![]() |
Image via Techpowerup |
The Information နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေရဲ့ အဆိုအရ Microsoft ဟာ AI အလုပ်တာဝန်များကို အရှိန်မြှင့်ဖို့ရာ သူတို့ရဲ့ ကိုယ်ပိုင်ဆီလီကွန်ဒီဇိုင်းနဲ့ ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြသသွားမယ်လို့သိရပါတယ်။ ဒီချစ်ပ်အကြောင်းကို လာမယ့်နိုဝင်ဘာလမှာ ကျင်းပမယ့် Microsoft Ignite မှာကြေညာဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ နိုဝင်ဘာ ၁၄ ရက်မှ ၁၇ ရက်အထိ Seattle မှာကျင်းပမယ့် ဒီညီလာခံမှာ ကုမ္ပဏီ အနေနဲ့ AI နယ်ပယ်မှာလုပ်ဆောင်နေတဲ့ အလုပ်အားလုံးကို ပြသသွားမှာဖြစ်ပါတယ်။ လက်ရှိမှာ AI Accelerator လိုအပ်ချက်ဟာ အလွန်များပြားနေတဲ့အတွက် GPU တွေရှားပါးနေတာကြောင့် AI ချစ်ပ်တစ်ခုကို ဖြန့်ချိတာလို့ ယူဆစရာရှိပါတယ်။ လက်ရှိမှာ AI ကဏ္ဍကို NVIDIA ကအဓိကလွှမ်းမိုးထားပြီး သူတို့ရဲ့ H100 နဲ့ A100 GPU တွေဟာ ကမ္ဘာတစ်ဝှမ်းက AI အခြေခံအဆောက်အအုံအများစုကို စွမ်းအားပေးနေတာဖြစ်ပါတယ်။
Athena လို့ အမည်ပေးထားတဲ့ ကိုယ်ပိုင် AI ချစ်ပ်ကို မိတ်ဆက်ခြင်းနဲ့အတူ Microsoft ဟာ NVIDIA ရဲ့ချစ်ပ်တွေရဲ့စွမ်းဆောင်ရည်လို ရရှိဖို့ (ဒါမှမဟုတ်) သာလွန်ဖို့ရာမျှော်လင့်ထားပြီး AI အခြေခံအဆောက်အအုံကုန်ကျစရိတ်ကို လျှော့ချဖို့မျှော်လင့်ထားပါတယ်။ NVIDIA ရဲ့ H100 GPU စျေးနှုန်းဟာ အမေရိကန်ဒေါ်လာ 30,000 လောက်အထိရှိတာကြောင့် H100s အသုံးပြုပြီး ဒေတာစင်တာတစ်ခုတည်ဆောက်ခြင်းဟာ ငွေသန်းပေါင်းများစွာကုန်ကျနိုင်တာပါ။ ကိုယ်ပိုင်ချစ်ပ်များကို အသုံးပြုတာက ကုန်ကျစရိတ်ကို လျှော့ချနိုင်မှာဖြစ်ပြီး Microsoft အနေနဲ့ လာမည့်နှစ်အနည်းငယ်အတွင်းလိုအပ်လာမယ့် AI ဆာဗာတွေကိုတည်ဆောက်တဲ့အခါ NVIDIA အပေါ် မှီခိုရမှုကို နည်းပါးစေမှာဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ ကုမ္ပဏီအနေနဲ့ဘာတွေပြင်ဆင်ထားတာကိုတွေ့မြင်ရဖို့ မိမိတို့အနေနဲ့စိတ်ဝင်တစားစောင့်ကြည့်နေပြီး နိုဝင်ဘာလမှာ Microsoft Ignite ကြေညာချက်ကို တင်ပြသွားမှာဖြစ်ပါတယ်။
Source: Techpowerup
#EnThueTech
#News
#Semiconductors
0 Comments