်ပြီး ညာဘက်ထိပ်မှာ ဖြုတ်တပ်လို့ရတဲ့ ROG တံဆိပ်ကိုတွေ့ရပါတယ။ ROG တံဆိပ်ကြီးကို မတပ်ချင် ကိုယ်ကြိုက်တဲ့ တံဆိပ်တစ်ခု အစားထိုးလို့ရအောင် Badge အပိုတစ်ခုပါထည့်ပေးထားပါတယ်။ 

နောက်ကျောဘက်က ကီးဘုတ်ကို မ,တင်ပေးမဲ့ ကလစ်နဲ့ အောက်ခြေမှာ ချော်မသွားစေဖို့ rubber pad လေးတွေတပ်ထားပါတယ်။ 

Build Quality က ပိုဈေးကြီးတဲ့ ROG Claymore လို metal မသုံးပဲပလက်စတစ်သာသုံးထားပေမဲ့ ကိုင်ကြည့်တာနဲ့ အတော်လေးသပ်ရပ်ပြီး ခပ်မှိုင်းမှိုင်းနဲ့ metalicဆန်ပါတယ်။ အရင်ကျနော် Review လုပ်ခဲ့ဖူးတဲ့ Ceberus Mech RGB keyboard ထက် Build Quality သိသိသာသာပိုကောင်းတယ်လို့ခံစားရပါတယ်။ 

Switch 

ROG STRIX FLARE ဟာ ပိုဈေးသက်သာတယ် ဆိုပေမဲ့ အသုံးပြုထားတဲ့ Mechanical Switch တွေက Premium keyboard တော်တော်များများမှာအသုံးပြုတဲ့ Cherry MX Switchတွေကိုသာ အသုံးပြုပေးထားလို့ အားရစရာကောင်းပါတယ်။ ရွေးချယ်စရာ Cherry MX Switch တွေအနေနဲ့ Red, Brown, Blue, Black, Speed Silver, Silent Red ဆိုပြီး ၆မျိုးလောက်ရွေးချယ်ခွင့်ပေးထားပါတယ်။ 

ဒါပေမဲ့ မြန်မာပြည်မှာတော့ Blue Switch တစ်မျိုးထဲသာရနိုင်ပါဦးမယ်။ အခု review လုပ်တဲ့ ကီးဘုတ်ဟာ Cherry MX Blue Switchဖြစ်တဲ့အတွက် Tactile and Clicky ဖြစ်တာမို့ စာရိုက်တဲ့အခါမှာ ကတောက်တောက်ကလစ်ကလစ် အသံတွေကြားနေရတာပေါ့။

Features

သူ့မှာပါဝင်တဲ့ Featureလေးတွေကတော့ Per key RGB Lightingရယ်၊ Windows Key ကိုပိတ်ထားပေးတဲ့ Game Mode ရယ်၊MMOဂိမ်းကစားသူတွေအတွက် On the Fly macro recordingရယ်၊ RGB Lighting Profileစတာတွေပါဝင်ပါတယ်။ 

ROG STRIX FLARE မှာ အနည်းငယ်ထူးဆန်းသလိုဖြစ်နေပြီး အခြားကီးဘုတ်တွေနဲ့ မတူတာက ဘယ်ဘက်ခြမ်းကိုရွေ့ထားတဲ့ media control အတွက်ခလုပ်တွေပါ။ Flare မှာ အသံအတိုးအကျယ်လုပ်မဲ့ Volume Scroll Wheel လေးကို ညာဘက်အပေါ်မှာထားပေးလိုက်တာက ပိုပြီးအမြင်ပိုဆန်းသလို ပိုပြီးလက်လှမ်းမှီစေတယ်လို့ခံစားရစေပါတယ်။ Volume Scroll Wheel ဘေးမှာ Media အတွက် သီးသန့် ခလုပ်တွေ၊ RGB LED အလင်းအမှောင်ချိန်တဲ့ ခလုပ်နဲ့ Windows lock ခလုပ်တွေ ထည့်သွင်းထားပါတယ်။

USB ကြိုးကို ကြီးမားတုတ်ခိုင်တဲ့ braided cable သုံးထားပြီး USB Port ၂ခုပါတယ် တစ်ခုက keyboard အတွက်ဖြစ်ပြီး နောက်တစ်ခုက သင်အလိုရှိရာ accessories တွေချိတ်ဆက်နိုင်မဲ့ USB Pass Through အတွက်ဖြစ်ပါတယ်။ သဘောမကျတဲ့ အချက်က USB Pass Though က USB 2.0 ဖြစ်နေလို့ အဆင်မပြေလှပါဘူး။ usb ခေါင်း၂ခုလုံးကို gold plating လုပ်ထားပေမဲ့ ကြိုးကကီးဘုတ်မှာအသေတပ်ထားတာပါ။

RGB Lighting and Software

ကျနော်တို့ RGB Mechanical Keybaord တွေဝယ်ယူရတဲ့ အဓိကအချက်က သူ့တို့ရဲ့လှပတဲ့ RGB မီးရောင်တွေကြောင့်လို့ဆိုရင်မှားမယ်မထင်ပါဘူး။ ROG STRIX FLARE မှာ RGB မီးတွေဖွင့်ထားချိန်မှာ သင့်ကိုစိတ်ကြေနပ်သွားစေလောက်အောင် မီးရောင်တွေကဖမ်းစားနေပါလိမ့်မယ်။ RGB lighting အနေနဲ့ ၃နေရာပါဝင်ပြီး Keyတစ်ခုခြင်းစီရယ်၊ ဘေးဘယ်ညာတစ်ဖက်စီမှာရယ်၊ အပေါ်ညာဘက်ထောင့်က ROG logo နေရာရယ် ၃မျိုးပါပါတယ်။

ROG STRIX FLARE ရဲ့ RGB Effect တွေကို သူ့ရဲ့ Utility Software ဖြစ်တဲ့ ROG Armory IIဆိုတဲ့ software နဲ့ထိမ်းချုပ်နိုင်သလို Asus ရဲ့ကိုယ်ပိုင် RGB software ဖြစ်တဲ့ AURAနဲ့လဲထိမ်းချုပ်လို့ရပါတယ်။ 

သို့ပေမဲ့ပြောစရာကရှိလာတာက ROG Armory II နဲ့ AURA က RGB lighting effectတွေကိုတစ်ပြိုင်တည်းသုံးလို့မရပဲ Aura software မှာ Keyboard RGB နဲ့ sync လုပ်ထားတာကို ပိတ်ထားပေးဖို့တော့လိုပါတယ် မဟုတ်ရင် ROG Armory IIကအလုပ်မလုပ်ပဲ AURA ကိုအတင်းပိတ်ခိုင်းနေပါလိမ့်မယ်။ တစ်ခုခြင်းစီသုံးဆိုတဲ့သဘောပေါ့။

AURA

Asus ရဲ့ ကိုယ်ပိုင် RGB software ဖြစ်တဲ့ AURA မှာ သူ့ချည်းသီးသန့်သုံးမယ်ဆိုရင် မိမိမှာ Asus ရဲ့ AURA compatible ဖြစ်တဲ့ motherboard/graphics card လို ပစ္စည်းတွေအပြင် Asus မဟုတ်တဲ့ အခြားကုမ္မဏီတွေရဲ့ Aura အထောက်အပံ့ပေးတဲ့ Memory Casing Cooler SSD စတဲ့ပစ္စည်းတွေနဲ့ပါ တွဲဖက်သုံးလို့ရပါတယ်။ 


ဆိုလိုတာက Aura အထောက်အပံ့ပေးတဲ့ Device တွေသာသုံးထားမယ်ဆိုရင် PC တစ်စုံလုံးကို AURA Software တစ်မျိုးထဲနဲ့ထိမ်းချုပ်နိုင်စွမ်းရှိတာကိုပြောတာပါ။ 

AURA Lightingမှာ effect ၁၂မျိုးလောက်ပါပါတယ်။ ဒါ့အပြင် နောက်ပိုင်း AURA version မှာ Game Detection စနစ်လဲပါလာပါပြီ သို့ပေမဲ့ Call of Duty Black Ops 4 ဂိမ်းတစ်မျိုးတည်း အလုပ်လုပ်တာကိုတွေ့ရပါတယ်။ 

Game Sync ဆိုတာက Black Ops 4 ဂိမ်းရဲ့ menu ထဲမှာဆို လိမ္မော်ရောင်ပြောင်းသွားပြီး ဂိမ်းဆော့နေစဉ်မှာဆို health status ကို F key တွေမှာ အစိမ်းရောင်နဲ့ပြတာမျိုးတွေ လုပ်ပေးနိုင်ပါတယ်။ 

ROG Armory II

ROG Strix Flareရဲ့ utility software ဖြစ်တဲ့ ROG Armory II ဟာ Interface အနေနဲ့ လွယ်ကူရိုးရှင်းတယ်လို့ဆိုနိုင်တယ်။ ဒီ ROG Armory II ဟာ Flare မှာသာမက ကျနော်အရင် review လုပ်ခဲ့ဖူးတဲ့ ROG Pugio လို အခြား ROG  accessoriesတွေနဲ့လဲ တွဲဖက်အသုံးပြုနိုင်ပါတယ်။ 

Armory IIမှာ RGB မီးရောင်တွေကို profile 5 ခုထဲမှာ ကိုယ်လိုချင်တဲ့ settingတွေကို စိတ်ကြိုက်မှတ်သားထားနိုင်ပါတယ်။ သူ့မှာ Lighting  Effect ၁၂မျိုးလောက်ပါပြီးအတော်လေ့ ကလိလို့ကောင်းပါတယ်။ RGB Effect တွေက 

1. Static

2. Breathing 

3. Color Cycle

4. Wave

5. Reactive 

6. Ripple

7. Starry Night 

8. Quick Sand

9. Current

10. Rain Drop

11. Custom Effect တို့ဖြစ်ပါတယ်။ 

အကယ်၍ သင့်အနေနဲ့လဲ Lighting Effect တွေကို Armory 2 မသုံးပဲ Keyboard ပေါ်က Fn နဲ့ Arrow Key တွေကို တွဲသုံးပြီး ထိန်းချုပ်ချင်တယ်ဆိုလဲ ရပါတယ်။

Armory II မှာ On the Fly macro recording စနစ်လဲပါဝင်လို့ MMOဂိမ်းကစားသူတွေအတွက် အဆင်ပြေစေမှာပါ။ Custom Effectမှာ ကီးတစ်ခုခြင်းစီကိုယ်ကြိုက်တဲ့အရောင်ပြောင်းနိုင်ပေမဲ့ ROG logo နဲ့ light bar ကိုတော့ စိတ်ကြိုက် effect တွေထည့်လို့မရပါဘူး။

Experience

ROG STRIX FLARE ကီးဘုတ်ရဲ့ တည်ဆောက်ပုံက ခပ်ပါးပါးပုံစံဖြစ်ပြီးတင်ထားတဲ့စားပွဲပေါ်ကနေမို့မောက် နေခြင်းမရှိပါဘူး။ သူ့မှာ အလွယ်တကူဖြုတ်တပ်လို့ရတဲ့ Palm Rest လေးပါပြီး သံလိုက်နဲ့ ကီးဘုတ်ကိုကပ်ထားတာမဟုတ်ပေမဲ့ တစ်ဖက်ကို အံလေးတစ်ခုစီနဲ့ ထိန်းထားတာမို့ချောမထွက်သွားပဲ အဆင်ပြေပြေသုံးနိုင်ပါတယ်။ ကီးဘုတ်က ခပ်ပါးပါးပုံစံမို့ Palm Rest ကို တပ်မထားပဲနဲ့စာရိုက်မယ်ဆိုရင်တောင် အတော်လေးအဆင်ပြေပါတယ်။ 

Keyလေးတွေကိုနှိပ်ရတဲ့ ခံစားချက်ကလဲ တစ်ကယ်ကိုမိုက်ပါတယ်။ အကယ်၍ အသံဆူတဲ့ Blue Switch ကိုမကြိုက်တဲ့သူဆိုရင်တော့ ညဘက်ဂိမ်းဆော့တာ စာရိုက်တာတွေ့မှာ အနှောင့်ယှက်ဖြစ်နိုင်တာမျိုးတော့ရှိပါတယ်။ ရွေးချယ်စရာ အခြားSwitch တွေပါသွင်းလာမယ်ဆိုရင်တော့ ပိုပြီးအဆင်ပြေလာပါလိမ့်မယ်။ Flare ဆိုတဲ့ နာမည်နဲ့လိုက်ဖက်အောင်ပဲ Key လေးတွေရဲ့ RGB မီးတွေကလဲ key cap ပေါ်ကို အတော်လေးကိုရှင်းလင်းတောက်ပါသက်ရောက်တာကိုတွေ့ရပါတယ်။ ဘေးဘက်တစ်ချက်စီမှာရှိတဲ့ light bar တွေကြောင့် ကီးဘုတ်ရဲ့ဘေးကို အလင်းတွေဖြာကျနေချက်ကတော့ ရေလည်ကိုမိုက်တာပါပဲ ဟုတ်မဟုတ်ကိုတော့ ပုံတွေမှာသာကြည့်လိုက်ပါ။

ROG STRIX FLARE မှာ Gaming Keyboard မှာ ပါဝင်လေ့ရှိတဲ့ feature တစ်ခုဖြစ်တဲ့ ဂိမ်းဆော့တဲ့အချိန်အတွင်း ကီးတွေအများကြီးတစ်ပြိုင်တည်းနှိပ်မိရင် Ghostingဖြစ်မှုကိုကာကွယ်ဖို့ 100% anti-ghosting with N-Key rollover နည်းပညာပါဝင်ပါတယ်။ ကျနော် ကီးဘုတ်ပေါ်လက်ချောင်းဆယ်ချောင်းစလုံးနဲ့ တစ်ပြိုင်နက်စမ်းသပ်နှိပ်ရာမှာ စာလုံး၁၀လုံးတစ်ပြိုင်တည်းပေါ်ပါတယ်။

The Good

  • Customizable Per Key RGB Lighting
  • သီးသန့် Media Control ခလုပ် နှင့် Volume 
  • Palm Rest
  • Customized Badge
  • လက်ရှိမှာ အခြားbranded keyboard တွေထက်ချိုသာတဲ့ဈေးနှုန်း
  • ကောင်းမွန်သည့် user experience

The Bad

  • No Keycap Puller and Extra Keycaps
  • USB 2.0 Pass Through 

Conclusion

ROG Strix Flare ကို သင့်အနေနဲ့ အသုံးပြုမယ်ဆိုရင် သင့်ကိုစိတ်ပျက်စေမှာမဟုတ်ပဲ အင်မတန်လှတဲ့ Mechanical Keyboard တစ်လုံးကိုသေချာပေါက် ပိုင်ဆိုင်ရပါလိမ့်မယ်။ သင့်အနေနဲ့ Cherry MX Switch တွေရဲ့ အရည်အသွေးကိုသိရှိပြီးသားဆိုရင် ဘာမှသိပ်စဉ်းစားစရာမလိုပဲဝယ်နိုင်ပါလိမ့်မယ်။ အခြားတံဆိပ်တွေမှာ $140 တည်းနဲ့ ရဖို့မလွယ်တဲ့ Perkey RGB ရတဲ့ full size mechanical keyboard မှာ Cherry MX switch သုံးထားပေးတယ်ဆိုတာက သင့်အတွက်ဆုလာဒ်တစ်ပါးပါပဲ။ 

သင့်အနေနဲ့ AURA lighting accessories တွေရှိနေပြီးသားဆိုရငိ ဖြင့် သင့်ရဲ့ လက်နက်တိုက်ထဲမှာ အစွမ်းထက်လက်နက်တစ်မျိုး ထပ်မံသိုလှောင်ပြီးသားဖြစ်ပါလိမ့်မယ်။ သို့ပေမဲ့ blue switchနဲ့သာရနိုင်သေးတာမို့ blue switchကိုမကြိုက်တဲ့သူဆိုရင်တော့ ရွေးချယ်ဖို့ရာမသင့်ပါဘူး။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်နေပါစေ ROG Strix Flare ကီးဘုတ်ဟာ အတော်လေးကောင်းမွန်တဲ့ ကီးဘုတ်တစ်ခုဆိုတာကိုတော့ ကျနော့်အနေနဲ ငြင်းပယ်နိုင်စွမ်းမရှိပါဘူး။

#EnThueTech

#Review 

#Asus 

#ROG #Strix #Flare

#Gaming #Keyboard

Post a Comment

0 Comments