Subscribe Us

header ads

Review: MSI Prestige 15 A11SCX with GTX 1650 Max-Q




ကွန်ပျူတာတွေထုတ်လုပ်တဲ့အခါမှာ ပေါ့ပါးတဲ့အလေးချိန်နဲ့ စွမ်းဆောင်ရည်ဆိုတဲ့အရာ‌တွေဟာ ဆန့်ကျင်ဘက်အရပ်ဆီကိုသာဦးတည်နေလေ့ရှိပါတယ်။ Thin and Light Laptop တွေကို သာမန် Laptop တွေထက်အလေးချိန်နဲ့အရွယ်အစားသေးငယ်ပေါ့‌ပါးလာအောင်တည်ဆောက်တဲ့အခါ စိန်ခေါ်မှုတွေအများကြီးကြုံလာရပါတယ်။ ပါးလွှာတဲ့ Laptop တွေမှာ ပိုမိုနည်းပါးတဲ့နေရာတွေကြောင့် ဒီဇိုင်းထုတ်ရတာပိုခက်ခဲလာပြီး ဈေးကြီးတဲ့ aluminum body လိုတွေသုံးလာရတဲ့အပြင် အပူစွန့်ထုတ်မှုလည်း ကောင်းအောင်စဉ်းစားရပြန်ပါတယ်။ ဒါကြောင့် ပါးလွှာတဲ့ Laptop တွေ ဆိုတာ သူနဲ့spec မတိမ်းမယိမ်းရှိတဲ့ပုံမှန်Laptop တွေထက်တော့ ဈေးအများကြီးပိုကြီးမှာကိုတော့သိစေချင်ပါတယ်။

MSI ရဲ့ Prestige Series တွေဟာ Content Creator တွေသယ်ရလွယ်ကူအောင်ထုတ်ထားတာဖြစ်ပါတယ်။ အခုကျနော်Review လုပ်ပေးမယ့် MSI Prestige မှာ Intel ရဲ့ နောက်ဆုံးပေါ် 11th Gen Tiger Lake CPU နဲ့ Nvidia GTX 1650 Max-Qသုံးထားပြီး ယခင်Series တွေထက်သိသိသာသာပိုမြန်လာသလို features အသစ်တွေလည်းပါလာပါတယ်။ ကျနော့်အနေနဲ့ ၂၀၁၉တုန်းက Prestige အနွယ်ဝင် PS63 ကို review လုပ်ခဲ့ဖူးတာမို့ ဘာတွေတိုးတက်လာသလဲဆိုတာ တစ်ချက်ကြည့်လိုက်ရအောင်။

Introduction

Prestige Series တွေဟာ MSI ရဲ့ အလှပဆုံး Laptop တွေထဲကတစ်ခုဖြစ်ပါတယ်။ Prestige 15 ကို Urban Silver နဲ့ Carbon Grey ဆိုတဲ့အရောင်၂မျိုးနဲ့ရနိုင်ပါတယ်။ Screen က 15.6 လက်မ 4K သို့ FHD နဲ့ရနိုင်ပါတယ်။ Graphics ပိုင်းအတွက် Nvidia Geforce GTX 1650 Ti Max-Q သို့ 1650 Max-Q နဲ့ရနိုင်ပါတယ်။ ကျနော်Review လုပ်ပေးမှာက Core i7 1185G7 CPU, GTX 1650 Max-Q, Full HD Display ပါဝင်တဲ့ Model ဖြစ်တဲ့ A11SCX ပဲဖြစ်ပါတယ်။

MSI


Specifications

CPU: Intel Core i7-1165G7 (4Cores/8Threads)
Memory: 16GB DDR4 3200 MHz
Graphics: GTX 1650 Max-Q 4GB GDDR6
Storage: 512GB NVMe PCIe SSD
Display: 15.6in 60Hz Full HD IPS Level Screen
Dimensions (WxDxH): 356.8 x 233.7 x 16.9 mm
Weight: 1.69 kg
I/O Ports: 2x Type-C (USB4 / DP / Thunderbolt™4) with PD charging, 2x Type-A USB3.2 Gen2, Micro SD Card Slot and 1x (4K @ 60Hz) HDMI
Connectivity: Wi-Fi 6, Bluetooth 5.1
Webcam: 720P
Speakers: 2x 2W
Audio Jack: 1x 3.5mm Combo Jack
Operating System: Windows 10 Home 64 bit
Battery: 82WH (4 Cell Li-Po)
Power Adaptor: 90W
Price: $1350

Design and Build Quality

MSIရဲ့ Prestige 15 ဟာ Creator တွေအတွက် ရည်ရွယ်ပြီးထုတ်ပေးထားတာမို့ ကျနော်တို့မြင်နေကြ MSI ရဲ့ Gaming Laptop တွေနဲ့ အမြင်ပိုင်းမှာအများကြီးကွဲပြားနေပါတယ်။ Laptop တစ်ခုလုံးဟာ aluminium body နဲ့ဖြစ်ပါတယ်။


ကျနော်ရတဲ့ အရောင်က Urban Silver ဖြစ်ပြီး သူ့မှာအရောင်က နေရာအများစုမှာတောက်ပြောင်နေခြင်းမရှိပဲအရောင်မှိုင်းတဲ့ဘက်ကိုရောက်တဲ့ဘက်ကိုသွားပါတယ် ဘေးအနားသတ်လေးကတော့ ပြောင်လက်အောင်ခုတ်စားထားတာတွေ့ရပါတယ်။ အကယ်၍ Carbon Grey အရောင်နဲ့ဆိုရင်တော့ ခဲရောင်ကိုယ်ထည်မှာ အနားသပ်ထောင့်လေးတွေကို နီလာကျောက်လိုအ‌ရောင်ဖြစ်အောင်ခုပ်စားထားတာကို တွေ့ရမှာပါ။ ကျနော်အနေနဲ့ အရင်ကစမ်းဖူးတဲ့ Prestige PS63ထက် အမြင်ပိုင်းအရဆို ပိုမိုရိုးရှင်းတဲ့ပုံစံဘက်ကို တည်ဆောက်ထားတာ တွေ့ရပါတယ်။


သူ့ရဲ့ အဖုံး Lid ကိုကြည့်မယ်ဆိုရင် MSI ရဲ့ ယခင် Prestige Laptopတွေမှာလို Dragon တံဆိပ်နဲ့မဟုတ်တော့ပဲ တလောကမှ အသစ်ပြောင်းလဲလိုက်တဲ့ Logo အသစ်ကိုသုံးထားတာတွေ့ရပါတယ်။ Logo ဟာ Lid ပေါ်မှာ သိသာထင်ရှားတဲ့ပုံစံထက် ရေးရေးလေးမြင်ရအောင်သာလုပ်ထားပါတယ်။ Lid ကို 180°အထိလှန်ချလို့ရတာတွေ့ရပါတယ်။


အဖုံးကိုဖွင့်ဖို့အတွက်အချိုင့်လေးတစ်ခုထည့်ထားတယ်ဆိုပေမဲ့ဖွင့်ရတာအရမ်းကြီးလွယ်ကူနေတာမျိုးမဟုတ်ပဲ နည်းနည်းလေးကျပ်နေသလိုမျိုးတွေ့ရပေမဲ့ သုံးတာကြာရင်ကျင့်သားရသွားမှာပါ။ အဖုံးကလဲကျစ်လစ်သန်မာပြီးလိမ်ကြည့်လို့မလွယ်သလို laptopကိုပေါင်ပေါ်တင်သုံးတဲ့အခါ လုံးဝလှုပ်နေမှာမဟုတ်ပါဘူး။ Lidကို ဖွင့်ကြည့်ပြီးတဲ့အခါ သူ့ရဲ့ဘေးဘောင်လေးတွေက အခုနောက်ပိုင်းLaptop တွေအတိုင်း အင်မတန်သေးငယ်လှတာကိုတွေ့ရပြီးစိတ်ကျေနပ်စရာကောင်းပါတယ်။


Web Cam ကိုပုံမှန်နေရာမှာရအောင်ထည့်ထားပြီး Web Cam ရဲ့အရည်အသွေးကလဲ ကောင်းတဲ့အထဲမှာပါပါတယ်။ Web Cam မှာ Window Hello အတွက် IR Camera ပါတပါတည်းပါဝင်ပါတယ်။

Prestige 15 မှာ ကျယ်ပြန့်တဲ့ကီးဘုတ်ဟာ သင့်ကိုစာ‌ကောင်းကောင်းရိုက်နိုင်ဖို့ ကူညီပေးမှာဖြစ်ပြီး power button က ကီးဘုတ်နဲ့တပါတည်းပါရှိနေတာကိုတွေ့ရပါတယ်။ Trackpad ကလည်းကြီးမားကျယ်ပြန့်တာကိုတွေ့ရပါတယ်။ ဒီ Laptop မှာ ဒီတစ်ခုကောင်းလာတာက body ကပြောင်လက်မနေတာကြောင့် လက်ရာသိပ်မထင်တာကိုတွေ့ရတာပါ။

အောက်ခြေကိုလှန်ကြည့်လိုက်မယ်ဆိုရင် အောက်ဘက်မှာ Speaker ၂ခုနဲ့ cooling အတွက် လေဝင်ဖို့အပေါက်လေးတွေ တွေ့ရမှာပါ exhaustကတော့ ဘေးဘက်တွေကနေမဟုတ်ပဲအပေါ်ဘက်အလယ်ကနေထွက်သွားမှာမို့ လက်တွေအပူမိမှာမဆိုးရိမ်ရသလို laptop ကို desktop လို external monitor တွေ keyboard mouse တွေနဲ့သုံးမယ်ဆိုရင်တောင်အပူလွန်ကဲခြင်းကနေကာကွယ်ပေးနိုင်မှာပါ။
Quick Access Panel မပါတဲ့အတွက် Laptop ကို Upgrade လုပ်ဖို့ Screw ၁၁လုံးလောက်ဖြုတ်ရမှာပါ။ Laptopဟာ 16.9 mm သာထူပြီး 1.69kg သာရှိလို့အတော်ပေါ့ပါးတာကြောင့် အပြင်ခဏခဏယူသွားတက်တဲ့သူအဖို့ ဒါဟာအတော်ကောင်းတဲ့အချက်ပါပဲ။

Display

MSI Prestige 15 မှာ Innolux CMN15E8 1080p 60Hz panel ဖြစ်ပြီး အတော်လေးကောင်းတဲ့ Display လို့ပြောနိုင်ပါတယ်။ Color ပိုင်းအနေနဲ့
sRGB 95.45%
AdobeRGB 82.76%
DCI-P3 80.44% အထိရှိတဲ့အတွက် Color ပိုင်းမှာ အရင်စမ်းဖူးတဲ့ GS66လောက်ကောင်းတယ်လို့ဆိုနိုင်ကာ Photo and Video Editing တွေအတွက်ပါ အသုံးချနိုင်မှာပါ။ Viewing Angle ရောကောင်း‌နေပါတယ်။ Gaming မဟုတ်တဲ့အတွက် 60Hz သာရတာမို့ Thunderbolt 4 ကို External GPU နဲ့တွဲပြီး ဂိမ်း‌ဆော့ဖို့စဥ်းစားမယ်ဆိုရင် သိပ်သဘောကျမှာမဟုတ်လောက်ပါဘူး။


YouTube နဲ့ Netflix ကရုပ်ရှင်တွေ Video တွေကိုတော့ Screen မှာကောင်းကောင်းအရသာရှိရှိကြည့်နိုင်ပါတယ်။ ပြင်းပြတဲ့နေအ‌လင်းရောင်အောက်မှာဆိုရင်တော့ 250nits ဝန်းကျင်သာရှိတဲ့ display ဟာ သိပ်အဆင်မပြေပါဘူး။

Keyboard and Trackpad

ပုံမှန်အားဖြင့် MSI ရဲ့ Gaming Laptop တွေမှာဆို Steelseries ရဲ့ Keyboard တွေကိုအသုံးပြုထား လေ့ရှိပေမဲ့ Creator တွေအတွက်ထုတ်ထားတဲ့ Prestige 15 မှာ Steelseries ကိုမသုံးထားပါဘူး။

ကီးဘုတ်ရဲ့ကီးတစ်ခုခြင်းနေရာချထားပုံကသုံးရအဆင်ပြေပြီး ကီးလေးတွေနှိပ်ရတဲ့feeling နဲ့ စာရိုက်ရတာကအတော်လေးမိုက်ပါတယ်။ ဘယ်ဘက်ကWindows Key ကို ညာဘက်ပြောင်းချင်ရင်တော့ MSI Center မှာပြောင်းလို့ရပါတယ်။


Gaming Laptop မဟုတ်တဲ့အတွက် Keyboard ရဲ့ Backlight က ပုံမှန် Laptop တွေလိုအဖြူရောင်တစ်မျိုးတည်းသာဖြစ်တာကိုတွေ့ရပါတယ်။


သဘောမကျတဲ့အချက်တစ်ခုကတော့ အရင် Prestige တွေမှာရော ပုံမှန် Laptop တွေမှာပါ သီးခြားခလုပ်အနေနဲ့ရှိတဲ့ Power ခလုပ်ဟာ Keyboard ထဲမှာ တစ်ပါတည်းရောက်နေတာဖြစ်ပြီး ဘာမှမထူးဆန်းပေမယ့် Keyboardများ တစ်ခုခုဖြစ်သွားရင် Power ခလုပ်နှိပ်လို့ရဦးမှာလားတော့ ကျနော်သေချာမပြောနိုင်ပါဘူး။


Prestige 15 ရဲ့ Track Pad ဟာလည်း လက်တစ်ဝါးစာလောက်ကြီးမားကျယ်ပြန့်ပြီး သုံးရတာ အတော်‌လေးအဆင်ပြေပါတယ်။ ကျနော်လို Desktop သမားတောင် mouse ကိုတမ်းတမိတာမျိုးဖြစ်မလာစေအောင်ကောင်းတယ်လို့ပြောလို့ရပါတယ်။ Track pad ဟာ အရောင်မှိုင်းတဲ့ဘက်ကိုရောက်အောင်လုပ်ထားတာတွေ့ရပြီး ငွေရောင်အနားလေးကွပ်ထားပါတယ်။ သီးသန့် left click right clickခလုပ်တွေထည့်မထားလို့အမြင်ရှင်းသလို သုံးရတာလဲအဆင်ပြေပါတယ်။ Left Click နဲ့ Right Click အသံတွေကလဲ အတော်ညက်ညောပါတယ်။ Track Pad အတွက် Windows Precision Driver ကိုသုံးထားပြီး တုံ့ပြန်မှုက အလွန်မြန်ဆန်ပြီး အားရစရာကောင်းတဲ့ Track Pad ပါ။ Track Pad ဘယ်ဘက်အပေါ်ထောင့်မှာ Windows Hello အတွက် Finger Print Sensor ပါဝင်ပြီး Unlock လုပ်သွားတာအားရစရာကောင်းလောက်အောင်မြန်ပါတယ်။


Ports

Port တွေအနေနဲ့ ဘယ်ဘက်မှာ USB4, Display Port, PD chargingနဲ့ Thunderbolt™4 ပါအကုန်ရတဲ့ Type-C Port ၂ခု နဲ့ 4K @ 60Hz အထိရမယ့် HDMI port ပါဝင်ပါတယ်။ USB4 ဟာ Thunderbolt 4 port အနေနဲ့ပါရတဲ့အတွက် Monitor တွေ၊ Storage တွေ၊ Laptop ကိုအားသွင်းနိုင်တာတွေ အပြင် external GPU တွေနဲ့ပါတွဲသုံးနိုင်ပါတယ်။


Thunderbolt 4 ဟာ PCIE Gen 4 x4 Mode နဲ့ညီလို့ bandwidth ၂ဆပိုလာပြီး ယခင်ထက်စွမ်းအားပိုကောင်းတဲ့ external GPU တွေနဲ့ပါချိတ်ဆက်လာနိုင်ပါတယ်။


ညာဘက်မှာတော့ Type-A USB3.2 Gen2 ၂ခု နဲ့ Micro SD Card Slot တစ်ခုပါဝင်ပါတယ်။

တစ်ခုရှိတာက Laptop ကို ပါဝါပေးမယ့် adapter ဟာ Type C ပဲမို့ အားသွင်းပြီးသုံးနေတဲ့ အခါ USB ၃ပေါက်ကိုသာသုံးနိုင်မှာဖြစ်ပါတယ်။ LAN အတွက် ယခင်က PS63 မှာ USB to Ethernet Adapter ထည့်ပေးထားပေမယ့် အခု Prestige 15 မှာ ထည့်ထားတာမတွေ့ရပါဘူး။ LAN နဲ့သုံးချင်ရင်သီးသန့်Adapter ဝယ်ရမှာပါ။

Webcam

Video Call တွေအတွက် Prestige 15 ရဲ့ Webcam ရုပ်ထွက်က ကောင်းမွန်တယ်လို့ဆိုနိုင်ပြီး အလင်းသိပ်မရှိတဲ့နေရာမှာလည်း ကောင်းကောင်းမြင်ရပါတယ်။ Windows Hello ရဲ့ biometric sign-in အတွက် IR Camera ရော Finger Print Reader ရောတစ်ပါတည်းပါဝင်လာလို့ လုံခြုံရေးပိုင်းအတွက်အတော် စိတ်ချရတဲ့သဘောမှာရှိပါတယ်။

Audio

Audio ပိုင်းကိုပြောရမယ်ဆိုရင် Prestige 15 မှာ ယခင် Series တွေအတိုင်း 2w Speaker ၂လုံးကို Laptop ရဲ့အောက်ဘက် ဘယ်ညာထောင့်‌တစ်ခုစီမှာနေရာချထားပါတယ်။ Speaker တွေရဲ့အသံထွက်ကျေနပ်စရာဖြစ်ပြီး Base သံတွေနည်းတယ်ဆိုပေမယ့် အဆင်ပြေပါတယ်။ Nahimic Audio software ကနေ အနည်းငယ် tuning လုပ်လိုက်တာနဲ့ အသံတွေက ပိုနားထောင်လို့ကောင်းသွားပါတယ်။

Prestige 15 မှာ သီးခြား Headphone နဲ့ Mic အတွက် 3.5mm Audio Combo Jack ပါဝင်ပြီး ပုံမှန် headset တွေနဲ့သုံးမယ်ဆိုရင် adapter တစ်ခုတော့ဆောင်ထားရပါလိမ့်မယ်။ သူရဲ့ထုတ်ပေးလိုက်တဲ့အသံက ပုံမှန် laptop တွေလောက်ပဲရှိပြီး အရင် review လုပ်ဖူးတဲ့ Bravo 17 တုန်းကဆို အသံက ဒီထက်ပိုကောင်းတယ်လို့ခံစားရပါတယ်။

ဂိမ်းဆော့ကြည့်ရာမှာတော့ Nahimic Audioမှာပါတဲ့ surround ထက် Windows Sonics for headphones ကို တွဲဖက်အသုံးပြုပြီး ကစားတာက surround ပိုကောင်းတယ်လို့ခံစားရပါတယ်။ Battlefield V Multiplayer ကစားကြည့်တဲ့အခါ အနီးအဝေးအထက်အောက်ဘယ်ညာအသံတွေကို ကောင်းစွာကြားရပါတယ်။


သူမှာမူလပါဝင်တဲ့ mic ဟာ ပုံမှန်အခြေအနေမှာဆို ကြည်လင်တဲ့အသံကိုဖမ်းပေးနိုင်ပြီး စိတ်ကျေနပ်စရာကောင်းပေမဲ့ Cooler Boost ဖွင့်ထားချိန်မှာတော့ mic ရဲ့အသံကို Fan တွေရဲ့ဆူညံသံကလွမ်းမိုးသွားတာပါတယ်။ သို့ပင်သော်ငြား MSI Center မှာ အသစ်ပါဝင်လာတဲ့ Noise Cancelation features ကြောင့် ဆူညံသံတွေကို လုံးဝပျောက်သွားအောင်မလုပ်နိုင်‌ပေမယ့် အတော်‌လေး လျော့ချလိုက်နိုင်တာကိုတွေ့ရပါတယ်။


Storage

Prestige 15 A11SCX မှာ 512GB ရှိတဲ့ Kingston OM8PCP3512F-Al1 NVME SSD ကိုထည့်‌ထားပါတယ်။ SSD ရဲ့ စွမ်းဆောင်ရည်ဟာ Read/Write နှုန်းတွေဟာ PCIE 3.0 NVME SSD တွေထဲမှာစွမ်းဆောင်ရည်ကောင်းတာကိုတွေ့ရပါတယ် အတိအကျကို Benchmark ပုံမှာကြည့်ပါ။


သို့ပေမယ့် SSD ရဲ့ Capacity ဟာ 512GB သာရှိလို့ သာမန်သုံးစွဲသူအတွက်အဆင်ပြေလောက်ပေမဲ့ ဂိမ်းတွေအများကြီးထည့်ထားဖို့ရာ မလုံလောက်ပါဘူး။ Storage မလောက်ဘူးထင်ရင်ထပ်တိုးဖို့အတွက် NVME Slot တစ်ခုရှိနေပါသေးတယ်။

Battery

Prestige 15 A11SCX မှာ 82WH ရှိတဲ့ 4Cell Li-Po battery ကိုထည့်သွင်းပေးထားပြီး Video ကြည့်မယ်ဆိုရင် Balance Modeနဲ့ဆို ၅နာရီ‌ခွဲလောက်ခံပါတယ် ရိုးရိုးသာမန် Task တွေလောက်ဆို ဒီထက်ပိုခံပါလိမ့်မယ်။ ဂိမ်းဆော့မယ်ဆို တစ်နာရီခွဲလောက်ခံပါတယ်။ အားပြန်သွင်းရင်တော့ တစ်နာရီအတွင်း ၇၅% ပြန်ဝင်တာတွေ့ရပြီး အားအပြည့်ဝင်ဖို့အတွက်ဆိုရင်တော့ ၂နာရီလောက်ကြာတာကိုတွေ့ရပါတယ်။

MSI Center

Laptop တွေမှာ Utility Software တစ်ခုပါလေ့ရှိပါတယ်။ MSI မှာဆိုရင်တော့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ထားတဲ့ MSI Center ပါ သူက ကိုယ်သုံးမဲ့ function အလိုက်အတွက် Setting ချိန်လို့ရမယ်၊ ဘက်ထရီခံအောင်သုံးမှာလား စွမ်းဆောင်ရည်အပြည့်သုံးမှာလားစတဲ့ Power တွေချိန်လို့ရမယ်၊ စက်ရဲ့ အပူချိန်နဲ့အမြန်နှုန်းတွေ ဘက်ထရီအခြေအနေတွေကြည့်လို့ရမယ်။







Adobe တို့ MAGIX တို့ကထုတ်တဲ့ Content Creation Software တွေကို Optimistize လုပ်ပေးဖို့အတွက် Creator Mode ပါဝင်ပါတယ်။ နောက်ပြီး iOS device တွေနဲ့ Screen Mirroring လုပ်လို့ရမယ့် Duet Display နဲ့ ဆူညံသံတွေလျော့ချပေးမယ့် noise Cancelation တွေလည်းပါပါတယ်။

Testing Methodology and Benchmarks

CPU Benchmark အတွက် Cinebench R15၊ Cinebench R20၊ Cinebench R23နဲ့ Geekbench 5 ကိုထည့်သွင်းစမ်းသပ်ထားပါတယ်။ Intel 11th Gen Tiger Lake အနွယ်ဝင် Core i7 1185G7 CPU ဟာ Intel ရဲ့ 10nm SuperFin နဲ့ထုတ်ထားတဲ့CPU ဖြစ်ပြီး Quad Core CPU သာဖြစ်ပေမယ့် ယခင် 10th Gen ထက် သိသိသာသာပိုမြန်လာပါတယ်။


Cinebench R15 မှာ Core i7 1185G7 ဟာ Intel ရဲ့ Desktop CPU Core i7 7700K နဲ့ score အတူတူလောက်ရှိတာ‌တွေ့ရပါတယ်။ သူ့ရဲ့စွမ်းဆောင်ရည်က Mobile Quad Core CPU အနေနဲ့ အားရစရာကောင်းပါတယ်။


Intel Core i7-1165G7 ဟာ Base Clock 3.0 GHz နဲ့ Boost Clock 4.8GHz အထိရှိပါတယ်။ Rendering လုပ်နေချိန်မှာတော့ Core အားလုံးဟာ 4.1 GHz အထိတက်လာတာတွေ့ရပြီး Single Core စွမ်းဆောင်ရည်တွေအလေးပေးတဲ့ Game ကစားတဲ့အခါ 4.3~4.8GHz မှာသာအမြဲရှိနေဝာာကိုတွေ့ရပါတယ်။ မူလ TDP 28W ရှိတဲ့ ဒီCPU ကို manufacturer ‌တွေအနေနဲ့ 12~28W အထိချိန်ညှိလို့ရလို့သိရပါတယ်။ ကျနော်စမ်းသပ်ကြည့်ရာမှာတော့ Rendering မှာ CPU Load 100%နဲ့ဆိုရင် CPU ဟာ 50W အထိသုံးနေတာကိုတွေ့ရပါတယ်။ Intel Core i7-1165G7 မှာ 96 Execution Unit ရှိတဲ့ Iris Xe Graphics လည်းပါဝင်ပြီး ဘက်ထရီချွေတာဖို့လိုတဲ့အခါဖွင့်သုံးနိုင်ပါတယ်။


Gaming Performance အတွက် ဂိမ်း၉မျိုးနဲ့စမ်းသပ်ထားပါတယ်။ AAA Titles တွေအများစုပါသလို အချို့Epsort ဂိမ်းတွေကိုပါ ထည့်သွင်းစမ်းသပ်ထားပါတယ်။ GTX 1650 Max-Q ဟာ Graphics မှာ Entry လောက်သာရှိလို့ ဂိမ်းတွေကို 1080P Medium Settingမှာ မှာသာစမ်းသပ်ထားပါတယ်။


ကျနော်အနေနဲ့ 2019ခုနှစ်က ဆင်တူတဲ့ configurationနဲ့ Prestige PS63 ကို review လုပ်ခဲ့တာမို့ အဲတုန်းက results တွေနဲ့နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါ အသစ်ထွက်ရှိလာတဲ့ Core i7 1185G7 CPU ဟာ ယခင် Intel CPU တွေထက် FPS အနည်းငယ်ပိုရအောင်တွန်းနိုင်တာကိုတွေ့ရပါတယ်။ ဘယ်လိုကွာခြားသွားလဲဆိုတာပုံမှာကြည့်နိုင်ပါတယ်။

နောက်တစ်ခုက Intel Core i7 1185G7 မှာ မျိုးဆက်သစ် Iris Xe Graphics ပါဝင်လာတာတွေ့ရလို့ သူ့ရဲ့စွမ်းဆောင်ရည်ကို ဂိမ်းအချို့နဲ့စမ်းသပ်ဖြစ်ခဲ့ပါတယ်။ Intel Iris Xe Graphics ဟာ Direct X12 ကိုအထောက်အပံ့ပေးထားသော်ငြား အချို့ဂိမ်းတွေမှာ ကစားလို့မရတာတွေ Crash ဖြစ်တာတွေ တွေ့ရတဲ့အတွက် Direct X11 ကိုပြောင်းလဲစမ်းသပ်ထားပါတယ်(နောက်ပိုင်းDriver တွေနဲ့ဆိုပိုကောင်းလာမယ်ထင်ရ)။


Iris Xe Graphics က ယခင်မျိုးဆက်တွေထက်အများကြီးပိုကောင်းလာတာတွေ့ရပေမယ့် iGP သာမို့ သီးခြားGPU တွေကိုမယှဉ်နိုင်ပါဘူး။ ဒါကြောင့် Iris Xe Graphics ကို 1080P Lowest Setting မှာ ဂိမ်း၈ခုနဲ့စမ်းသပ်ထားပါတယ်။










Overall Performance အတွက်ကတော့ PCMark 10 နဲ့ပါ။ Productivity အတွက် Blender၊ Corona နဲ့ Vray ကိုထည့်သွင်းစမ်းသပ်ထားပါတယ်။ Storage အတွက် CrystalDiskMark နဲ့စမ်းသပ်ထားပါတယ်။ Benchmark တွေစမ်းလို့ရလာတဲ့ အသေးစိတ်ကို graph တွေနဲ့ပြထားပေးပါတယ်။ Benchmark အားလုံးကို Windows 10 Version 20H2 နဲ့ Nvidia GeForce Driver Version 451.83 မှာစမ်းသပ်ထားပါတယ်။


ဘက်ထရီစွမ်းဆောင်ရည်ကို Audio Level and Brightness 50% နဲ့ Power Balanced Mode မှာ Netflix ကြည့်တာ ၅နာရီခွဲလောက်ကြည့်လို့ရပါတယ်။ ဒီထက်နည်းတဲ့workloads တွေနဲ့ battery saving mode တွေမှာထားရင် ပိုခံမယ်လို့ထင်ပါတယ်။ ဂိမ်းဆော့မယ်ဆို၁နာရီခွဲဝန်းကျင်သာရပါတယ်။ အားပြန်သွင်းတဲ့အချိန်က အတော်လေးမြန်ဆန်ပါတယ် ၁နာရီလောက်အားသွင်းရင် 75%လောက်ပြန်ပြည့်နေပါပြီ။


Temperatures and Noise

ဒီလိုခပ်ပါးပါး Laptop တွေမှာ သာမန်ထက်အနည်းငယ်ပိုပူနေလေ့ရှိပါတယ်။ ဒါပေမယ့် MSI Prestige 15 ဟာ သူ့ထက်ထူထဲတဲ့ Laptop တွေလောက်မအေးဘူးဆိုနိုင်ပေမယ့် အပူကိုကောင်းကောင်းထိန်းထားနိုင်ပါသေးတယ်။ Stress Test ၃ကြိမ်လောက်လုပ်ကြည့်ရာမှာလည်း ၃ကြိမ်စလုံးကိုအောင်အောင်မြင်မြင်ကျော်ဖြတ်သွားနိုင်ပါတယ်။ Clock Speed ပိုင်းအနေနဲ့ ဂိမ်းကစားတဲ့အခါ CPU က 4.1GHz~4.2GHz ကြားမှာအမြဲလိုလို ထိန်းထားနိုင်စွမ်းရှိတာကိုတွေ့ရပါတယ်။ ဂိမ်းကစားတဲ့အခါ Ultrabook မို့ Fan ကို‌ Auto Mode မှာထားကစားရင် အများဆုံး CPUက 81°C နဲ့ GPU က 66°C လောက်တက်လာပြီး Cooler Boost သုံးပြီးကစားမယ်ဆိုရင် CPU က 78°C နဲ့ GPU က 60°C လောက်သာရှိတော့တာကို‌ တွေ့ရပါတယ် ဒီလိုပေါ့ပေါ့ပါးပါး Laptop အနေနဲ့မ‌ဆိုးလှပါဘူး။ အသေးစိတ်ကိုပုံမှာပြထားပါတယ်။


ဒီ Laptop ဟာ ပါးလွှာတဲ့ပုံစံမို့ အားနည်းချက်က Cooler Boost ဖွင့်ပြီး Game ဆော့နေတဲ့အချိန် keyboard ပေါ် လက်တင်ထားရင် ချွေးစေးတောင်ပြန်လာပါတယ်။ Cooler Boost ပိတ်ထားပြီးဆော့မယ်ဆိုရင် ကီးဘုတ်ကအတော်ပူနေပြီး သုံးလို့အဆင်မပြေပါဘူး။


Gaming mouse သုံးပြီး ဂိမ်းဆော့ကြည့်တဲ့အခါမှာလည်း exhaust ကထွက်တဲ့လေပူတွေက screen ရဲ့အောက်ခြေကိုတိုးထွက်သွားတာမို့ လက်ကိုမရောက်လာတဲ့အတွက် အနှောင့်အယှက်ကင်းကင်းနဲ့ဆော့နိုင်ပါတယ်။

ဆူညံမှုဘက်ကိုပြောရရင် Prestige 15 ဟာ ရိုးရိုးအခြေအနေမှာဆို အသံမကြားရ‌သလောက်ပါပဲ။ ဂိမ်းဆော့နေတဲ့အချိန်မှာလည်း အတော်လေးတိတ်ဆိတ်ပါတယ်။ အပူပိုစွန့်ထုတ်နိုင်အောင် Cooler Boost ကိုဖွင့်သုံးမယ်ဆိုရင် အသံအများကြီးပိုဆူလာတယ်ဆိုပေမယ့် လက်ခံနိုင်တဲ့အနေအထားမှာရှိတာကိုတွေ့ရပါတယ်။ အသေးစိတ်ကို ပုံမှာပြထားပါတယ်။


The Good

  • 2x Thunderbolt 4 ports
  • Good Trackpad
  • Thin and Light
  • Good Battery Life
  • Good Display Color Gamut
  • Very Responsive

The Bad

  • Weaker CPU compared with Ryzen 4000 U Series
  • Power Button in Keyboard

Conclusion

သင်ဟာ Creator တစ်ယောက်ဖြစ်တယ် မကြာခဏ‌အပြင်သွားနေရတယ် သွားရင်းလာရင်း အလုပ်လုပ်ချင်တယ်ဆိုရင် ပေါ့ပေါ့ပါးပါးနဲ့စွမ်းဆောင်ရည်ကောင်းတဲ့ Laptop ကိုရှာနေမှာအမှန်ပါပဲ။ Laptop တိုင်းဟာသယ်သွားလို့ရတယ်ဆိုပေမယ့် အမြဲတမ်းသယ်သွားနိုင်ဖို့ရာအတွက် အလေးချိန်ကစကားပြောလာပါတယ်။ ဈေးကွက်ထဲမှာ ပေါ့ပါးတဲ့Laptop တွေအများကြီးရှိပါတယ် ဒါပေမယ့် အများစုက Content Creator တွေအကြိုက် စွမ်းဆောင်ရည်တွေမရှိကြပါဘူး။ ဒီအထဲကမှ MSI Prestige 15 ဟာ ကာလာမှန်တဲ့ Display၊ နောက်ဆုံးပေါ် Intel CPU တွေအပြင်၊ ကြာရှည်ခံတဲ့ဘက်ထရီစွမ်းဆောင်ရည်တွေက သင့်ကို သွားရင်လာရင်းအလုပ်ကောင်းစွာလုပ်စေနိုင်မှာဖြစ်သလို အလုပ်မလုပ်တဲ့အချိန်ဂိမ်းကစားမယ်ဆိုလည်းဖြစ်တဲ့ Thin and Light Laptop လို့ဆိုချင်ပါတယ်။ MSI Prestige 15 A11SCX ဈေးနှုန်းကတော့ $1350 လို့သိရပြီး လက်ရှိ promotionအရ Cash Back $50 နဲ့ promotion ပေးနေတယ်လို့သိရပါတယ်။ ကျနော့်ကို Review Unit ပေးတဲ့ MSI Gaming ကိုလည်းအထူးကျေးဇူးတင်ပါတယ်။

#EnThueTech
#Review
#Ultrabook #Laptop
#MSI #Prestige #Prestige15


Post a Comment

0 Comments