Image via Anandtech |
နာမည်ကျော် ကွန်ပျူတာဟာ့ဒ်ဝဲအသားပေးစာနယ်ဇင်းတစ်ခုဖြစ်တဲ့ Anandtech ဟာ ဆယ်စုနှစ်၃ခုနီးပါး ကွန်ပျူတာသတင်းတွေကိုတင်ဆက်ပေးခဲ့ပါတယ်။ မနေ့က Anandtech ရဲ့ ဝက်ဘ်ဆိုဒ်မှာ အယ်ဒီတာချုပ်ဖြစ်သူ Ryan Smith က သူတို့အနေနဲ့ တင်ဆက်မှုတွေကိုရပ်ဆိုင်းတော့မှာဖြစ်ကြောင်း နှုတ်ဆက်စကားဆိုသွားခဲ့ပါတယ်။
Anandtech ကို ၁၉၉၇ခုနှစ်မှာ Anand Lal Shimpi ဆိုသူကတည်ထောင်ခဲ့ကာ ၂၀၁၄ခုနှစ်မှာ စာနယ်ဇင်းလောကမှ အနားယူပြီး Apple ရဲ့ M Series ဖန်တီးရာပါဝင်ခဲ့တဲ့ အဖွဲ့သားတစ်ဦးအဖြစ်မဆောင်ရွက်မှီအထိ ဝက်ဘ်ဆိုဒ်ကိုဦးဆောင်ပေးခဲ့ပါတယ်။
Anandtech ဟာ ၁၉၉၇ခုနှစ်မှာ AMD processor တစ်ခုကို စတင် review လုပ်ပြီး နည်းပညာစာနယ်ဇင်းလောကထဲဝင်ရောက်ခဲ့သလို ပိတ်သိမ်းချိန်မှာလည်း AMD processor တစ်ခုရဲ့ review နဲ့ပိတ်သိမ်းခဲ့ရတာ ကဗျာဆန်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် မိမိတို့အနေနဲ့ ၂၇နှစ်တာကာလအတွင်း ကွန်ပျူတာလုပ်ငန်းရဲ့ အသက်သွေးကြောဖြစ်တဲ့ ချစ်ပ်တွေအကြောင်းတင်ဆက်ခဲ့ခြင်းဟာ မိမိနှစ်သက်တဲ့အရာကိုလုပ်ခဲ့တဲ့ သာဓကတစ်ခုလို့ဆိုနိုင်ကြောင်း ရေးသားထားပါတယ်။
လွန်ခဲ့တဲ့ရာစုနှစ်အကုန်မှာ ပြောင်းလဲမှုတွေအများအပြားဖြစ်ပေါ်ခဲ့ပါတယ်။ ၁၉၉၇ခုနှစ်မှာဆိုရင် NVIDIA ဟာ GPU ဆိုတဲ့ဝေါဟာရကိုတောင်မဖန်တီးရသေးပါဘူး။ ဒီနှစ်တွေမှာ မိမိတို့ဟာ ဟာ့ဒ်ဝဲတွေဘယ်လောက်အထိတိုးတက်လာတယ်ဆိုတာ မြင်တွေ့ခွင့်ရခဲ့ပြီး ယနေ့ခေတ်ဈေးအသက်သာဆုံးကွန်ပျူတာတစ်ခုဟာ ၁၉၉၇ခုနှစ်က အမြန်ဆုံးဆိုတဲ့ကွန်ပျူတာကိုအရှက်ရစေတဲ့အထိမြန်ဆန်လာခဲ့ပြီလို့ဆိုပါတယ်။
ဒီနှစ်တွေအတွင်း စာနယ်ဇင်းလောကဟာ အပြောင်းအလဲတွေများစွာဖြစ်ပေါ်ခဲ့ပါတယ်။ Anandtech ဟာ ပထမဆုံး ဟာ့ဒ်ဝဲဆိုင်ရာ ဝက်ဘ်ဆိုဒ်မဟုတ်ခဲ့သလို နောက်ဆုံးတစ်ခုလည်းမဟုတ်ပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း ရပ်တည်နိုင်ခဲ့တာက အလုပ်ကြိုးစားမှုတွေ၊ လူနဲ့ ပစ္စည်းတွေအပေါ်ကောင်းမွန်စွာစီမံခန့်ခွဲမှုတွေအပြင် သူငယ်ချင်းတွေ၊လုပ်ဖော်ကိုင်ဖက်တွေနဲ့ စာဖတ်သူတွေကြောင့် ဒီနှစ်တွေမှာ အောင်မြင်လာခဲ့တာဖြစ်ပါတယ်လို့ဆိုပါတယ်။
Ryan Smith က Anandtech စတင်တည်ထောင်ပေးခဲ့သူ Anand Lal Shimpi ကိုလည်းကျေးဇူးတင်ကြောင်းဆိုထားပြီး သူချမှတ်ခဲ့တဲ့ အရည်အသွေးနဲ့ သင်ကြားပြသမှုတွေကြောင့် ဒီနေ့အထိရပ်တည်နိုင်ခဲ့တာလို့ဆိုပါတယ်။ ဒါ့အပြင် လက်တွဲခဲ့တဲ့ hardware နဲ့ software ကုမ္ပဏီတွေကိုလည်းကျေးဇူးတင်ရှိတယ်လို့ဆိုပါတယ်။ ဒါတင်မက အယ်ဒီတာတွေနဲ့စာရေးဆရာတွေအပြင် ထုတ်ဝေသူဖြစ်တဲ့ Future PLC နဲ့ ယခင် Purch တို့ကိုလည်း trend နောက်မလိုက်တဲ့ Anandtech ကို စိတ်တိုင်းကျဆောင်ရွက်ခွင့်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ရှိကြောင်းဆိုထားပါတယ်။
Anandtech ကိုရပ်ဆိုင်းလိုက်ပေမယ့် ဝက်ဘ်ဆိုဒ်နဲ့ AnandTech Forums ကို ထုတ်ဝေသူ Future PLC ဆက်လက်ထိမ်းသိမ်းသွားမှာမို့ နှစ်ပေါင်းများစွာဖတ်ရှုနိုင်မယ်လို့ဆိုပါတယ်။ သင့်အနေနဲ့ အလားတူဝက်ဘ်ဆိုဒ်ကိုဖတ်ရှုလိုတယ်ဆိုရင်တော့ Future PLC အောက်က Anandtech ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ Tom’s Hardware မှာ ဖတ်ရှုနိုင်တယ်လို့ Ryan Smith က ဆိုထားပါတယ်။
အခုအချိန်တွေမှာ နက်နဲပြီးနည်းပညာအရမ်းဆန်တဲ့သတင်းတွေဟာ ပရိသတ်အများစုကိုဖမ်းစားနိုင်ဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် AnandTech က များစွာသောဝက်ဘ်ဆိုဒ်တွေ မအောင်မြင်နိုင်ခဲ့တဲ့နေရာမှာ အောင်မြင်စွာရပ်တည်နိုင်ခဲ့ပါတယ်။ ဒီဝက်ဘ်ဆိုဒ်ကနေ နည်းပညာအပေါ် လွှမ်းမိုးမှုကြီးမားတဲ့ စာရေးဆရာတွေကိုလည်း ထွက်ပေါ်စေခဲ့ပြီး အဲဒီထဲမှာ TechTechPotato မှာ လုပ်ကိုင်နေတဲ့ Dr. Ian Cutress နဲ့ အခုတော့ Qualcomm မှာ Principal Engineer အဖြစ် လုပ်ကိုင်နေတဲ့ Andrei Frumusanu လည်း ပါဝင်ပါတယ်။
နောက်ဆုံးမှာတော့ Smith က ဝက်ဘ်ဆိုဒ်ကို စတင်တည်ထောင်ခဲ့တဲ့ Anand ရဲ့ စကားကို ကျွန်တော်တို့ကို မျှဝေပေးခဲ့ပါတယ်။ "ကျွန်တော့အတွက်ဆိုရင် ဝက်ဘ်က ပညာရပ်ဆိုင်ရာ အစီရင်ခံတာ (သို့မဟုတ်) အနှစ်သာရမရှိနေတာမျိုးပဲ လိုအပ်တယ်လို့ လိုအပ်တယ်လို့ မထင်ပါဘူး။ သူ့နေရာနဲ့သူ သင့်တော်မျှတနေမယ်ဆိုရင် ကျေနပ်ပါတယ်' လို့ ဆိုခဲ့ပါတယ်။
Source: Anandtech and XDA Developers
0 Comments