Subscribe Us

header ads

Review: MSI Vector GP66 12UE with Nvidia RTX 3060 (TDP 115W)



ဒီ review ကိုမစခင်မှာ မိတ်ဆွေတို့ကို နည်းနည်းလောက်ပြောပြထားချင်ပါတယ်။ နောက်ပိုင်းနှစ်တွေမှာ gaming laptop ကိုရွေးချယ်ရတာ ပုံမှန် user တစ်ယောက်အဖို့ အရင်လိုသိပ်ပြီးလွယ်ကူမနေတော့ပါဘူး။ အရင်တုန်းက gaming laptop ဝယ်မယ်ဆိုရင် spec တူတဲ့gaming laptop တွေဆိုရင် စွမ်းဆောင်ရည်ကသိပ်ပြီးမကွာလှပါဘူး။ graphics ပိုင်းမှာဆိုရင်လည်း ပုံမှန် GPU နဲ့ Max-Q ကိုခွဲထားပေးလို့ အပူနဲ့ပါဝါစားသက်သာတာလိုချင်ရင် Max-Q ကိုရွေးလိုက်ရုံပါပဲ။ နောက်ပိုင်းမှာ Intel တို့ Nvidia တို့ဟာ laptop manufacturer တွေကို သူတို့ထုတ်မယ့် laptop တွေမှာ CPU/GPUကို TDP တွေစိတ်ကြိုက်ချိန်ညှိခွင့်ပေးလိုက်ပါတယ်။ ဒါ့အပြင် manufacturerတွေကလည်း အရင်လို Max-Q ဆိုပြီး ရေးပြလေ့သိပ်မရှိတော့တာကြောင့် laptop စွမ်းဆောင်ရည်ကိုခန့်မှန်းရတာပိုခက်ခဲလာပါတယ်။ စာရွက်ပေါ်မှာ specificationက တူတူပဲထင်ရပေမယ့် ကွဲပြားခြားနားတဲ့ TDP တွေကြောင့် အမှန်တကယ်အသုံးပြုကြည့်တဲ့အခါ သိသိသာသာကွာခြားနေတာမျိုးတွေဖြစ်လာပါတယ်။ ဆိုတော့ကာ user တစ်ယောက်အဖို့ ဒီတိုင်းပုံမှန် spec ကြည့်ပြီးရွေးချယ်လို့အဆင်မပြေတော့ပဲ အဝယ်မမှားရအောင် ကိုယ်ဝယ်ချင်တဲ့ laptop ကိုသေသေချာချာ review လုပ်ပေးထားတာကိုကြည့်ဖို့ အင်မတန်လိုအပ်လာပါတယ်။

Introduction

ဒီတစ်ခေါက်မှာ ကျနော် review လုပ်သွားမှာက MSI ရဲ့ Vector GP66 ဖြစ်ပြီး စာရွက်ပေါ်က specification အရတော့ အရင်စမ်းဖူးတဲ့ MSI Pulse GL66 နဲ့ အတူတူလို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် GP Series တွေဆိုတာက Performance ပိုင်းကိုဦးစားပေးထားလို့ စွမ်းဆောင်ရည်ပိုကောင်းသလို ပိုမြင့်တဲ့ series ဖြစ်တာမို့ တည်ဆောက်ပုံနဲ့ အချို့ function တွေမှာသိသိသာသာပိုကောင်းပါတယ်။ GP Series တွေဟာ စွမ်းဆောင်ရည်ကိုတက်နိုင်သမျှကောင်းအောင်ဖန်တီးထားတာမို့ gaming အတွက်အရေးကြီးဆုံးဖြစ်တဲ့ သူ့ရဲ့ RTX 3060 ကို အမြင့်ဆုံးရနိုင်တဲ့ TDP 115W အထိတပ်ဆင်ပေးထားပါတယ်။ ဒီလို TDP 115W အထိရှိနေခြင်းက ဂိမ်းကစားရာမှာ ဘယ်လောက်အထိစွမ်းဆောင်ရည်ကွာသွားနိုင်မလဲဆိုတွေ့ရမှာဖြစ်ပါတယ်။

Specifications

ကျနော် အရင်က review တွေမှာလိုပဲ GP66 မှာ Intel Core i7-12700H သုံးထားပါတယ်။ ဒီ CPU ကိုကျနော်စမ်းတာ ဒီတစ်ခေါက်အပါအဝင်ဆိုရင် ၄ကြိမ်ရှိပါပြီ။ သူက 12th Gen Alder Lake H-series CPUဖြစ်ပြီး Hybrid Design ကိုသုံးပါတယ်။ Alder Lake ရဲ့ Hybrid Design ဟာ ARM ရဲ့ big.LITTLE architecture လိုခပ်ဆင်ဆင်တူပါတယ်။ ARM မှာ high performance အတွက် big Cores တွေရှိပြီး low performance အတွက် LITTLE cores တွေကိုသုံးပါတယ်။ ဒီလိုဆင်တူတဲ့ Intel ရဲ့ Hybrid Designမှာ စွမ်းဆောင်ရည်ကောင်းတဲ့ core တွေကို performance cores (P-cores) တွေလို့ခေါပြီး ပါဝါစားသက်သာတဲ့ core တွေကို efficiency cores (E-cores) လို့ခေါ်ဆိုပါတယ်။ Intel Core i7-12700H မှာ P-cores ကို 6 Cores 12 Threads ထည့်ထားပြီး E-cores ကိုတော့ 8 Cores 8 Threads အနေနဲ့ ထည့်သွင်းထားတဲ့အတွက် စုစုပေါင်း 14 Cores 20 Threads ရှိပါတယ်။ Intel Core i7-12700H ရဲ့ P-cores တွေဟာ Base Clock 2.3 GHz နဲ့ Boost Clock 4.7GHz အထိရနိုင်ပြီး E-cores တွေအနေနဲ့ Base Clock 1.7 GHz နဲ့ Boost Clock 3.5GHz အထိရနိုင်ပါတယ်။ Laptop တစ်ခုအနေနဲ့ အတော်များပြားလှတဲ့ Cores/Threads ရှိတယ်လို့ဆိုနိုင်ပါတယ်။


Graphics ပိုင်းအတွက် Vector GP66 12UE မှာတပ်ဆင်ထားတာက Nvidia RTX 3060 6GB GDDR6 GPU ပါ။ RTX 3060 ဟာ Samsung ရဲ့ 8nm Ampere Architecture နဲ့ ထုတ်ထားတဲ့ GPU ပါ။ Desktop RTX 3060 မှာ 12GB GDDR6 ပါပေမယ့် Laptop တွေမှာတော့ 6GB GDDR6 သာပါဝင်ပါတယ်။ အတူတူထင်ရပေမယ့် RTX 3060 ဟာ GL66 မှာတုန်းက TDP 80W ဖြစ်ပြီး Max-Q မဟုတ်တဲ့အထဲမှာ အနိမ့်ဆုံးလို့ဆိုနိုင်ပါတယ်။ Vector GP66 12UE ရဲ့ RTX 3060 ဟာ TDP 115W ဖြစ်ပြီး အမြင့်ဆုံး configuration ဖြစ်ပါတယ်။

Memory ပိုင်းအနေနဲ့ ဒီဘက်ခေတ်မှာ ပုံမှန်ဂိမ်းကစားဖို့က ဂိမ်းတွေက 8GB နဲ့အထက်လိုအပ်‌ပြီး 16GB ဆိုတာစံနှုန်းတစ်ခုလို‌ဖြစ်နေပါပြီ။ Vector GP66 12UE မှာ 3200MHz ရှိတဲ့ 8GB DDR4 Memory ၂ချောင်းတပါတည်းပါဝင်ပါတယ်။

Vector GP66 12UE ရဲ့ Specifications တွေကတော့
CPU: Alder Lake Core i7-12700H (14Cores/20Threads, 6 P-Cores and 8 E-Cores)
Memory: 8GB*2 (3200MHz)
Graphics: Nvidia RTX 3060 6GB GDDR6 (TDP 115W)
Storage: 1TB NVMe PCIe Gen4 x4 SSD
Display: 15.6in 240Hz Full HD IPS Level Screen
Dimensions (WxDxH): 358 x 267 x 23.4 mm
Weight: 2.38 kg
I/O Ports: 1x USB Type-C 3.2 Gen 2/DP,
3x USB Type-A 3.2 Gen 1
1x HDMI Port (8K 60Hz/4K 12Hz)
1x Mini-DisplayPort
1x RJ45
Connectivity: Wi-Fi 6E, Bluetooth 5.2
Keyboard: Per-Key RGB Backlight Keyboard
Webcam: 720P
Speakers: 2x 2W
Audio Jack: 1x 3.5mm Audio Combo Jack (HiFi)
Operating System: Windows 11 Home
Battery: 65WH (4 Cell Li-Ion)
Power Adaptor: 240W
Price: $1850-$100=$1750

Design and Build Quality

Design အနေနဲ့ပြောရရင် GP66 ကိုယ်ထည်တစ်ခုလုံးဟာ အနက်ရောင်ဖြစ်ပြီး ပြောင်လက်ခြင်းမရှိပဲအရောင်မှိုင်ပါးတယ်။ သူ့ရဲ့ အခြေခံထားတဲ့ ကိုယ်ထည်ပုံစံက GL နဲ့အတော်များများတူတယ်လို့ဆိုနိုင်ပါတယ် ဒါပေမယ့် GL ထက် အနည်းငယ်ပိုကောင်းတဲ့ model ဖြစ်တဲ့အတွက် ပုံစံဆင်ပေမယ့် ရုပ်ထွက်နဲ့ ကိုယ်ထည်မှာ သုံးထားတဲ့ပစ္စည်းတွေမှာ ပိုပြီး premium ဆန်တယ်‌လို့ပြောနိုင်ပါတယ်။

GL66 တုန်းက lid ကိုသာ အလူမီနီယံသုံးထားတယ်ဆိုပေမယ့် GP66 မှာ ကိုယ်ထည်တစ်ခုလုံးက အလူမီနီယံသုံးလာပါတယ်။ Lid ဟာ ရှင်းလင်းသပ်ရပ်တယ်ဆိုနိုင်ပြီး သိသာထင်ရှားတာဆိုလို့ Dragon Logo သာတွေ့ရပါတယ်။

Hinge က အရှေ့ဘက်ကို အနည်းငယ်ရောက်လာပြီး screen ကို 140° အထိလှန်လို့ရပါတယ်။


screen ရဲ့ဘောင်လေးတွေက နောက်ပိုင်း laptop တွေထုံးစံအတိုင်းပါးပါးလေးတွေဖြစ်သွားပါတယ်။ Screen အောက်ခြေနားမှာMSI logo အသစ်ဟာ ရှိတယ်လို့မထင်ရအောင် မှိန်မှိန်လေးထိုးထားပါတယ်။


lid တွေ keyboard တွေကိုဖိကြည့်တဲ့အခါ ညွှတ်သွားတာကိုမတွေ့ရပဲ အတော်ကိုတောင့်တင်းတာတွေ့ရပါတယ်။ lid က လက်တစ်ဖက်တည်းနဲ့ အသာလေးဖွင့်လို့ရသလို တောင့်တောင့်တင်းတင်းလည်းရှိပါတယ်။


720P Webcam ပါဝင်တယ်ဆိုပေမယ့် Windows Hello အတွက် Webcam နဲ့တွဲဖက်အလုပ်လုပ်မဲ့ IR Camera တော့မပါပါဘူး။


Cooling အတွက် Air Intake အပေါက်လေးတွေက laptop ကိုယ်ထည်အောက်မှာသာရှိပါတယ်။ Exhaust အပေါက်တွေကို အနောက်ဘက်နဲ့ ဘေး၂ဘက်လုံးကိုပို့ထားတဲ့အတွက် cooling ပိုင်းကပိုသာပါတယ်။



ကိုယ်ထည်က အလျား 358mm၊ အနံ 267mm နဲ့ အမြင့် 23.4mmရှိပါတယ်။ Screen ဘေးဘောင်တွေပါးတဲ့အတွက် 15.6လက်မ Gaming Laptop ဟာပိုငယ်နေသလိုခံစားရပါတယ်။ အလေးချိန်ကလည်း 2.38kg က Gaming Laptop တစ်ခုအတွက်ပုံမှန်ပဲလို့ဆိုနိုင်ပါတယ်။ အောက်ဘက်မှာ Memory နဲ့ Storage တိုးဖို့ quick access panel လည်းပါဝင်တာက ကျေနပ်စရာပါ။

Display

Display အနေနဲ့ပြောရရင် Vector GP66 မှာ Sharp ရဲ့ (LQ156M1JW03)Panel ကိုသုံးထားပြီး GL66နဲ့အတူတူဖြစ်ပါတယ်။ သူ့ရဲ့ 15.6လက်မ Full HD Display ဟာ 240Hz လည်းဖြစ်တာမို့ eSport ဂိမ်းတွေကိုကစားတဲ့အခါ အရမ်းသွက်လက်ပြီး 144Hz တွေထက် ပိုမိုသာလွန်တယ်ဆိုတာသိသိသာသာခံစားရပါတယ်။


ပြောစရာရှိတာက Screen က 240Hz ကြောင့် smooth ဖြစ်တယ်ဆိုပေမဲ့ desktop တွေကို မမှီပဲ ghosting လေးတွေဝင်ပြီး အနည်းငယ်ဝါးနေတာတွေ့ရပါတယ်။ အကယ်၍ MSI Center ထဲမှာ Display Overdrive ကိုဖွင့်သုံးပေးမယ်ဆိုရင်နည်းနည်းသက်သာပါလိမ့်မယ်။ နောက်တစ်ချက်က VRR ကို အထောက်အပံ့မပေးတာဖြစ်ပါတယ်။ Viewing Angle ကတော့ ကောင်းတယ်လို့ဆိုနိုင်ပါတယ်။


Color ပိုင်းမှာလည်း
sRGB 99.89%
AdobeRGB 85.78%
DCI-P3 79.72% ရှိတဲ့အတွက် Color Gamut က Photo and Video Editing တွေမှာလည်းကောင်းကောင်းအသုံးချနိုင်လို့ နေ့လည်ခင်းအလုပ်လုပ်ပြီး ညဘက်ဂိမ်းဆော့ချင်တဲ့သူများအတွက် သင့်တော်တယ်ဆိုနိုင်ပါတယ်။ ကာလာပိုင်းကောင်းတာမို့ YouTube နဲ့ Netflix ကရုပ်ရှင်တွေ Video တွေကို Screen မှာကောင်းကောင်းအရသာခံနိုင်ပါတယ်။ screen ရဲ့ brightness က 270nits ဆိုတော့ အရမ်းလင်းလွန်းတဲ့နေရောတွေလောက်ကလွဲရင် အဆင်ပြေပြေသုံးနိုင်ပါတယ်။

Keyboard and Trackpad

GP 66 မှာ ပိုကောင်းတဲ့ SteelSeries Keyboard ကိုအသုံးပြုလာပြီး per key RGB Lights ပါဝင်လာပါတယ်။ ဒီအတွက် keyboard ကိုစိတ်ကြိုက် effect တွေထားနိုင်မှာပါ။ RGB အရောင်တွေကိုတော့ MSI Center ထဲက Mystic Light နဲ့ SteelSeries Engine မှာပြောင်းလို့ရပါတယ်။ ကျနော့်အမြင်မှာ RGB မီးရောင်က ကြည့်ရတာအဆင်ပြေတယ်ဆိုပေမယ့် နည်းနည်းမှိန်တယ်လို့ခံစားရပါတယ်။ တစ်ခုသဘောကျစရာက Fn ကီးကိုနှိပ်တဲ့အခါ ကီးဘုတ်မှာ RGB မီးတွေပိတ်သွားကာ အပေါ်ဘက်က function key တွေမှာသာအနီရောင်မီးလင်းလာတာမို့ အမှောင်ထဲမှာသုံးရတာအတော်လေးအဆင်ပြေသွားတာပါ။


GP66 ဟာ ဂိမ်းဆော့တာအပြင် စာရိုက်ရတဲ့ဖီလင်ကလည်းတော့ အတော်ကြီးကိုကောင်းမွန်သလို Key တစ်ခုနဲ့တစ်ခုအကြားအကွာအဝေးကလဲကောင်းမွန်ပြီး စာလုံးတွေမှားရိုက်မိတာမျိုးလဲမရှိပါဘူး။ Key တစ်ခုခြင်းရဲ့တုံ့ပြန်မှုတွေကလဲကောင်းမွန်ပြီး နှိပ်ကြည့်ရာမှာဆူညံနေတာမျိုးမရှိပါဘူး။ အားနည်းချက်က Numpad မပါဝင်တဲ့အတွက် စာရင်းဇယားတွေကိုင်တွယ်ရမဲ့သူတွေအတွက် နည်းနည်းအားမရတာဖြစ်နိုင်ပါတယ်။


Trackpad ပိုင်းအနေနဲ့ အရွယ်အစားအနည်းငယ်သေးတယ်လို့ဆိုနိုင်ပြီး သီးခြား key တွေမပါပါဘူး။ Trackpad ပေါ်မှာလည်း texture တွေ မထည့်ထားပါဘူး။ Windows Precision Driver နဲ့ Trackpad ကိုအစဉ်ပြေပြေသုံးနိုင်‌ပြီး click ကို အနည်းငယ်အားစိုက်ဖိဖို့လိုပါတယ် ဒါပေမယ့် လှုပ်နေတာ၊ဆူညံနေတာမျိုးတော့မရှိပါဘူး။

Ports

Port တွေအနေနဲ့ GP66 ဟာ ယခင် gaming laptop တွေနဲ့ IO port နေရာအထားအသိုတွေပြောင်းလဲလာ‌တာတွေ့ရပြီး တက်နိုင်သမျှကြိုးတွေရှုပ်မနေအောင် ဒီဇိုင်းပြုထားတာကိုတွေ့ရပါတယ်။

ဘယ်ဘက်မှာဆိုရင် USB 3.2 Gen 1 တစ်ခု၊ USB Type-C 3.2 Gen 2/DP တစ်ခုနဲ့ Audio Combo Jack တစ်ခုကိုတွေ့ရပါတယ်။


ကျောဘက်မှာတော့ Charging Port၊ HDMI 2.1 Port HDMI Port (8K 60Hz/4K 12Hz) တစ်ခု၊ Mini-DisplayPort တစ်ခုနဲ့ LAN အတွက် RJ45 တစ်ခုတို့ကိုတွေ့ရပြီး ဒီပုံစံကြောင့် ကြိုးရှုပ်မနေပဲ အမြင်ပိုရှင်းသွားစေတာကသဘောကျစရာပါ။ စွမ်း‌အားကောင်းတဲ့ hardware တွေကြောင့် USB Type-C ကို ပါဝါကြိုးအနေနဲ့သုံးလို့မရတော့တာက ဝမ်းနည်းစရာပါပဲ။ 12th Gen တွေမှာ USB4 နဲ့ Thunderbolt 4 တွေကိုအထောက်အပံ့ပေးပေမယ့် ဒီမှာထည့်ပေးထားတာမတွေ့ရပဲ GP ထက်ပိုမြင့်တဲ့ GE နဲ့ GS Series တွေမှာသာရနိုင်ပါလိမ့်မယ်။


ညာဘက်မှာတော့ USB 3.2 Gen 1 နှစ်ခုသာပါပြီး card reader ကို ဘယ်မှာမှမထည့်ပေးထားပါဘူး။

Webcam

Video Call တွေအတွက် Webcam ရဲ့ ရုပ်ထွက်က အရမ်းမိုက်တဲ့အထဲမပါပေမယ့် ကောင်းတယ်လို့ပြောနိုင်သလို အလင်းသိပ်မရှိတဲ့နေရာမှာလည်း ကောင်းကောင်းမြင်ရပါတယ်။ IR Camera ရော Finger Print Reader ရောမပါတဲ့အတွက် PIN code ရိုက်ပြီးသာ log-in ဝင်ရမှာပါ။

Audio

Audio ပိုင်းကိုပြောရမယ်ဆိုရင် Vector GP66 မှာ 2w Speaker ၂လုံးကို Laptop ရဲ့ အောက်ဘက်ဘယ်ညာထောင့်‌တစ်ခုစီမှာနေရာချထားပါတယ်။ Speaker တွေရဲ့အသံထွက်က GL ထက်နည်းနည်းသာသလိုတော့ခံစားရပါတယ်၊ mid နဲ့ high အသံတွေမဆိုးဘူး ဒါပေမယ့် အသံနည်းနည်းလေးတိုးပါတယ် woofer မပါလို့ base ကပါးတယ်လို့ဆိုနိုင်ပါတယ်။

Vector GP66 မှာ Headphone နဲ့ Mic အတွက် 3.5mm Audio Combo Jack တစ်ခုပါဝင်ပြီး Gaming Headset အများစုနဲ့အဆင်ပြေပြေသုံးနိုင်မှာပါ။ Audio အတွက် 24 bit 96KHz အထိရတဲ့ HiRes Audio ကိုထုတ်ပေးနိုင်တယ်လို့ဆိုထားပါတယ်။ သူ့ရဲ့ထုတ်ပေးတဲ့အသံက အတော်လေးကောင်းပါတယ် သီချင်းတွေဘာတွေနားထောင်ကြည့်ရတာလည်းမိုက်ပါတယ်။


GP66 မှာ Nahimic Audio software တစ်ခုပါဝင်ကာ surround ကို ပုံစံ ၅မျိုးလောက်ထားနိုင်ပါတယ်။ ဂိမ်းဆော့ကြည့်ရာမှာတော့ Battlefield V Multiplayer မှာ အနီးအဝေးအထက်အောက်ဘယ်ညာအသံတွေကို ကောင်းစွာထုတ်ပေးနိုင်ပြီး ကျေနပ်လောက်စရာ အသံကိုကြားရပါတယ်။ Surround အသံထွက်ပိုကောင်းမလားဆိုပြီး Dolby သွင်းကြည့်ပေမယ့်လည်း laptop speaker နဲ့အလုပ်မလုပ်ပဲ headphones jack နဲ့သာအလုပ်လုပ်သာတွေ့ရပါတယ်။


သူမှာမူလပါဝင်တဲ့ mic ဟာ ပုံမှန်အခြေအနေမှာဆို ကြည်လင်တဲ့အသံကိုဖမ်းပေးနိုင်သလို အကယ်၍ Cooler Boost ဖွင့်ထားချိန်မှာတောင် fan အသံက mic မှာ သိပ်မကျယ်ပါဘူး။ မိမိပတ်ဝန်းကျင်ကဆူညံနေတယ်ဆိုရင် MSI Center က noise cancellation ကိုဖွင့်သုံးနိုင်ပါတယ်။

Storage

Vector GP66 မှာ 1TB ရှိတဲ့ Micron 2450 MTFDKBA1T0TFK PCIE 4.0 NVME SSD ကိုထည့်‌ထားပြီး GL66 တုန်းကနဲ့အတူတူပဲဖြစ်ပါတယ်။ ဒီ SSDဟာ PCIE 4.0 ဆိုပေမယ့် သူရဲ့ Read/Write နှုန်းတွေဟာ PCIE 3.0 NVME SSD တွေထက် အနည်းငယ်သာပိုပါတယ်။ စွမ်းဆောင်ရည်အတိအကျကို Benchmark ပုံမှာကြည့်ပါ။ SSD ရဲ့ Capacity ဟာ 1TB ရှိတဲ့အတွက် သုံးရတာအတော်လေးအဆင်ပြေပါတယ်။ လိုအပ်ရင်လည်းထပ်တိုးဖို့ Slot အပိုတစ်ခုရှိပါတယ်။

Battery

Vector GP66 မှာ 65WH ရှိတဲ့ 4Cell Li-Ion battery ကိုထည့်သွင်းပေးထားပြီး Pulse GL66 ထက်အနည်းငယ်ပမာဏပိုများတယ်လို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် Battery Capacity မများလှတာကြောင့် ဘက်ထရီကသာမန်လို့ပဲပြောနိုင်ပါတယ်။

MSI Center

Gaming Laptop တွေမှာ Utility Software တစ်ခုပါလေ့ရှိပါတယ်။ MSI မှာဆိုရင်တော့ MSI Center ပါ သူက ကိုယ်သုံးမဲ့ function အလိုက်အတွက် Setting ချိန်လို့ရမယ်၊ ဘက်ထရီခံအောင်သုံးမှာလား စွမ်းဆောင်ရည်အပြည့်သုံးမှာလားစတဲ့ Power တွေချိန်လို့ရမယ်၊ စက်ရဲ့ အပူချိန်နဲ့အမြန်နှုန်းတွေ ဘက်ထရီအခြေအနေတွေကြည့်လို့ရမယ်။


ဂိမ်းတစ်ခုခြင်းကို optimize လုပ်ပေးမဲ့ Gaming Mode လည်းပါဝင်ပါတယ်။ နောက်ပြီး Esport ဂိမ်းတွေမှာ ကိုယ့်ရဲ့ Gameplay ကို record လုပ်ပြီး social media ပေါ်တင်နိုင်မဲ့ Game Highlights လည်းပါပါတယ်။ MSI Center ဟာ အရင်လို features တွေအများကြီးမထည့်ပေးထားပဲ ကိုယ်အမှန်တကယ်သုံးမယ့် features တွေကိုတစ်ခုခြင်းသွင်းရတာဖြစ်တဲ့အတွက်သဘောကျမိပါတယ်။

MSI App Player

MSI App Player ဆိုတာ Bluestacks တို့လိုမျိုး Android App တွေဂိမ်းတွေ Laptop မှာသုံးနိုင်အောင်လုပ်ပေးထားတဲ့ Emulator တစ်ခုပါပဲ။ Android မှာခေတ်စားနေတဲ့ ဂိမ်းတွေကိုကစားနိုင်ပါတယ်။

Testing Methodology and Benchmarks

CPU Benchmark အတွက် Cinebench R15၊ Cinebench R20 နဲ့ Geekbench 5 ကိုထည့်သွင်းစမ်းသပ်ထားပါတယ်။ 8 Cores 16 Thread ရှိတဲ့ Core i7-12700Hဟာ Laptop အနေနဲ့ဆို Performance အရမ်းကောင်းပြီး overkill ဖြစ်နေတယ်လို့ ပြောရလောက်အောင် လိုတာထက်ပိုတဲ့စွမ်းဆောင်ရည်တွေရှိပါတယ်။

Core i7-12700Hရဲ့ Clock Speed တွေက အချို့သော Benchmark တွေမှာဆို Single Core မှာ P-Cores ဟာ 4.4GHz အထိရပြီး ဂိမ်းဆော့နေချိန်မှာဆို 4.2GHzအထိရပါတယ်။ Rendering လုပ်ချိန်မှာ Multi Core မှာ‌‌တော့ P-Cores တွေဟာ 3.4GHz နဲ့ E-cores တွေဟာ 2.6GHz အထိသာအများဆုံးတွန်း‌ပေးတာတွေ့ရပါတယ်။

Gaming Performance အတွက် ဂိမ်း ၁၁မျိုးနဲ့စမ်းသပ်ထားပါတယ် အများစုက AAA Titles တွေပါ။ RT Cores တွေပါတဲ့ RTX 3060 GPU အတွက် အချို့ဂိမ်းတွေကို Ray Tracing ကို Ultra ဖွင့်စမ်းထားပါတယ်။ GP66 ရဲ့ TDP 115W RTX 3060 ဟာ GL66 ရဲ့ TDP 80W ရှိတဲ့ RTX 3060 ထက်ကိုသိသိသာပိုမြန်တယ်ဆိုတာ ပုံမှာတွေ့နိုင်ပါတယ်။



စမ်းသပ်ကြည့်တဲ့အခါ ဂိမ်းအများစုကို Ultra Setting မှာ 90FPS အထက်ကစားနိုင်ပြီး အချို့ဂိမ်းတွေကို 120fps ဝန်းကျင်အထိရတာကိုတွေ့ရပါတယ်။ GP66 ဘယ်လောက်မြန်သလဲဆို ကျနော့်ရဲ့ Desktop RTX 3060Ti နီးပါးကိုမြန်နှုန်းရှိနေတာတွေ့ရပြီး ကျနော့် CPU က Ryzen 3700X နဲ့မို့ တစ်ချို့ဂိမ်းတွေမှာ Intel CPU လို FPS မတက်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။



Ray Tracing ဖွင့်ကစားမယ်ဆိုရင်တောင် မူလက 100FPS ဝန်းကျင်ရနေတဲ့ဂိမ်းအများစုကို DLSS မသုံးပဲ 70FPS လောက်မှာကစားနိုင်တာကိုတွေ့ရပါတယ်။


သူ့မှာပါတဲ့ Iris Xe Graphics ဟာ အခုဂိမ်းတွေနဲ့ ပိုအဆင်ပြေလာပေမယ့် နောက်ဆုံးထွက်လာတဲ့ Spider-Man Remastered ကိုကစားဖို့ အဆင်မပြေသေးတာကိုသတိထားမိပါတယ်။


Overall Performance အတွက်ကတော့ PCMark 10 နဲ့ပါ။ Productivity အတွက် Blender၊ Corona နဲ့ Vray ကိုထည့်သွင်းစမ်းသပ်ထားပါတယ်။ Storage အတွက် CrystalDiskMark နဲ့စမ်းသပ်ထားပါတယ်။ Benchmark တွေစမ်းလို့ရလာတဲ့ အသေးစိတ်ကို graph တွေနဲ့ပြထားပေးပါတယ်။ Benchmark အားလုံးကို Windows 11 Version 21H2 နဲ့ GeForce Driver Version 516.94 မှာစမ်းသပ်ထားပါတယ်။






ဘက်ထရီစွမ်းဆောင်ရည်ကို Audio Level and Brightness 50% နဲ့ Power Balanced Mode မှာ Netflix ကြည့်တာ ၅နာရီနီးပါးကြည့်လို့ရပါတယ်။ ဒီထက်နည်းတဲ့workloads တွေနဲ့ battery saving mode တွေမှာထားရင် ပိုခံမယ်လို့ထင်ပါတယ်။ အားပြန်သွင်းရင်တော့ ၃နာရီ‌လောက်ကြာတာကိုတွေ့ရပြီး အရင်laptopတွေထက် အားသွင်းချိန်သိသိသာသာပိုကြာပါတယ်။ ဂိမ်းဆော့ကြည့်တာတစ်နာရီကျော်ရပါတယ်။

Temperatures and Noise

Vector GP66 မှာသုံးထားတာက 14 Cores 20 Threads ရှိတဲ့ Core i7-12700Hပါ။ ဂိမ်းကစားတဲ့အခါ CPU က 45W နဲ့ Clock Speed က 3.2GHz မှာအမြဲလိုလို ထိန်းထားနိုင်စွမ်းရှိတာကိုတွေ့ရပါတယ်။ Cooling System အနေနဲ့ Heatpipe ၆ချောင်း ပါဝင်ပြီး GPU Cooling အတွက် Fan ၁ခုနဲ့ CPU Cooling အတွက် fan ၁ခုကိုထည့်ပေးထားပါတယ်။ ဂိမ်းကစားတဲ့အခါ Fan ကို‌ Auto Mode မှာထားကစားရင် အများဆုံး CPUက 77°C နဲ့ GPU က 83°C လောက်တက်လာပြီး Cooler Boost သုံးပြီးကစားမယ်ဆိုရင် CPU က 75°C နဲ့ GPU က 78°C လောက်သာရှိတော့တာပါ။ အသေးစိတ်ကိုပုံမှာပြထားပါတယ်။


ဒီ Laptop မှာတစ်ခုကောင်းတာက Cooling ပိုင်းနည်းနည်းပိုကောင်းတယ်လို့ခံစားရလို့ အဲကွန်းခန်းထဲမှာဆိုရင် ဂိမ်းဆော့ဖို့ Cooler Boost မဖွင့်ထားပဲ ကောင်းကောင်းကစားလို့ရလာပါတယ်။ Cooler Boost ဖွင့်ကစားမယ်ဆိုရင်လုံးဝကိုအေးဆေးပါပဲ။ Gaming mouse သုံးပြီး ဂိမ်းဆော့ကြည့်တဲ့အခါမှာလည်း exhaust ကထွက်တဲ့လေပူတွေက လက်ကိုမရောက်လာတဲ့အတွက်အနှောင့်အယှက်ကင်းကင်းနဲ့ဆော့နိုင်ပါတယ်။


ဆူညံမှုဘက်ကိုပြောရရင် Vector GP66 ဟာ ရဲ့ fanဟာ ရိုးရိုးအခြေအနေမှာရော ဂိမ်းဆော့နေတဲ့အချိန်မှာပါ အတော်လေးတိတ်ဆိတ်ပါတယ်။ အပူပိုစွန့်ထုတ်နိုင်အောင် Cooler Boost ကိုဖွင့်သုံးမှ အသံအတော်လေးဆူလာပါတယ်။ ဒါပေမဲ့ MSI Center မှာ AI Engine ပါတဲ့အတွက် အပူချိန်အပေါ်မူတည်ပြီး fan ကိုအတိုးအလျော့လုပ်ပေးနိုင်တဲ့အတွက်အသံသိပ်မဆူအောင်လုပ်ထားနိုင်ပါတယ်။ အသေးစိတ်ကို ပုံမှာပြထားပါတယ်။

Power Draw

Power ပိုင်းအနေနဲ့ သဘောကျတဲ့အချက်က Nvidia Dynamic Boost 2.0 နည်းပညာက GP66 မှာကောင်းကောင်းအလုပ်ဖြစ်နေတာကိုတွေ့ရပါတယ်။ ဂိမ်းကစားချိန်မှာ CPU ကို 45W အထိအမြဲတောင့်ထားပေးနိုင်ပြီး CPU ပိုလျှံနေတဲ့ပါဝါတွေကို Dynamic Boost နည်းပညာနဲ့ GPU ကိုလွှဲပြောင်းပေးလိုက်ပြီး GPU ဟာ 130W လောက်အထိသုံးလာပါတယ်။ အကယ်၍ GPU ကိုအရမ်းအသားပေးတဲ့ workload တွေမှာဆို GPU က 140W နီးပါးသုံးနေတာတွေ့ရပြီး CPU က 20~25W လောက်ပဲစားပါတယ်။

Benchmark တွေအရ Single Core load မှာ 30W လောက်အထိသုံးတာ‌ တွေ့ရပါတယ်။ Multi Core CPU Rendering လုပ်နေချိန်မှာ CPU ဟာ 80W အထိသုံးနေပြီး တစ်ခါတရံမှာ 115~125W အထိထိုးတက်သွားတာတွေ့ရပါတယ်။ CPU ကိုပါဝါသိပ်မပေးချင်ရင် Intel Extreme Tuning Utility မှာ ပါဝါပိုင်းကိုအတိုး‌အလျော့လုပ်လို့ရပါတယ်။ ဒါပေမယ့် Unlock CPU မဟုတ်တာမို့ Overclocking မရသလို BIOS မှာလည်း E-cores တွေကိုပိတ်ထားမျိုးတွေတော့ လုပ်လို့မရနိုင်ပါဘူး။ GPU ကိုတော့ Extreme Performance Mode မှာ Clock Speed နဲ့ VRAM Clock ကိုထပ်တိုးလို့ရပါတယ်။

The Good

  • Very Powerful Mobile CPU
  • Most Powerful RTX 3060 GPU
  • Good Build Quality
  • Color Accurate Screen with 240Hz
  • Good IO ports

The Bad

  • No Card Reader and Thunderbolt Port
  • Slow Charging Rate

Conclusion

အချုပ်ဆိုရရင် Vector GP66 ဟာ သူနဲ့ specification တူတဲ့ Pulse GL66 ထက် ပိုကောင်းတဲ့ တည်ဆောက်ပုံ၊ ပိုကောင်းတဲ့ cooling၊ ပိုကြီးတဲ့ battery၊ ပိုများပြားတဲ့ features နဲ့ IO port တွေအပြင် သိသိသာသာပိုကောင်းတဲ့ စွမ်းဆောင်ရည်ကိုပါသင့်ဆီယူဆောင်လာပါတယ်။ သူ့ရဲ့အဓိကအားသာချက်ဖြစ်တဲ့ Graphics ပိုင်းအနေနဲ့ သူ့ရဲ့ RTX 3060 ဟာ laptop RTX 3060တွေထဲမှာ အမြင့်မားဆုံးထဲကတစ်ခုလို့ဆိုနိုင်ပြီး GL66နဲ့ အတူတူလို့ထင်ရပေမယ့် လက်တွေ့မှာသိသိသာသာကိုပိုကောင်းတဲ့စွမ်း‌ဆောင်ရည်က လုံးဝအားရစရာဖြစ်ပါတယ်။ အားနည်းချက်က card reader နဲ့ thunderbolt port မပါပေမယ့် ဈေးနှုန်းအနေနဲ့ကလည်း GL66ထက် $100 ဝန်းကျင်သာပိုများတာကြောင့် အပိုရတဲ့ features တွေနဲ့ စွမ်းဆောင်ရည်နဲ့ဆိုရင် လုံးဝတန်တယ်လို့ဆိုနိုင်ပါတယ်။ ကျနော့်အနေနဲ့ ဒီ laptopကိုအတော်လေးသဘောကျမိပြီး မိတ်ဆွေတို့လည်းသဘောကျမှာပါ။ MSI Vector GP66 12UE ရဲ့ဈေးနှုန်းကတော့ $1850 လို့သိရပြီး လက်ရှိ promotionအရ Cash Back $100 ပါဝင်လို့ $1750 ကျတယ်လို့သိရပါတယ်။

ကျနော့်အနေနဲ့ တစ်ခုတောင်းဆိုလိုတာက ဒီလို Review တွေအတွက် ကျနော့်မှာနာရီပေါင်းများစွာစမ်းသပ်ထားရပါတယ်။ ဒီလို review တွေရေးပြီးချိန်မှာ မိတ်ဆွေတို့ရဲ့ Like တစ်ချက် Share တစ်ခုဟာ နောက်စာတွေဆက်ရေးဖို့ကျနော့်ကိုများစွာအားတက်စေတာမို့ သဘောကျနှစ်သက်တယ်ဆိုလို့ရှိရင် Page လေးကို Like and Share လုပ်ပေးခြင်းဖြင့်ကူညီပါလို့တောင်းဆိုလိုက်ပါတယ်။ ကျနော့်ကို Review Unit ပေးတဲ့ MSI Gaming ကိုလည်းအထူးကျေးဇူးတင်ပါတယ်။

#EnThueTech
#Review
#Gaming #Laptop
#MSI #GP66 #RTX3060


Post a Comment

0 Comments