Image: OpenAI |
Google ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Alphabet ဟာ ChatGPT ရဲ့ တိုးပွားလာတဲ့ရေပန်းစားမှုကို တားဆီးဖို့အတွက် ၎င်း၏ AI အခြေခံ သုံးစွဲသူဝန်ဆောင်မှုတွေကို အလျင်အမြန် မိတ်ဆက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် chatbot သည် စျေးကွက်ဝေစုနှင့် လူအများရဲ့စိတ်ဝင်စားမှုကို ဆက်လက်ရရှိနေခဲ့ပါတယ်။ အခုဆိုရင် ဝက်ဘ်ရှာဖွေရေးလုပ်ငန်းမှာ စျေးကွက်လက်ဝါးကြီးအုပ်ထားတဲ့ Google ကို စတင်စိန်ခေါ်လာပြီလို့ဆိုနိုင်ပါတယ်။
အခုဆိုရင် OpenAI ဟာ သူ့ရဲ့ ChatGPT Search ဆိုတဲ့ ရှာဖွေရေးဝန်ဆောင်မှုအသစ်ကို မိတ်ဆက်လိုက်ပြီး AI chatbot ကို အသုံးပြုကာ အင်တာနက်ပေါ်ကနောက်ဆုံးရသတင်းအချက်အလက်တွေကို အလွယ်တကူ ရှာဖွေပေးနိုင်ပါတယ်။ OpenAI အဆိုအရ ChatGPT က အင်တာနက်ရှာဖွေမှုတွေအတွက် အတော်ပဲတိုးတက်လာပြီး ယခုအချိန်မှာ 'အလွန်မြန်ဆန်ပြီး အချိန်နဲ့တပြေးညီ' အဖြေတွေကို ထုတ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ အခုဆိုရင် Chatbot ရဲ့ prompt အခြေခံ interface က ယခုအချိန်မှာ သတင်းအချက်အလက်တွေကို တွဲဖက်အလုပ်လုပ်နိုင်ပြီဖြစ်ပါတယ်။ ဒါပေမယ့် တခါတလေမှာ လွဲမှားနေတာမျိုးလဲ ရှိနိုင်ပါသေးတယ်။
ဒီအင်တာနက်ရှာဖွေမှု feature ကို ChatGPT ရဲ့ မူရင်းဝဘ်ဆိုက်မှာသာမက အပြင် desktop PC နဲ့ မိုဘိုင်းအတွက်ရရှိနိုင်တဲ့ app တွေမှာလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Team နဲ့ ChatGPT Plus အသုံးပြုသူတွေကို လက်ရှိမှာအသုံးပြုခွင့် ပေးထားပြီး Enterprise နဲ့ Education ဝန်ဆောင်မှုအသုံးပြုသူတွေအတွက်တော့ လာမယ့်အပတ်တွေအတွင်း ရရှိမှာဖြစ်ပါတယ်။ အခမဲ့ အသုံးပြုသူတွေအားလုံးကိုလည်း လာမယ့်လတွေအတွင်းမှာ အသုံးပြုခွင့် ပေးသွားမယ်လို့သိရပါတယ်။
OpenAI က ယနေ့အချိန်ရဲ့ အင်တာနက်ရှာဖွေမှုဟာ အရင်လိုတော့ ပုံမှန် အသုံးမဝင်တော့ဘူးလို့ ဆိုပြီး လိုအပ်တဲ့ အဖြေတွေ ရဖို့အတွက် ကြိုးစားရလွန်းတယ်လို့ ဆိုပါတယ်။ ChatGPT ရှာဖွေမှု နဲ့ဆိုရင်တော့ အသုံးပြုသူတွေက link တွေတစ်ခုချင်းစီကို ဝင်ရောက်ကြည့်ရှုဖို့ မလိုအပ်တော့ပါဘူး။ အဲဒီအစား chatbotဟာ ပိုမိုကောင်းမွန်တဲ့ အဖြေတွေကို တစ်ကြိမ်တည်းထုတ်ပေးနိုင်သလို နောက်ဆက်တွဲမေးခွန်းတွေကနေတဆင့် အဖြေတွေကို ပိုမိုတိကျအောင် ပြုပြင်နိုင်ဦးမှာ ဖြစ်ပါတယ်။
Image: OpenAI |
ChatGPT ရဲ့ ရှာဖွေမှုရလဒ်တွေမှာ Chatbot ရဲ့ ကိုးကားထားတဲ့ အရင်းအမြစ်တွေကို ညာဘက်က sidebar မှာ ပြသထားမှာဖြစ်ပါတယ်။ OpenAI ကတော့ ၎င်းတို့ရဲ့ search model ဟာ GPT-4 ကိုချိန်ညှိထားတဲ့ဗားရှင်းတစ်ခုဖြစ်ပြီး 'သစ်လွင်တဲ့ data ဖန်တီးမှုနည်းပညာ' နဲ့ လေ့ကျင့်ထားတယ်လို့ဆိုပါတယ်။ ဒီရှာဖွေမှုရလဒ်တွေကို အမည်မဖော်ပြတဲ့ third-party ရှာဖွေရေးဝန်ဆောင်မှုပံ့ပိုးသူတွေအပြင် အရည်အသွေးမြင့်အကြောင်းအရာ ပံ့ပိုးသူတွေနဲ့အတူ ပိုမိုတိကျတဲ့ ရှာဖွေမှုဖြစ်လာအောင် ပြုလုပ်ထားတယ်လို့ဆိုထားပါတယ်။
ChatGPT ရဲ့ ရှာဖွေမှု feature ကို အစောပိုင်း SearchGPT prototype ရဲ့ တုံ့ပြန်ချက်အပေါ် အခြေခံကာ ဖန်တီးတည်ဆောက်ထားတာဖြစ်ပြီး OpenAI ဟာ အဆိုပါ language model ကို စဉ်ဆက်မပြတ် တိုးတက်စေဖို့ ရည်ရွယ်ထားပါတယ်။ အရေးပါတဲ့ Content Partner တွေအနေနဲ့ Associated Press၊ Condé Nast၊ Financial Times၊ Gedi၊ Le Monde၊ Reuters နဲ့ Time စတဲ့စာနယ်ဇင်းတွေပါဝင်ပါတယ်။ ဒါ့အပြင် ဘယ်ထုတ်ဝေသူမဆို OpenAI ရဲ့ crawlers (ဝဘ်ဆိုက်များမှ အချက်အလက်များကို အလိုအလျောက် စူးစမ်းပေးသည့်ပရိုဂရမ်) တွေကို ChatGPT ရဲ့ ရှာဖွေရေးမှာ ထည့်ဖို့ ခွင့်ပြုနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုခွင့်ပြုခြင်းအားဖြင့် ထုတ်ဝေသူတွေအနေနဲ့ နစ်နာကြေးတစ်စုံတစ်ရာရရှိမှာမဟုတ်ပါဘူး။
Le Monde ရဲ့ CEO ဖြစ်သူ Louis Dreyfus က AI-based ရှာဖွေမှုဟာ မျိုးဆက်သစ်အတွက် အဓိက သိမ်းဆည်းရေး အလေ့အထကို ထိန်းသိမ်းပေးနိုင်မှာဖြစ်ပြီး သူတို့စာနယ်ဇင်းဟာဤဒစ်ဂျစ်တယ်ပြောင်းလဲမှု၏ရှေ့တန်းမှာရှိနေမယ်လို့ ဆိုခဲ့ပါတယ်။ Vox Media ရဲ့ ဥက္ကဌ Pam Wasserstein ကတော့ ChatGPT ဟာ ယုံကြည်စိတ်ချရတဲ့ သတင်းအရင်းအမြစ်တွေနဲ့ ပေါင်းစပ်ထားတဲ့အခါ 'ယုံကြည်စိတ်ချမှု' ပိုမိုပေးနိုင်ပြီး premium journalism ရဲ့ အဆင့်ကို မြှင့်တင်နိုင်မယ်လို့ ဆိုခဲ့ပါတယ်။ AI တော်လှန်ရေးဟာ လူသားတွေကိုအလုံးစုံမလွှမ်းမိုးသွားပဲ တိုးတက်မှုတွေသာပေးပါစေလို့ မျှော်လင့်မိပါတယ်။
Source: TechSpot
0 Comments