နာမည်ကျော် စိတ်ကူးယဥ်သိပ္ပံအက်ရှင်ဂိမ်းတစ်ခုဖြစ်တဲ့ Mass Effect ဟာ ဗီဒီယိုဂိမ်းတွေကို ရုပ်သံစီးရီးအဖြစ်ပြောင်းလဲဖန်တီးနေတဲ့ လောကထဲ ထပ်မံပါဝင်လာဖို့ ရှိနေပါတယ်။ Variety ရဲ့အစီရင်ခံချက်အရ Amazon MGM က ၂၀၀၇ - ၂၀၂၁ ခုနှစ် အတွင်း ထွက်ရှိခဲ့တဲ့ ဂိမ်းစီးရီးကို ရုပ်သံဇာတ်လမ်းတွဲအဖြစ် ဆက်လက်ဖန်တီးမှာဖြစ်ကြောင်းဆိုပါတယ်။
ဒီဇာတ်လမ်းတွဲကို F9: The Fast Saga ရုပ်ရှင်ရဲ့ဇာတ်ညွှန်းဆရာ Daniel Saga က ဇာတ်ညွှန်းရေးသွားမှာဖြစ်ပြီး ထိုရုပ်ရှင်ဟာ ဝေဖန်မှုခံခဲ့ရပေမယ့် Box Office မှာ $700 သန်းကျော်အောင်ရရှိခဲ့တာပါ။ Mass Effect ၄ခုထဲက ၂ခုကိုဖန်တီးရာမှာ ပါဝင်ခဲ့တဲ့ BioWare စတူဒီယို ရဲ့ ဥက္ကဋ္ဌ Mike Gamble ကလည်း Mass Effect ဇာတ်လမ်းတွဲရဲ့ အမှုဆောင်ထုတ်လုပ်သူအဖြစ်ပါ ပါဝင်မယ်လို့သိရပါတယ်။ Hollywood မှာ နာမည်ကြီး အမှုဆောင်ထုတ်လုပ်သူ Avi Arad လည်း အမှုဆောင်ထုတ်လုပ်သူအဖြစ်ပါရှိမှာပါ။
Mass Effect ဇာတ်လမ်းတွဲမှာ ဘယ်အချက်အလက်တွေကို အခြေခံမလဲဆိုတာကို ရေးသားထားခြင်းမရှိပေမယ့် နာမည်ပိုကြီးတဲ့ မူလ Mass Effect ဂိမ်း၃ခုကို အခြေခံမယ်လို့ယူဆကြပါတယ်။ ဒီဂိမ်း၃ခုရဲ့ဇာတ်လမ်းကတော့ အာကာသကနေလာတဲ့ Reapers ဆိုတဲ့ဂြိုလ်သားတွေက ကမ္ဘာကြီးကိုဖျက်စီးစေမယ့်ဘေးအန္တရာယ်ကို ကာကွယ်တဲ့ Commander Shepard ရဲ့အကြောင်းဖြစ်ပါတယ်။ ၂၀၁၇ မှာထွက်ရှိခဲ့တဲ့ Mass Effect Andromeda ကတော့ ဝေဖန်ရေးဆရာတွေနှစ်သက်ခဲ့ခြင်းမရှိသလို ရောင်းအားပိုင်းမှာလည်း မကောင်းခဲ့တာကြောင့် အဆိုပါဂိမ်းကို ရုပ်သံဇာတ်လမ်းတွဲအဖြစ် ပြန်လည်ဖန်တီးမှုမှာ ပါဝင်လာဖို့ အလားအလာနည်းပါးပါတယ်။
ဒီသတင်းတွေဟာ နိုဝင်ဘာလ ၇ ရက်နေ့မှာ BioWare က နေ့စဉ်ကျင်းပတဲ့ N7 Day မှာ ချိန်သားကိုက် ထွက်ရှိလာတာဖြစ်ပြီး ဒီသတင်းကို EA သို့မဟုတ် Amazon ကနေ အတည်ပြုကြေညာထားတာ မရှိသေးပေမယ့် N7 Day မှာ ပရိသတ်တွေအတွက် ဝမ်းမြောက်စရာဖြစ်ပါတယ်။
Mass Effect ကို ဇာတ်လမ်းတွဲအဖြစ် အသက်သွင်းမယ့်သတင်းထွက်ပေါ်လာတာဟာ Amazon Prime ရဲ့ Fallout ဇာတ်လမ်းတွဲ အောင်မြင်မှုကြောင့်လို့ယူဆရပါတယ်။ Bethesda Game Studios ထုတ်လုပ်သူ Todd Howard ရဲ့အနီးကပ်ကြီးကြပ်မှုအောက်မှာ Fallout ဇာတ်လမ်းတွဲဟာအလွန်အောင်မြင်လာခဲ့ပါတယ်။ အာကာသအတွင်း ထူးခြားကောင်းမွန်လှတဲ့ဇာတ်အိမ်ကို တည်ထားတဲ့ Mass Effect ဟာ ဇကာတင် Emmy ဆု ၁၇ ခုရရှိထားတဲ့ Fallout ရုပ်သံစီးရီးကို ဆက်ခံဖို့ထိုက်တန်တဲ့ ဇာတ်လမ်းတွဲဖြစ်လာနိုင်ပါတယ်။
Source: Venturebeat
0 Comments