Subscribe Us

header ads

Intel မှ 14th Gen Raptor Lake-S Refresh Desktop CPU များကို မိတ်ဆက်


Image: Intel

Intel ဟာ မနေ့က သူတို့ရဲ့ 14th Generation Core desktop CPU အသစ်တွေကို ကြေညာခဲ့ပြီး ဒီ CPUအသစ်တွေဟာ desktop ကွန်ပျူတာတွေအတွက် ကမ္ဘာ့အမြန်ဆုံးနဲ့ အဆင့်မြင့်ဆုံး ချစ်ပ်တွေဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။ “Raptor Lake-S Refresh” လို့ နာမည်ပေးထားတဲ့ ဒီCPUအသစ်တွေကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့မှာ စတင်ရောင်းချသွားမယ်လို့ဆိုပါတယ်။


Image: Intel

ချစ်ပ်အသစ်တွေအနေနဲ့ ယခင် 13th Gen မော်ဒယ်တွေလိုမျိုး Raptor Lake architecture ကို အခြေခံထားတယ်ဆိုပေမယ့် စွမ်းဆောင်ရည်နှင့် ထိရောက်မှုကို မြှင့်တင်ဖို့ရာ အချို့တိုးတက်မှုတွေနဲ့ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်မှုတွေ ထပ်လောင်းပါဝင်ပါတယ်။ ဒီ CPU တွေမှာ စွမ်းဆောင်ရည်မြင့် P-Cores နှင့် စွမ်းအင်သုံးစွဲမှုပိုမိုထိရောက်တဲ့ E-Cores တွေ ရောနှောပါဝင်ကာ အလုပ်တာဝန်ပေါ်မူတည်ပြီး ၎င်းတို့၏ အမြန်နှုန်းနဲ့ ပါဝါကို အလိုအလျောက်ချိန်ညှိနိုင်ပါတယ်။

Image: Intel

Intel ရဲ့ 14th Gen Raptor Lake Refresh CPU တွေဟာ ပြုပြင်ပြောင်းလဲမှုလုပ်ထားတဲ့ 'Intel 7' process node နဲ့ဖန်တီးထားတာဖြစ်မို့ မြင့်မားတဲ့မြန်နှုန်းရှိနေပေမယ့် power envelopes (PL1/PL2) တွေဟာ အရင်မျိုးဆက်နဲ့အတူတူပဲဖြစ်ပါတယ်။

Image: Intel

ကြေညာလိုက်တဲ့ CPU တွေထဲမှာ flagship CPU က Core i9-14900K ဖြစ်ပြီး 24 cores နဲ့ 32 threads ပါရှိကာ P-Cores က အမြင့်ဆုံး 6 GHz အထိရရှိနိုင်ပြီး E-Cores မှာဆိုရင်တော့ 4.4 GHz အထိရနိုင်ပါတယ်။။ Intel ပြောကြားချက်အရ ဒီ CPU ဟာ AMD ရဲ့ Ryzen 7000X3D CPU တွေထက် ဂိမ်းစွမ်းဆောင်ရည်က အချို့နေရာတွေမှာ ၂၃% အထိ ပိုမိုကောင်းမွန်ပြီး content creation အပိုင်းမှာဆိုရင် အဓိကပြိုင်ဘက်ဖြစ်တဲ့ AMDရဲ့ Ryzen 9 7950X ထက် ၁၇% ပိုမြန်တဲ့စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ကြောင်း Intel ကဆိုပါတယ်။

Image: Intel

ဒီ series မှာ အခြား CPU မော်ဒယ်၂ခုက cores 20 နဲ့ 28 threads ပါဝင်တဲ့ Core i7-14700K နဲ့ 14 cores နဲ့ 20 threads ပါဝင်တဲ့ Core i5-14600K တို့ ဖြစ်ပါတယ်။ ထူးခြားချက်က Core i7-14700K ဟာ မနှစ်ကထွက်ရှိထားတဲ့ Core i7-13700K ထက် E-Cores ၄ခု နဲ့ L2/L3 Cache ပိုမိုပါဝင်လာတာဖြစ်ပြီး ကျန်တဲ့ CPU ၂ခုကတော့ မနှစ်က Cache နဲ့ cores/threads တွေ အတူတူပဲဖြစ်ပါတယ်။ CPU မော်ဒယ်သုံးခုစလုံးမှာ DDR4-3200 နဲ့ DDR5-5600 memory ကို အထောက်အပံ့ပေးထားပြီး Execution Unit ၃၂ ခုအထိ ပါဝင်တဲ့ Intel UHD Graphics 770 နဲ့ ပေါင်းစပ်ထားပါတယ်။ ထုံးစံအတိုင်း Graphics မပါတဲ့ KF Series တွေကိုလည်းထုတ်ပေးထားပါတယ်။

Image: Intel

Intel ဟာ သူတို့ရဲ့ Extreme Tuning Utility (XTU) software မှာ Core i9 မော်ဒယ်တွေအတွက် ကလစ်တစ်ချက်တည်းနဲ့ overclocking လုပ်လို့ရမယ့် AI Assist ပရိုဂရမ်တစ်ခုကိုလည်းပေါင်းစပ်ပေးလိုက်ပြီး သင့် CPU ရဲ့ thermal၊ voltage တွေ၊ frequency တွေနဲ့ power delivery အပေါ် ၃၅စက္ကန့် လောက်ဆုံးဖြတ်ပြီး အကောင်းဆုံး overclock လုပ်စေနိုင်ပါတယ်။ AI Assist ဟာ 600 နဲ့ 700 Series motherboard တွေမှာအလုပ်လုပ်မယ်လို့ဆိုပါတယ်။

Image: Intel

Intel အနေနဲ့ 14th Gen CPU တွေမှာ Application Optimization (APO)ဆိုတဲ့ ပရိုဂရမ်အသစ်က default အနေအထားမှာပွင့်နေမှာဖြစ်ပြီး အချို့ဂိမ်းတွေနဲ့ အက်ပလီကေးရှင်းတွေမှာ လိုအပ်လာရင် စွမ်းဆောင်ရည်ကိုချက်ချင်းတိုးမြှင့်စေမှာဖြစ်ပါတယ်။ သင့်အနေနဲ့ APO ကို အချို့ အက်ပလီကေးရှင်းတွေအတွက် ပိတ်ထားလိုတယ်ဆိုရင်တော့ Microsoft Store ကနေ ဒေါင်းလုဒ်ရယူနိုင်တယ်လို့ဆိုပါတယ်။ APO ဟာ လက်ရှိမှာ Dynamic Tuning Technology framework မှာ profile အနေနဲ့ ဖန်တီးထားတဲ့ program တွေမှာသာအလုပ်ပြီး Thread Director နဲ့တွဲဖက် အလုပ်လုပ်မယ်လို့ဆိုပါတယ်။ Gaming အတွက်ဆိုရင် APO က လောလောဆယ်မှာ Rainbow Six Siege နဲ့ Metro Exodus ဂိမ်း၂ခုကိုသာအထောက်အပံ့ပေးထားတယ်ဆိုပေမယ့် နောက်ပိုင်းမှာတိုးပွားလာမှာဖြစ်တယ်လို့ Intel ကဆိုပါတယ်။ ဒါ့အပြင် ဒီ 14th Gen CPU တွေမှာ ယခင် 13th Gen ထက်စာရင် 99th Percentile FPS တွေပိုမိုတိုးတက်လာလို့ ဂိမ်းကစားရတာပိုမိုချောမွေ့မယ်လို့ဆိုပါတယ်။

Image: Intel

Intel desktop CPU အသစ်တွေဟာာ LGA1700 socket cooler တွေအပြင် လက်ရှိ 600 နဲ့ 700 series motherboard တွေကို တွဲဖက်အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် သုံးစွဲသူတွေအနေနဲ့ CPU အသစ်တွေအတွက် BIOS ကို update လုပ်ဖို့လိုအပ်မှာဖြစ်ပါတယ်။ထုံးစံအတိုင်း CPU အသစ် အတွက် Z790 မားသားဘုတ်တွေလည်းထွက်ရှိလာမှာဖြစ်ပါတယ်။ Intel အနေနဲ့ mainstream user တွေအတွက် K Series မဟုတ်တဲ့မျိုးကွဲတွေနဲ့ ဘတ်ဂျက်သမားတွေအတွက် Celeron နဲ့ Pentium မော်ဒယ်တွေအပါအဝင် ၂၀၂၄ ခုနှစ်အစောပိုင်းမှာ 14th Gen ရဲ့ နောက်ထပ်မော်ဒယ်တွေကို မိတ်ဆက်သွားဖို့စီစဉ်ထားပါတယ်။

Image: Intel

အထူးသဖြင့် နောက်နှစ်ဆန်းပိုင်းမှာကျင်းပမယ့် CES ပွဲမှာမိတ်ဆက်လာမယ်လို့ယူဆရပြီး ဒီစာကိုမိတ်ဆွေတို့ဖတ်နေတဲ့အချိန်ဆိုရင်တော့ review တွေထွက်နေလောက်ပါပြီ။

Source: Intel, Tom's Hardware and Notebookcheck

#EnThueTech
#News
#CPU
#Intel
#RaptorLakeRefresh



Post a Comment

0 Comments