Subscribe Us

header ads

Review: MSI Katana GF76 with Nvidia RTX 3050Ti




လွန်ခဲ့တဲ့တစ်ပတ်တုန်းက ကျနော် 12th Gen Intel H-series CPU တွေနဲ့ထွက်ရှိလာတဲ့ MSI ရဲ့ Pulse GL66 UEK ကို Review လုပ်ပေးခဲ့ပါတယ်။ ဒီအပတ်မှာတော့ ပိုက်ဆံအများကြီးမသုံးပဲဂိမ်းကောင်းကောင်း ကစားနိုင်တဲ့ RTX Laptop တစ်ခုဖြစ်တဲ့ MSI ရဲ့ GF Series တွေထဲက Screen အရွယ်အစား 17.3 လက်မကိုသုံးထားတဲ့ Katana GF76 12UDကို review လုပ်‌ပေးမှာပါ။

Introduction

Katana ဆိုတာ ဂျပန်ဆာမူရိုင်းခေတ်ကသုံးခဲ့တဲ့ အသွားတစ်ဖက်တည်းပါတဲ့ နာမည်ကျော်ဓားရှည်ကိုဆိုလိုတာပါ။ MSI ဟာ သူရဲ့ GF Series Laptop တွေကို Katana လို့နာမည်ပေးခြင်းဟာ ဒီ Laptop တွေဟာ Katana ဓားလို ထက်ထက်မျက်မျက်နဲ့လိုသလိုအသုံးချနိုင်မယ်လို့ဆိုလိုဟန်ရှိပါတယ်။ Katana မှာ ညီနောင်မော်ဒယ်လို့ဆိုနိုင်တဲ့ GF Sword Series လည်းရှိပါသေးတယ်။ GF Sword Series မှာတော့ ကိုယ်ထည်က အဖြူရောင်အများစုနဲ့ဖြစ်ပါတယ်။ MSI Katana/Sword ကို နာမည်ကျော် ဂိမ်းမျက်နှာဖုံးတွေရေးဆွဲထားတဲ့ Nagano Tsuyoshi နဲ့ ပူးပေါင်းဖန်တီးထားတယ်လို့ဆိုပါတယ်။ 

Specifications

Katana GF 76 မှာ GL66 လိုပဲ နောက်ဆုံးထွက်ရှိလာတဲ့ Intel 12th Gen Alder Lake H-series ထဲက Core i7-12700H CPU ကိုသုံးထားပါတယ်။ အရင် Gen တွေနဲ့မတူတာက ဒီ 12th Gen CPU ဟာ Hybrid Design ကိုသုံးထားပြီး များပြားလှတဲ့ Cores/Threads တွေပါဝင်လာပါတယ်။ Alder Lake CPU ဟာ Hybrid Design ကိုသုံးလာပါတယ် ဒါက ARM ရဲ့ big.LITTLE architecture လိုပါပဲ။ ARM မှာ High Performance အတွက် big Cores တွေရှိပြီး low performance အတွက် LITTLE cores တွေကိုသုံးပါတယ်။ ဒီလိုဆင်တူတဲ့ Intel ရဲ့ Hybrid Designမှာ စွမ်းဆောင်ရည်ကောင်းတဲ့ core တွေကို performance cores (P-cores) တွေလို့ခေါပြီး ပါဝါစားသက်သာတဲ့ core တွေကို efficiency cores (E-cores) လို့ခေါ်ဆိုပါတယ်။ Intel Core i7-12700H မှာ P-cores ကို 6 Cores 12 Threads ထည့်ထားပြီး E-cores ကိုတော့ 8 Cores 8 Threads အနေနဲ့ ထည့်သွင်းထားတဲ့အတွက် စုစုပေါင်း 14 Cores 20 Threads ရှိပါတယ်။ အရင်ကကောင်းပေ့ဆိုတဲ့ Mobile CPU တွေဟာ 8 Cores 16 Threads လောက်သာပါတာမို့ အတော်တိုးတက်လာတဲ့ Cores အရေအတွက်လို့ဆိုနိုင်ပါတယ်။ Intel Core i7-12700H ရဲ့ P-cores တွေဟာ Base Clock 2.3 GHz နဲ့ Boost Clock 4.7GHz အထိရနိုင်ပြီး E-cores တွေအနေနဲ့ Base Clock 1.7 GHz နဲ့ Boost Clock 3.5GHz အထိရနိုင်ပါတယ်။ Intel Core i7-12700H မှာ Intel Iris Xe graphics လည်းပါဝင်ပြီး ဘက်ထရီချွေတာဖို့လိုတဲ့အခါဖွင့်သုံးနိုင်ပါတယ်။

Graphics ပိုင်းအတွက် Katana GF76 12UD မှာတပ်ဆင်ထားတာက Nvidia RTX 3050Ti 4GB GDDR6 GPU ပါ။ RTX 3050Ti ဟာ 8nm Ampere Architecture နဲ့ ထုတ်ထားတဲ့ GPU ဖြစ်ပါတယ်။ RTX 3050Ti ရဲ့ အကြမ်းဖြင်းစွမ်းဆောင်ရည်က Desktop မှာဆို Nvidia ရဲ့ GTX 1070၊ GTX 1660Ti GTX 1660 Super လောက်ရှိပါတယ်။ Mobile မှာဆိုရင်တော့ RTX 2060 MaxQ လောက်မြန်ပါတယ်။ RTX ဖြစ်တဲ့အတွက် Ray Tracing တွေ DLSS တွေသုံးနိုင်ပါတယ်။ VRAM ကတော့ 4G GDDR6 ပဲရှိလို့ နည်းတယ်လို့ဆိုနိုင်ပြီး 1080P Gaming အတွက်သာသင့်တော်ပါတယ်။

Memory ပိုင်းအနေနဲ့ ဒီဘက်ခေတ်မှာ ပုံမှန်ဂိမ်းကစားဖို့က ဂိမ်းတွေက 8GB နဲ့အထက်လိုအပ်‌ပြီး 16GB ဆိုတာစံနှုန်းတစ်ခုလို‌ဖြစ်နေပါပြီ။ Katana GF76 12UD မှာ 3200MHz ရှိတဲ့ 8GB DDR4 Memory ၂ချောင်းတပါတည်းပါဝင်ပါတယ်။ 16 GB ဆိုတာ သင်ဂိမ်းကစားဖို့ Upgrade လုပ်ရသာသက်သာစေပါတယ်။

Katana GF76 12UD ရဲ့ Specifications တွေကတော့
CPU: Alder Lake Core i7-12700H (14Cores/20Threads, 6 P-Cores and 8 E-Cores)
Memory: 8GB*2 (3200MHz)
Graphics: Nvidia RTX 3050Ti 4GB GDDR6
Storage: 512GB NVMe PCIe Gen4 x4 SSD
Display: 17.3in 144Hz Full HD IPS Level Screen
Dimensions (WxDxH): 398 x273 x25.2mm
Weight: 2.6kg
I/O Ports: 1x USB Type-C 3.2 Gen 1 ,
2x USB Type-A 3.2 Gen 1
1x USB Type-A 2.0
1x HDMI Port
1x RJ45
Connectivity: Wi-Fi 6, Bluetooth 5.2
Webcam: 720P
Speakers: 2x 2W
Audio Jack: 1x 3.5mm Mic-in
3.5mm Headphone-out (HiFi)
Operating System: Windows 11 Home Advanced
Battery: 53.5WH (3 Cell Li-Ion)
Power Adaptor: 180W
Price: $1450-$50=$1400


Design and Build Quality

Design အနေနဲ့ပြောရရင် Katana ဓားလိုပဲ အင်မတန်ရိုးရှင်းပြီးသပ်ရပ်တယ် ကိုယ်ထည်တစ်ခုလုံးဟာ ပလပ်စတစ်ဆိုပေမယ့် သူ့ဈေးတန်းနဲ့သူ စွဲဆောင်မှုအပြည့်ရှိပါတယ်။ ကိုယ်ထည်‌ ကအနက်ရောင်ဖြစ်ပြီး ဘယ်လောက်တောင်မှရိုးရှင်းသလဲဆိုရင် Texture တွေဘာမှထည့်မထားသလို MSI ရဲ့ Dragon တံဆိပ်တောင်ရေးရေးလေးပဲမြင်ရပါတယ်။ ကိုယ်ထည်က အနက်ရောင်မှာ မှိင်းတဲ့ဘက်ဆိုပေမယ့် လက်ရာထင်လို့ မကြာခဏသန့်ရှင်းရေးလုပ်ဖို့လိုပါတယ်။ ရိုးရှင်းလှတဲ့ သူ့ပုံစံက အဖုံးကိုပိတ်ထားမယ်ဆိုရင် Gaming Laptop နဲ့တောင်မတူတဲ့ခံစားချက်ကိုပေးပါတယ်။ အနောက်ဘက်က exhaust ကိုမြင်ရချိန်မှ Gaming Laptop ဆိုတာသိသာစေတဲ့ပုံစံပါ။






နောက်ပိုင်း Laptop တွေပဲ screen ရဲ့ဘောင်လေးတွေက ပါးပါးလေးတွေဖြစ်သွားပါတယ်။ ပလပ်စတစ်ကိုယ်ထည် lid တွေ keyboard တွေကိုဖိကြည့်တဲ့အခါ ညွှတ်သွားတာကိုမတွေ့ရပဲ အတော်လေးတောင့်တင်းတာကိုတွေ့ရတာအားရစရာပါ။


lid က လက်တစ်ဖကိတည်းနဲ့ အသာအယာဖွင့်လို့ရပါတယ် ဒါပေမယ့် ဖွင့်ထားတဲ့အချိန်မှာ နည်းနည်းလှုပ်နေတာတွေ့ရပါတယ်။ ကောင်းတဲ့အချက်က presentation တွေပြချင်ရင် Lid ကို 180°လောက်လှန်ချလို့ရတာပါ။ ဒီLaptop မှာ ပုံမှန်အတိုင်း 720P Webcam ပါဝင်ပြီး သင့်တင့်တဲ့ရုပ်ထွက်ရှိကာ Windows Hello အတွက် IR Camera တော့မပါပါဘူး။




Cooling အတွက် Air Intake အပေါက်လေးတွေက laptop ကိုယ်ထည်အောက်မှာသာရှိပါတယ်။ Exhaust ကတော့ ဘေးဘယ်ဘက်နဲ့ အနောက်နှစ်ဖက်စလုံးမှာရှိတာတွေ့ရပါတယ်။
ကိုယ်ထည်က အလျား 398mm၊ အနံ 273mm နဲ့ အမြင့် 25.2mmရှိပါတယ်။ Screen ဘေးဘောင်တွေပါးတဲ့အတွက် 17.3လက်မ Gaming Laptop ဟာထင်ထားတာထက်ပိုငယ်နေသလိုပါပဲ။ နောက်ထပ်ကောင်းမွန်တဲ့အချက်က Katana GF76ရဲ့ အလေးချိန်ကလည်း 2.6kg သာရှိပြီး အခြား ၁၇လက်မ MSI GP/GL Series Laptop တွေထက်အနည်းငယ်ပေါ့ပါးတယ်ဆိုနိုင်ပါတယ်။ အပြင်ခဏခဏယူသွားတက်တဲ့သူအဖို့ ဒါဟာအတော်ကောင်းတဲ့အချက်ပါပဲ။

Display

Display အနေနဲ့ပြောရရင် Katana GF76 12UD မှာ AU Optronics ရဲ့ (B173HAN04.9)Panel ကိုသုံးထားပါတယ်။ ကျနော်အနေနဲ့ ဒီ display မှာ ကြိုက်တဲ့အချက်တွေ မကြိုက်တဲ့အချက်တွေ ရောပြွန်းနေပါတယ်။ Katana GF76 ရဲ့ 17.3လက်မ Full HD Display ဟာ Laptop အနေနဲ့အရွယ်ကြီးတဲ့အထဲပါတာမို့ သူ့ထက်Screen သေးတဲ့ Laptop တွေထက်ဂိမ်းကစားရတာ အရမ်းsmooth ဖြစ်ပြီးအားရစရာအတော်ကောင်းပါတယ်။ ဒါ့ဟာသူ့ရဲ့ Refresh Rate 144Hz ကြောင့်အပြင် အရမ်းမိုက်တဲ့ Features ဖြစ်တဲ့ Variable Refresh Rate (VRR) ကြောင့် ဂိမ်းတွေကို Tearing တွေ Stuttering တွေမဖြစ်ပဲကောင်းကောင်းကစားစေနိုင်တာကိုကျ‌နော်သိပ်သဘောကျပါတယ်။ VRR ကြောင့် ဆော့ရတာအဆင်ပြေတယ်ဆိုပေမယ့် ပြောစရာရှိတာက Screen က Pixel တစ်ခုနဲ့တစ်ခုကြားအလျှင်အမြန်ပြောင်းမပြနိုင်လို့ ghosting လေးတွေဝင်နေတာကိုတွေ့ရပါတယ် ဆိုလိုတာကsmooth ဖြစ်နေသည့်တိုင် အရမ်းမြန်တဲ့ပုံရိပ်တွေပြသတဲ့အခါအနည်းငယ်ဝါးနေတာကိုတွေ့ရပါတယ်။


နောက်တစ်ခုက Screen ဟာ IPS Level လို့ဆိုပေမဲ့ Viewing Angle က အဆိုးကြီးမဟုတ်ဘူးဆိုရင်တောင်သိပ်မကောင်းပါဘူး။ Color ပိုင်းအနေနဲ့

sRGB 50.96%
AdobeRGB 44.16%
DCI-P3 41.03% သာရှိတဲ့အတွက် Color Gamut တွေက သာမန်Screen လောက်သာရှိတာမို့ Photo and Video Editing တွေရွေးချယ်သင့်တဲ့ Laptop တစ်ခု‌လို့တော့မမြင်ပဲ ဂိမ်းကစားဖို့သာရည်ရွယ်သင့်ပါတယ်။


ကာလာပိုင်းကိုစိတ်တိုင်းမကျပေမဲ့ YouTube နဲ့ Netflix ကရုပ်ရှင်တွေ Video တွေကိုတော့ သူ့ရဲ့ကျယ်ပြောတဲ့ Screen မှာကောင်းကောင်းအရသာခံနိုင်ပါတယ်။ သို့ပေမဲ့ ပြင်းပြတဲ့နေအ‌လင်းရောင်အောက်မှာဆိုရင်တော့ 270nits ဝန်းကျင်သာရှိတဲ့ display ဟာ သိပ်အဆင်မပြေပါဘူး။

Keyboard and Trackpad

MSI ရဲ့ အားသာချက်က သူ့ရဲ့ Laptop တွေမှာ Keyboard တွေဟာ နှိပ်လို့အတော်ကောင်းပါတယ်။
Katana GF76 မှာ Keyboard ဟာ ကိုယ်ထည်ရဲ့ အလယ်ဘက်မှာသာထားရှိတာကိုတွေ့ရပါတယ်။ ဒီလိုကိုယ်ထည် အလယ်လောက်ရောက်သွားတဲ့အတွက် Heat Pipe တွေရဲ့ အပူကနေကင်းဝေးသွားတဲ့အတွက် Keyboard ပေါ်မှာ လက်တင်ပြီးဂိမ်းအကြာကြီးဆော့တာတောင် ပူမလာနိုင်ပါဘူး။ ဒီအချက်ဟာဂိမ်းဆော့တဲ့အချိန်မှာအတော်လေးအဆင်ပြေစေပါတယ်။


Keyboard မှာ Key တွေရဲ့စာသားအားလုံးဟာ အနီရောင်တွေဖြစ်ပြီး အောက်ခြေဘေးပတ်လည်ကို အနီရောင်အနားသတ်ထားပါတယ်။ ဈေးသက်သာတဲ့ဘက်ကိုဦးတည်ထားတဲ့အတွက် Keyboard မှာ RGB Lightတွေမပါပဲ မီးရောင်ကအနီတစ်မျိုးတည်းဖြစ်ပါတယ်။ စာရိုက်ရတဲ့ဖီလင်ကဟာ အတော်ကြီးကိုကောင်းမွန်သလို Key တစ်ခုနဲ့တစ်ခုအကြားအကွာအဝေးကလဲ‌ကောင်းပါတယ်။
Key တစ်ခုခြင်းရဲ့တုံ့ပြန်မှုတွေကလဲကောင်းမွန်ပြီးနှိပ်ကြည့်ရာမှာဆူညံနေတာမျိုးမရှိပါဘူး။ နောက်ပိုင်း MSI Laptop တွေမှာ ပါဝါခလုပ်ကို ကီးဘုတ်ထဲတပါတည်းထည့်သွင်းလာတာကိုသတိထားပါတယ်။ အရွယ်ကြီးတဲ့ Laptop မို့ ညာဘက်ခြမ်းမှာ Numpad အပြည့်အစုံပါဝင်တဲ့အတွက် စာရင်းဇယားတွေကိုင်တွယ်ရမဲ့သူတွေအတွက်ကျေနပ်စရာဖြစ်ပါတယ်။ ပြောစရာရှိလာတာက ဒီကီးဘုတ်အရွယ်အစားဟာ 15.6 လက်မ laptop တွေရဲ့ keyboard နဲ့အတူတူဖြစ်နေတဲ့အတွက် Numpad အရွယ်အစားသေးနေပါတယ်။


Katana GF76 ရဲ့ Trackpad ဟာ အရွယ်အစားအားဖြင့် အနည်းငယ်သေးပါတယ်။ Gaming Laptop တွေဆိုတာက သီးခြား mouse နဲ့ အသုံးတာများ‌တာ‌ကြောင့် Trackpad မကြီးတာအပြစ်မြင်စရာမရှိပါဘူး။ Windows Precision Driver နဲ့ Trackpad ကိုအစဉ်ပြေပြေသုံးနိုင်ပါတယ်။ Left Click နဲ့ Right Click အတွက်သီးခြားခလုပ်မပါသလို နှိပ်ရတာအသံမဆူပါဘူး။ တစ်ခုကောင်းတာက အရင်အပတ်တုန်းက စမ်းခဲ့တဲ့ GL66 လို right click ကိုသုံးရင် နည်းနည်းအားစိုက်ဖိစရာမလိုတာပါ။


Ports

Port တွေအနေနဲ့ ဘယ်ဘက်မှာ Charging Port၊ USB 3.2 Gen 1 တစ်ခုနဲ့ နဲ့ USB 2.0 ၁ခုပါပါတယ်။


ညာဘက်မှာတော့ LAN အတွက် RJ-45 jack တစ်ခု၊ HDMI 2.1 Port တစ်ခု၊ USB 3.2 Gen 1(Type-C) တစ်ခု၊ USB 3.2 Gen 1 နဲ့ 3.5mm Audio Combo Jack တစ်ခုပါပါတယ်။



12th Gen တွေမှာ USB4 နဲ့ Thunderbolt 4 တွေကိုအထောက်အပံ့ပေးပေမယ့် GL66လိုပဲ ဒီlaptopမှာထည့်ပေးထားတာမတွေ့ရပါဘူး။

Webcam

Video Call တွေအတွက် Webcam ရဲ့ ရုပ်ထွက်က ပြတ်သားတဲ့အထဲမပါပေမဲ့ အလင်းသိပ်မရှိတဲ့နေရာမှာလည်း ကောင်းကောင်းမြင်ရပါတယ်။ ယျေဘူယျခြုံပြောရမယ်ဆိုရင် မဆိုးပါဘူး။ Windows Hello ရဲ့ biometric sign-in အတွက် IR Camera ရော Finger Print Reader ရောမပါတဲ့အတွက် PIN code ရိုက်ပြီးသာ log-in ဝင်ရမှာပါ။ Zoom Meeting လုပ်ကြည့်တဲ့အခါ ကိုယ့်ရဲ့ရုပ်နဲ့အသံကို တဖက်ကကောင်းမွန်တဲ့ Feedback ပေးတာတွေ့ရပါတယ်။

Audio

Audio ပိုင်းကိုပြောရမယ်ဆိုရင် MSI Katana GF76 မှာ 2w Speaker ၂လုံးကို Laptop ရဲ့ ဘေးဘက် ဘယ်ညာထောင့်‌တစ်ခုစီမှာနေရာချထားပါတယ်။ အသံကတော့မဆိုးလှပေမယ့် Base အသံတော့နည်းနေတာတွေ့ရပြီး သူမှာပါတဲ့ Nahimic Audio software ကနေ အနည်းငယ် tuning လုပ်လိုက်တာနဲ့ ပိုနားထောင်လို့ကောင်းသွားပါတယ်။ Sound Stage ကတော့ GL66ထက်ပိုကျယ်ပြီး GF76ကအရွယ်လည်းကြီးတာမို့ ဂိမ်းကစားတဲ့အခါ သူ့ရဲ့ Speaker တွေဟာ Surround Effect ကိုပီပီပြင်ပြင်ခံစားရပါတယ်။

Katana GF76 မှာ Headphone နဲ့ Mic အတွက် 3.5mm Audio Combo Jack ပါဝင်ပါတယ် အရွယ်ကြီးတဲ့ laptop မှာ နေရာတွေရှိပါလျက်နဲ့ ဘာလို့ ခွဲမထားလည်းဆို‌တာတော့နားမလည်ပါဘူး။ ဒီဈေးတန်းမှာ အရမ်းမိုက်တဲ့ Features တစ်ခုက Headphone အတွက် MSI က 24 bit 192KHz အထိရတဲ့ HiRes Audio ကိုထုတ်ပေးနိုင်တယ်လို့ဆိုထားတာပါ။ အဲဒီအတွက်ကျနော့်ရဲ့ Hi-Res Headphones တစ်ခုနဲ့ စမ်းသပ်ကြည့်တဲ့အခါ Katana GF76 ရဲ့အသံထွက်ဟာ သီးခြား Sound Card တွေကိုမမှီပေမယ့် Hi-Res သီချင်းတွေကို နားထောင်လို့အတော်လေးအဆင်ပြေတာတွေ့ရပါတယ်။

Nahimic Audioမှာ surround ကို ပုံစံ ၅မျိုးလောက်ထားလို့ရပြီး မိမိစိတ်ကြိုက်ပုံစံထားနိုင်ပါတယ်။
ဂိမ်းဆော့ကြည့်ရာမှာတော့ Battlefield V Multiplayer မှာ အနီးအဝေးအထက်အောက်ဘယ်ညာအသံတွေကို ကောင်းစွာထုတ်ပေးနိုင်ပြီး ကျေနပ်လောက်စရာ အသံကိုကြားရပါတယ်။

သူမှာမူလပါဝင်တဲ့ mic ဟာ ပုံမှန်အခြေအနေမှာဆို ကြည်လင်တဲ့အသံကိုဖမ်းပေးနိုင်ပြီး စိတ်ကျေနပ်စရာကောင်းပေမဲ့ Cooler Boost ဖွင့်ထားချိန်မှာတော့ mic ရဲ့အသံကို Fan တွေရဲ့ဆူညံသံကလွမ်းမိုးသွားတာပါတယ်။ အသံဆူတယ်လို့ယူဆရင်တော့ နားကျပ်တပ်ပြီးကစားတာပိုအဆင်ပြေပါလိမ့်မယ်။ 

Storage

Katana GF76မှာ 512GB ရှိတဲ့ Micron 2450 MTFDKBA512TFK PCIE 4.0 NVME SSD ကိုထည့်‌ထားပါတယ်။ SSDဟာ PCIE 4.0 ဆိုပေမယ့် သူရဲ့ Read/Write နှုန်းတွေဟာ PCIE 3.0 NVME SSD တွေထက် အနည်းငယ်သာပိုပါတယ်။ စွမ်းဆောင်ရည်အတိအကျကို Benchmark ပုံမှာကြည့်ပါ။ SSD ရဲ့ Capacity ဟာ 512GB သာရှိလို့ သာမန်သုံးစွဲသူအတွက်အဆင်ပြေလောက်ပေမဲ့ ဂိမ်းတွေအများကြီးထည့်ထားဖို့ရာ မလုံလောက်ပါဘူး။ အရွယ်ကြီးတဲ့ Laptop မို့ Storage မလောက်ဘူးထင်ရင်ထပ်တိုးဖို့အတွက် SSD တပ်ဖို့နေရာတစ်ခုရှိနေပါသေးတယ်။

Battery

Katana GF76 ရဲ့ဘက်ထရီဟာ capacity 53.5WH ရှိတဲ့ 3 Cell Li-Ion ဖြစ်ပြီး ၁၇လက်မ gaming laptop အတွက်ဆိုရင်နည်းပါးတယ်ဆိုနိုင်ပါတယ်။ ဒီထက်စျေးပိုကြီးတဲ့ GL နဲ့ GP Series တွေမှာဒီထက် ပမာဏပိုများတဲ့ ဘက်ထရီတွေတပ်ဆင်ထားတာတွေ့ရပါတယ်။

MSI Center

Gaming Laptop တွေမှာ Utility Software တစ်ခုပါလေ့ရှိပါတယ်။ MSI မှာဆိုရင်တော့ MSI Center ပါ သူက ကိုယ်သုံးမဲ့ function အလိုက်အတွက် Setting ချိန်လို့ရမယ်၊ ဘက်ထရီခံအောင်သုံးမှာလား စွမ်းဆောင်ရည်အပြည့်သုံးမှာလားစတဲ့ Power တွေချိန်လို့ရမယ်၊ စက်ရဲ့ အပူချိန်နဲ့အမြန်နှုန်းတွေ ဘက်ထရီအခြေအနေတွေကြည့်လို့ရပါမယ်။





ဂိမ်းတစ်ခုခြင်းကို Optimistize လုပ်ပေးမဲ့ Gaming Mode လည်းပါဝင်ပါတယ်။ နောက်ပြီး Esport ဂိမ်းတွေမှာ ကိုယ့်ရဲ့ Gameplay ကို record လုပ်ပြီး social media ပေါ်တင်နိုင်မဲ့ Game Highlights လည်းပါပါတယ်။ MSI Center ဟာ အရင်လို features တွေအများကြီးမထည့်ပေးထားပဲ ကိုယ်အမှန်တကယ်သုံးမယ့် features တွေကိုတစ်ခုခြင်းသွင်းရတာဖြစ်တဲ့အတွက်သဘောကျမိပါတယ်။

Testing Methodology and Benchmarks

CPU Benchmark အတွက် Cinebench R15၊ Cinebench R20၊ Cinebench R23 နဲ့ Geekbench 5 ကိုထည့်သွင်းစမ်းသပ်ထားပါတယ်။ 8 Cores 16 Thread ရှိတဲ့ Core i7-12700Hဟာ Laptop အနေနဲ့ဆို Performance အရမ်းကောင်းပြီး overkill ဖြစ်နေတယ်လို့ ပြောရလောက်အောင် လိုတာထက်ပိုတဲ့စွမ်းဆောင်ရည်တွေရှိပါတယ်။ Core i7-12700Hရဲ့ Clock Speed တွေက အချို့သော Benchmark တွေမှာဆို Single Core မှာ P-Cores ဟာ 4.4GHz အထိရပြီး ဂိမ်းဆော့နေချိန်မှာဆို 4.0~3.8GHz ဝန်းကျင်ရပါတယ်။ Rendering လုပ်ချိန်မှာ Multi Core မှာ‌‌တော့ P-Cores တွေဟာ 3.2GHz နဲ့ E-cores တွေဟာ 2.7GHz အထိသာအများဆုံးတွန်း‌ပေးတာတွေ့ရပါတယ်။ GL66နဲ့ CPU အတူတူပဲဆိုပေမယ့် TDP တွေချိန်ထားတာပိုနည်းတဲ့အတွက် စွမ်းဆောင်ရည်မသိမသာပိုနည်းပါတယ်။




Gaming Performance အတွက် ဂိမ်းဆယ်မျိုးနဲ့စမ်းသပ်ထားပါတယ် အများစုက AAA Titles တွေပါ။ RTX 3050Ti ဟာ အရင်မျိုးဆက် RTX 2060 MaxQနဲ့ စွမ်းဆောင်ရည်တူတူလောက်ရှိပါတယ်။ ဒါပေမယ့် VRAM ကတော့ 4GB သာပါပါတယ်။ RTX 3050Ti ဟာ စွမ်းအားသိပ်မကောင်းလို့ RTX 3060 လို Ray Tracing ကိုမိုင်ကုန်သုံးလို့အဆင်မပြေလှပေမယ့် Tensor Core တွေပါသေးတဲ့အတွက် DLSS ပါတဲ့ဂိမ်းတွေမှာ အပိုဆောင်းFPS တွေရနိုင်ပါတယ်။ RTX 3050Ti ကိုစမ်းသပ်ကြည့်တဲ့အခါ အချို့ဂိမ်းတွေကို Ultra Setting မှာ 50FPS ဝန်းကျင်ရပြီးဂိမ်းအများစုကို 60~80fps ဝန်းကျင်အထိရတာကိုတွေ့ရပါတယ်။


Ray Tracing ဖွင့်ကစားမယ်ဆိုရင်တောင် မူလက 70FPS ဝန်းကျင်ရနေတဲ့ဂိမ်းအများစုကို DLSS မသုံးပဲ 40FPS လောက်မှာကစားနိုင်တာကိုတွေ့ရပါတယ် DLSS Quality နဲ့ဆိုရင် 55~60FPS ဖြစ်လာပါတယ်။ Ray Tracing မသုံးပဲ DLSS Quality သုံးမယ်ဆိုရင် Shadow of the Tomb Raider နဲ့ Crysis 3 Remastered ဂိမ်းတွေမှာ FPS 90~100 ဖြစ်လာလို့ ဂိမ်းကစားရတာအတော်လေးမိုက်သွားပါတယ်။


သူ့မှာပါတဲ့ Iris Xe Graphics ဟာ အရင် Gen တုန်းက ဂိမ်းတွေနဲ့ သိပ် compatible မဖြစ်ပေမယ့် အခုပိုအဆင်ပြေလာတာကိုလည်းသတိထားမိပါတယ်။ ဂိမ်းကစားတဲ့အချိန်တွဲဖက်ထားတဲ့ Screen က VRRပါဝင်တာမို့ သာမန် Gaming Laptop တွေထက် အရမ်းကိုညက်ညောတဲ့ Gameplay ကိုလည်းခံစားနိုင်ပါတယ်။

Overall Performance အတွက်ကတော့ PCMark 10 နဲ့ပါ။ Productivity အတွက် Blender၊ Corona နဲ့ V-Ray ကိုထည့်သွင်းစမ်းသပ်ထားပါတယ်။








Storage အတွက် CrystalDiskMark နဲ့စမ်းသပ်ထားပါတယ်။ Benchmark တွေစမ်းလို့ရလာတဲ့ အသေးစိတ်ကို graph တွေနဲ့ပြထားပေးပါတယ်။ Benchmark အားလုံးကို Windows 11 Version 21H2 နဲ့ GeForce Driver Version 511.65 မှာစမ်းသပ်ထားပါတယ်။


53.5WH ရှိတဲ့ Katana GF76 ရဲ့ ဘက်ထရီစွမ်းဆောင်ရည်ကို Audio Level and Brightness 50% နဲ့ Power Balanced Mode မှာ Netflix ကြည့်တာ ၄နာရီကျော်လောက်ကြည့်လို့ရပါတယ်။ ဂိမ်းဆော့ရင်တစ်နာရီကျော်ရုံလေးသာရပါတယ်။


ဒီထက်နည်းတဲ့workloads တွေနဲ့ battery saving mode တွေမှာထားရင် ပိုခံမယ်လို့ထင်ပါတယ်။ ဂိမ်းဆော့မယ်ဆို၁နာရီဝန်းကျင်သာရပါတယ်။ ၁၇လက်မ laptop ဖြစ်ပြီး GL66 နဲ့ ဘက်ထရီပမာဏတူတူဆိုပေမယ့် CPU နဲ့ GPU တွေက ပါဝါစားသုံးမှုပိုနည်းတဲ့အတွက် GL66 ထက် ဘက်ထရီအနည်းငယ်ပိုခံတာတွေ့ရပါတယ်။

Temperatures and Noise

Katana GF76 12UD မှာသုံးထားတာက 14 Cores 20 Threads ရှိတဲ့ Core i7-12700Hပါ အရင်အပတ်ကစမ်းခဲ့တဲ့ GL66 နဲ့ အတူတူပဲဆိုပေမယ့် turbo boost TDP တွေမတူပဲပိုနည်းတယ်ဆိုနိုင်ပါတယ်။ ဂိမ်းကစားတဲ့အခါ CPU က Clock Speed က 3.8 GHz မှာအမြဲလိုလို ထိန်းထားနိုင်စွမ်းရှိတာကိုတွေ့ရပါတယ်။ Katana GF76 ရဲ့ Cooling System မှာ Heatpipe ၆ချောင်း နဲ့ GPU Cooling အတွက် Fan ၁ခုနဲ့ CPU Cooling အတွက် fan ၁ခုကိုထည့်ပေးထားပါတယ်။ ဂိမ်းကစားတဲ့အခါ Fan ကို‌ Auto Mode မှာထားကစားရင် အများဆုံး CPUက 95°C နဲ့ GPU က 73°C လောက်အထိတက်လာပြီး Cooler Boost သုံးပြီးကစားမယ်ဆိုရင် CPU က အမြင့်ဆုံး 94°C နဲ့ GPU က 72°C လောက်ရှိပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီလိုအရွယ်ကြီးမားတဲ့ Laptop မှာ Cooling ပိုင်းကိုသိပ်အားမရပဲ ဒီထက်နည်းနည်းလေးပိုကောင်းရင်ပိုသဘောကျမိမှာပါ။


ဒါပေမယ့် အဆင်ပြေသွားတာတစ်ခုက Laptop ရဲ့ အပူဆုံးနေရာဟာ အလယ်လောက်မှာရှိလို့ ဂိမ်းကစားတဲ့အခါ စိတ်အနှောင့်အယှက်ဖြစ်တာ‌မျိုးမကြုံရပါဘူး။Gaming mouse သုံးပြီး ဂိမ်းဆော့ကြည့်တဲ့အခါမှာလည်း exhaust ကထွက်တဲ့လေပူတွေက လက်ကိုမရောက်လာတဲ့အတွက်အနှောင့်အယှက်ကင်းကင်းနဲ့ဆော့နိုင်ပါတယ်။ အပူချိန်နဲ့ပတ်သက်ပြီး အသေးစိတ်ကိုပုံမှာပြထားပါတယ်။



Katana GF76 ဟာ ရိုးရိုးအခြေအနေမှာရော ဂိမ်းဆော့နေတဲ့အချိန်မှာပါ အတော်လေးတိတ်ဆိတ်ပါတယ်။ အပူပိုစွန့်ထုတ်နိုင်အောင် Cooler Boost ကိုဖွင့်သုံးမယ်ဆိုရင် အသံက GL66တုန်းကလိုပဲ အတော်လေးဆူလာပါတယ်။ MSI Center မှာ AI Engine ပါတဲ့အတွက် အပူချိန်အပေါ်မူတည်ပြီး fan ကိုအတိုးအလျော့လုပ်ပေးနိုင်တဲ့အတွက်အသံသိပ်မဆူအောင်လုပ်ထားနိုင်ပါတယ်။ အသေးစိတ်ကို ပုံမှာပြထားပါတယ်။

Power Draw

Power ပိုင်းအနေနဲ့ Benchmark တွေအရ Single Core မှာ 50W လောက်အထိသုံးတာ‌ တွေ့ရပါတယ်။ Multi Core CPU Rendering လုပ်နေချိန်မှာ CPU ဟာ 80W အထိသုံးနေပြီး တစ်ခါတရံမှာ 105W အထိထိုးတက်သွားတာတွေ့ရပါတယ်။ CPU ကိုပါဝါသိပ်မပေးချင်ရင် Intel Extreme Tuning Utility မှာ ပါဝါပိုင်းကိုအတိုး‌အလျော့လုပ်လို့ရပါတယ်။ ဒါပေမယ့် Unlock CPU မဟုတ်တာမို့ Overclocking နဲ့ E-cores တွေကိုပိတ်ထားမျိုးတွေတော့ လုပ်လို့မရနိုင်ပါဘူး။ GPU ကတော့ ပုံမှန်ဂိမ်းကစားရင် CPU က 50W လောက်သုံးပြီး GPUက 65W လောက် သုံးနေပါတယ်။ အကယ်၍ CPU ကိုအရမ်းအသားပေးတဲ့ workload တွေမှာဆို CPU က 80W လောက်စားပါတယ်။

The Good

  • Stylish and Minimalist
  • Very Powerful Mobile CPU
  • Smooth Gameplay with 144Hz VRR

The Bad

  • Weak Display (Color Gamut, Ghosting)
  • Small Numpad for 17in Laptop
  • Poor Battery Life Due to Small Battery

Conclusion

ရိုးရှင်းလှပတဲ့ Katana GF76 ဟာ စွမ်းအားကောင်းလှတဲ့ Intel ရဲ့ နောက်ဆုံးထွက် 12th Gen CPU ကြောင့် desktop အမြင့်ပိုင်းလိုစွမ်းဆောင်ရည်ရှိပါတယ်။ ဘက်ဂျက်အသားပေး Nvidia RTX 3050Ti ဟာ စွမ်းဆောင်ရည်အထိုက်အလျောက်ရှိပြီး ဂိမ်း‌တွေကိုကောင်းကောင်းကိုင်တွယ်နိုင်ပါတယ်။ DLSS နဲ့ဆိုရင် 1660Ti ထက်ပို‌‌ကောင်းတဲ့စွမ်းဆောင်ရည်ကိုရနိုင်ပါတယ်။ လက်ရှိ DLSS ကိုဂိမ်းပေါင်း၁၅၀အထက်မှာ အထောက်အပံ့ပေးလာပါပြီ။ Screen latency ရှိတယ်ဆိုပေမယ့် VRR ကြောင့်ဂိမ်းတွေကိုကစားရတာအတော်လေးချောမွေ့ပါတယ်။ SSD က ပမာဏမများပေမယ့် ထပ်တိုးဖို့နေရာရှိပါတယ်။


MSI Katana GF76ဟာ ဈေးသက်သာဖို့ထုတ်ထားပေမယ့် ကောင်းမွန်တဲ့တည်ဆောက်ပုံထိုက်သင့်တဲ့အရည်အသွေးရှိတာကြောင့် ပိုက်ဆံများများမသုံးပဲ မျက်နှာပြင်ကျယ်ကျယ်နဲ့ ဂိမ်းဆော့ချင်တဲ့သူတွေအနေနဲ့ စဉ်းစားသင့်တယ်လို့မြင်ပါတယ်။ MSI Katana GF76 12UD ရဲ့ ဈေးနှုန်းဟာ $1450 ဖြစ်ပြီး cash back $50ရှိလို့ လက်ရှိ $1400သာကျသင့်မှာဖြစ်ပါတယ်။

Review တွေအတွက် ကျနော့်မှာနာရီပေါင်းများစွာစမ်းသပ်ထားရပါတယ်။ ဒီလို review တွေရေးပြီးချိန်မှာ မိတ်ဆွေတို့ရဲ့ Like တစ်ချက် Share တစ်ခုဟာ နောက်စာတွေဆက်ရေးဖို့ကျနော့်ကိုများစွာအားတက်စေတာမို့ သဘောကျနှစ်သက်တယ်ဆိုလို့ရှိရင် Page လေးကို Like and Share လုပ်ပေးခြင်းဖြင့်ကူညီပါလို့တောင်းဆိုလိုက်ပါတယ်။ ကျနော့်ကို Review Unit ပေးတဲ့ MSI Gaming ကိုလည်းအထူးကျေးဇူးတင်ပါတယ်။

#EnThueTech
#Review
#Gaming #Laptop
#MSI #KatanaGF76


Post a Comment

0 Comments