Subscribe Us

header ads

AMD အနေဖြင့် Flagship Gaming GPU များကို ဦးစားပေးမည်မဟုတ်ဘဲ အခြားနည်းလမ်းများဖြင့်သာ Nvidia ကို ယှဥ်ပြိုင်မည်ဟုဆို

Image via OC3D

IFA 2024 ရဲ့ အမေးအဖြေကဏ္ဍမှာ Tom's Hardware ရဲ့ အယ်ဒီတာချုပ်ဖြစ်သူ Paul Alcorn က AMD ရဲ့ Senior Vice President ဖြစ်တဲ့ Jack Huynh နဲ့ ပြောဆိုဖို့ အခွင့်အရေးရခဲ့ပါတယ်။ AMD အနေနဲ့သူတို့ရဲ့ မျိုးဆက်သစ် GPU တွေအတွက် flagship မော်ဒယ်တွေ မထုတ်လုပ်တော့ဘူးလို့ သတင်းတွေထွက်နေတဲ့အတွက် RDNA 4 နည်းပညာနဲ့ Radeon RX 8000-series high-end GPU ဈေးကွက်အတွက် ကုမ္ပဏီရဲ့အစီအစဉ်တွေကို Huynh ကို တိုက်ရိုက်မေးမြန်းရခြင်းဖြစ်ပါတယ်။ အရင်ကတည်းက AMD ရဲ့ Radeon RX 8000-series မှာ high-end GPUs တွေ မထုတ်လုပ်တော့ဘူးလို့ ကောလာဟလထွက်ပေါ်လာခဲ့ပေမယ့် AMD ဘက်က ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တရားဝင် တုံ့ပြန်ချက်တွေ မပေးခဲ့ပါဘူး။

တကယ်လို့ AMD က high-end GPUs ဈေးကွက်ကို ထွက်ခွာခဲ့ရင်လည်း ဒါကပထမဆုံး မဟုတ်ပါဘူး။ ၂၀၁၉ ခုနှစ်မှာ ပထမဆုံး RDNA 1 နည်းပညာနဲ့ ထွက်ရှိခဲ့တဲ့ ကတ်တွေဟာ mainstream ဈေးကွက်အပေါ်ကိုသာ အလေးပေးခဲ့တာကြောင့် desktop GPU ဈေးကွက်မှာ အကောင်းဆုံး GPU နေရာအတွက် ယှဉ်ပြိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ နောက်ပိုင်း RDNA ထုတ်ကုန်တွေက Nvidia နဲ့ ထိပ်ဆုံးနေရာအတွက် ပြန်လည်ယှဉ်ပြိုင်ခဲ့ကြပေမယ့်လည်း ပြိုင်ဘက်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်း မရှိဘဲ Nvidia ကသာ discrete gaming GPUs ဈေးကွက်ရဲ့ ၈၈% ကို အခိုင်အမာ ပိုင်ဆိုင်ထားတာဖြစ်ပြီး AMD က ၁၂% သာရှိတာဖြစ်ပါတယ်။

Paul Alcorn က Huynh ကို ဒီအကြောင်းကို မေးမြန်းခဲ့တဲ့အခါ Huynh က “ကျွန်တော်တို့က ဈေးကွက်အတွင်းမှာ ပမာဏများများကို ရယူချင်တာပါ၊ ဒါပေမယ့် ဈေးကွက်ရဲ့ ၁၀% ကိုသာ ရယူပြီး High-End GPU တွေကိုသာအလေးထားမယ်ဆိုရင်၊ developer တွေဘက်က ကျွန်တော်တို့အပေါ် အလေးထားမှာမဟုတ်ပါဘူး။” လို့ ပြောခဲ့ပါတယ်။

Huynh က နောက်တစ်မျိုးဆက်အတွက် အဆင့်မြင့် AMD ကတ်တွေကို လုံးဝ ငြင်းဆိုတာမဟုတ်ပေမယ့်၊ တစ်ချိန်မှာ "ဖြစ်နိုင်တယ်" လို့သာ ပြောထားပါတယ်။ "ကုမ္ပဏီရဲ့ အဓိကအရေးကြီးတဲ့အချက်ကတော့ စျေးကွက်ဝေစုကို တိုးမြှင့်ဖို့ဖြစ်ပြီး၊ အကောင်းဆုံးနည်းလမ်းက စျေးကွက်ထဲကလူအများစုကြိုက်တဲ့ ချိုသာတဲ့ ထုတ်ကုန်တွေကို အကောင်းဆုံးထုတ်လုပ်ပေးခြင်းပဲ" လို့ Huynh က ဆိုပါတယ်။

Huynh ရဲ့ အချက်ကို သိသာတာက Steam survey ကို ကြည့်ရင် သိနိုင်ပါတယ်။ AMD GPUs တွေဟာ စမ်းသပ်မှုမှာ ပါဝင်သူတွေရဲ့ PC တွေရဲ့ ၁၅.၄% မှာသာ တွေ့ရပြီး Nvidia ကတော့ ၇၆.၅% ရှိပါတယ်။ အမြင့်ဆုံး ၁၄ ကတ်က RTX 3070 နဲ့ RTX 4070 ကလွဲရင် Nvidia xx60 သို့မဟုတ် xx50 ကတ်တွေဖြစ်ပါတယ်။ RTX 4090 ကတော့ ၁% အောက်မှာရှိသာရှိပေမယ့်  0.39% သာရှိတဲ့ RX 7900 XTXထက် ပိုမိုများပြားပါတယ်။

AMD ရဲ့ ရပ်တည်ချက်က ပိုမိုစျေးချိုပြီး 4K မှာ 60fps ထုတ်ပေးဖို့မလိုအပ်တဲ့ကတ်ကိုသာလိုအပ်တဲ့ ဂိမ်းချစ်သူတွေ အများစုအတွက်သတင်းကောင်းလို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် enthusiast စျေးကွက်မှာ ပြိုင်ဘက်မရှိတာကြောင့် Nvidia ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်မြင့်ကတ်တွေကတော့ စျေးနှုန်းပိုမိုမြင့်မားလာဖွယ်ရာရှိပါတယ်။

Source: Tom's Hardware

Post a Comment

0 Comments