SpaceX ရဲ့အင်တာနက်ဝန်ဆောင်မှုဖြစ်တဲ့ Starlink ကို နောက်နှစ်မှာတရားဝင်မိတ်ဆက်လာမယ့် Starlink Aviation နဲ့အတူ သတ်မှတ်ထားတဲ့လေယာဉ်တွေမှာ ကစပြီး အသုံးပြုနိုင်တော့မယ်လို့ ကုမ္ပဏီကကြေညာလိုက်ပါတယ်။ Starlink ရဲ့ Aero Terminal တပ်ဆင်ထားတဲ့ လေယာဉ်တွေမှာ အမြန်နှုန်း 350Mbps အထိရနိုင်ကာ ဗီဒီယိုကောခေါ်ဆိုခြင်း၊ ဂိမ်းကစားခြင်းနဲ့ အခြားမြန်နှုန်းမြင့်လုပ်ဆောင်ချက်တွေပြုလုပ်နိုင်မယ်လို့ဆိုပါတယ်။
ဒါဟာ ပုံမှန် in-flight Wi-Fi ထက် အမြန်နှုန်းမှာသိသာတဲ့တိုးတက်ပြောင်းလဲမှုဖြစ်ပါတယ်။ OneZero အဆိုအရ လေကြောင်းခရီးစဉ်အများစုဟာ အမြန်နှုံး 10Mbps အထိသာရနိုင်တဲ့ ဝေဟင်ကနေမြေပြင်စနစ်တွေကိုသာအသုံးပြုနေပြီး ၎င်းဟာ ကုန်းမြေပေါ်ပျံသန်းမှသာအလုပ်လုပ်တာဖြစ်ပါတယ်။ လက်ရှိဂြိုလ်တုစနစ်တွေကတော့ အမြန်နှုန်း 30Mbps ကန 100Mbps အထိရနိုင်ပါတယ်။ ဒီအမြန်နှုန်းဟာ လေယာဉ်တစ်စီးလုံးအတွက်ဖြစ်ပြီး အမှန်တကယ်ရရှိမယ့်အမြန်နှုန်းဟာ ခရီးစဉ်တစ်ခုခြင်းမှာပါဝင်တဲ့ အင်တာနက်အသုံးပြုမယ့်ခရီးသည်အရေအတွက်အပေါ်မူတည်ပါတယ်။
SpaceX ရဲ့ ဝဘ်ဆိုဒ်ထဲမှာ Starlink အင်တာနက်ကိုတပ်ဆင်ထားတဲ့လေယာဉ်ပျံအနေနဲ့ taxi လုပ်နေချိန်၊ ပျံတက်ချိန်နဲ့ ရေပြင်နဲ့မြေပြင်ပေါ်ပျံသန်းနေချိန်နဲ့ ဆင်းသက်ချိန်မှာပါအသုံးပြုနိုင်ပြီး latency က အနည်းဆုံး 20ms အထိရမယ်လို့ဆိုပါတယ်။ "Starlink Aviation ဟာ တကမ္ဘာလုံးကိုလွှမ်းခြုံလာမှာပါ"လို့ FAQ ထဲမှာဖတ်ရှုရတယ်လို့ The Verge ကဆိုပါတယ်။ ဂြိုလ်တုတွေက Lower Earth Orbit-LEO ဖြစ်တာမို့ ခေါင်းပေါ်မှာ သို့ အနီးအပါးမှာ ဂြိုလ်တုတွေအမြဲရှိနေမှာမို့ နေရာတသမတ်တည်းရှိနေတဲ့ ဂြိုလ်တုတွေထက် လတ္တီတွဒ်အမြင့်ပိုင်းနဲ့ ဝန်ရိုးစွန်းဒေသတွေမှာပါ လိုင်းအားကောင်းမွန်နေပါလိမ့်မယ်ဆိုကာ ၂၀၂၃ခုနှစ်အလယ်လောက်မှာ စတင်ဖြန့်ဖြူးနိုင်မယ်လို့ယူဆရပါတယ်။
စပိန်နိုင်ငံကလေကြောင်းဆိုင်ရာမီဒီယာတစ်ခုဖြစ်တဲ့ Aviacionline ကတော့ Starlink ဟာ စမ်းသပ်ပျံသန်းခြင်းပြုလုပ်ရာမှာ 100Bbps အထိရရှိခဲ့တယ်လို့ဆိုပါတယ်။ ဒီသရုပ်ပြမှုဟာ JSX လေကြောင်းက ကယ်လီဖိုးနီးယားပြည်နယ် Burbank နဲ့ San José အကြား ပျံသန်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ၎င်းဟာ ပျံသန်းမှုအင်တာနက်ဝန်ဆောင်မှုကို လက်ခံကျင့်သုံးတဲ့ ပထမဆုံးလေကြောင်းလိုင်းတွေထဲကတစ်ခုဖြစ်လာလိမ့်မယ်လို့ ဧပြီလမှာ ကြေညာခဲ့ဖူးပါတယ်။
စက်တင်ဘာလမှာ JSX CEO Alex Wilcox က ခရီးသည်တွေအတွက်စတင်အသုံးပြုနိုင်ဖို့ ရည်မှန်းထားပြီး ဒီနှစ်ကုန်မှာလေကြောင်းလိုင်းရဲ့လေယာဉ်တစ်စီးခြင်းစီပေါ်တပ်ဆင်သွားမယ်လို့ဆိုခဲ့ပါတယ်။ Hawaiian Airlines ကလည်း Starlink နဲ့ ဧပြီလကသဘောတူညီမှုစတင်ရရှိခဲ့ပြီး နောက်နှစ်မှာ စတင်တပ်ဆင်သွားမယ်လို့ယူဆရပါတယ်။
SpaceX CEO ဖြစ်သူ Elon Musk က လေယာဉ်တွေအတွက် Starlink အင်တာနက်ဝန်ဆောင်မှုကိုကမ်းလှမ်းသွားဖို့ အချိန်အတော်ကြာဆွေးနွေးနေခဲ့တာဖြစ်ပါတယ်။ ၂၀၂၁ခုနှစ်မတ်လမှာ SpaceX ဟာ ယာဉ်တွေပေါ်မှာ Starlink ကိုအသုံးပြုခွင့်ပေးဖို့ Federal Communications Commission ကိုတောင်းဆိုခဲ့ပါတယ်။ ဒါဟာ ပင်လယ်ကူးသင်္ဘောတွေ၊ ထရပ်ကားကြီးတွေနဲ့ Recreational Vehicle(RV) လို့ခေါ်တဲ့ အိမ်ကားတွေမှာ အသုံးပြုနိုင်ဖို့ဖြစ်တယ်လို့ Elon Musk က Tweet ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး Starlink Maritime ဟာ လှေသင်္ဘောတွေအတွက်နဲ့ Starlink RV ဟာ အိမ်ကားတွေအတွက် ကြေညာလာတာမြင်တွေ့ခဲ့ရပါတယ်။
Source: SpaceX and The Verge
#EnThueTech
#News
#Internet #Aviation
0 Comments