Subscribe Us

header ads

Intel ၏ CEO ဖြစ်သူ Pat Gelsinger ရာထူးမှနှုတ်ထွက်

Image via Intel

Intel က သူတို့ရဲ့ အမှုဆောင်အရာရှိချုပ် (CEO)နဲ့ အမှုဆောင်ဒါရိုက်တာတစ်ဦးဖြစ်သူ Pat Gelsinger ဟာ ရာထူးမှ နုတ်ထွက်သွားပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ အခုဆိုရင် သူ့ရဲ့နေရာကို ဆက်ခံမယ့် CEO အသစ်တစ်ဦးကို ရှာဖွေနေပြီး David Zinsner နဲ့ Michelle (MJ) Johnston Holthaus ကို ကုမ္ပဏီရဲ့ တွဲဖက် CEO များအဖြစ် ခန့်အပ်လိုက်ပါတယ်။ David Zinsner က အမှုဆောင် ဒုဥက္ကဌ နဲ့ ဘဏ္ဍာရေးအရာရှိချုပ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်မည်ဖြစ်ပြီး နောက်ထပ် CEO ဖြစ်တဲ့ Michelle Johnson Holthaus ကိုလည်း အသစ်ဖန်တီးထားတဲ့ Intel Products ရဲ့ CEO အဖြစ်ခန့်အပ်လိုက်ပါတယ်။ ဒါ့အပြင် Intel ဘုတ်အဖွဲ့ရဲ့တစ်သီးပုဂ္ဂလဥက္ကဌဖြစ်သူ Frank Yeary ကို အကူးအပြောင်းကာလအတွင်း Interim Executive အဖြစ် တာဝန်ပေးလိုက်ပါတယ်။

Pat Gelsinger ဟာ အရေးပါတဲ့ကာလတစ်ခုဖြစ်တဲ့ ၂၀၂၁ ခုနှစ်မှာ Intel ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ Gelsinger ဟာ ၂၀၀၉ခုနှစ်မတိုင်မီအထိ Intel မှာ အနှစ် ၃၀ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ရာထူးကြီးတွေကိုထမ်းဆောင်ခဲ့ပါတယ်။ CEO အဖြစ် ပြန်လည်ရောက်ရှိပြီးနောက် Gelsinger က Intel ရဲ့အားသာချက်တွေကို ပြန်လည်ရယူဖို့အာရုံစိုက်ခဲ့ပါတယ်။ Intel ရဲ့ Semiconductor ထုတ်လုပ်မှု တိုးတက်မှုအတွက် ကြိုးစားပြီး fab အသစ်တွေဆောက်လုပ်ခဲ့သလို ထိပ်တန်း lithography nodes အသစ်တွေဖန်တီးပေးခဲ့ပါတယ်။ ယင်းမတိုင်မီက Intel ရဲ့ ချစ်ပ်ထုတ်လုပ်ရေးဟာ ရုန်းကန်နေခဲ့ရပြီး TSMC ဟာ ကမ္ဘာ့ထိပ်တန်းဆီမီးကွန်ဒတ်တာ ထုတ်လုပ်သူဖြစ်လာခဲ့ပါတယ်။

Intel ရဲ့အမှုဆောင်အဖွဲ့ကလည်း "Pat ရဲ့ အချိန်ကာလအတွင်း Intel အတွက် အရေးပါတဲ့ ရင်းနှီးမြှုပ်နှံမှုများနှင့် ကျွမ်းကျင်မှုတွေအတွက် ကျေးဇူးတင်ပါတယ်။ Pat ဟာ Intel မှာ နှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့ပြီး ကုမ္ပဏီအတွက် အရေးကြီးတဲ့အချိန်ဖြစ်တဲ့ ၂၀၂၁ ခုနှစ် ပြန်လာခဲ့ပါတယ်။ ခေါင်းဆောင်တစ်ဦးအနေနဲ့ Pat ဟာ ခေါင်းဆောင်တစ်ဦးအနေနှင့် ကုမ္ပဏီတစ်ခုလုံးမှာ ဆန်းသစ်တီထွင်မှုကို တွန်းအားပေးဖို့အတွက် မမောမပန်းလုပ်ဆောင်ရင်း ထိပ်တန်းဆီမီးကွန်ဒတ်တာထုတ်လုပ်မှုမှာ ရင်းနှီးမြှုပ်နှံခြင်းဖြင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်ကို ပြန်လည်အသက်ဝင်လာအောင် ကူညီပေးခဲ့ပါတယ်။" လို့ ပြောကြားခဲ့ပါတယ်။

မကြာသေးမီက Intel ဟာ ဘဏ္ဍာရေးအရ ရုန်းကန်ခဲ့ရပါတယ်။ ၂၀၂၄ခုနှစ် ဒုတိယသုံးလပတ်မှာ $1.6 ဘီလီယံအရှုံးပေါ်မှုကြောင့် ဝန်ထမ်းပေါင်း ၁၅၀၀၀ ကျော်ကို ကုမ္ပဏီတစ်ခုလုံး ကုန်ကျစရိတ်ဖြတ်တောက်ခြင်းအစီအမံတွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ကုမ္ပဏီမှ ထုတ်ပယ်ခဲ့ပါတယ်။ ဒီလိုအရှုံးပေါ်ခဲ့ရခြင်းဟာ Intel ရဲ့ ထုတ်လုပ်မှုဖက်ကို ပြန်လည်အသက်သွင်းမယ့် ရင်းနှီးမြှုပ်နှံမှုတွေကြောင့် ဖြစ်ပါတယ်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှုတွေဟာ Intel ၏အနာဂတ်အောင်မြင်မှုအတွက် အရေးကြီးပြီး ယခင် CEO တွေလက်ထက်မှာ Intel ရဲ့ fabs များကို မှားယွင်းစွာ စီမံခန့်ခွဲတာကြောင့် အလွန်အရေးကြီးတယ်လို့ဆိုနိုင်ပါတယ်။

Pat Gelsinger ရဲ့ နုတ်ထွက်မှုနောက်ကွယ်

Pat Gelsinger ကရုတ်တရက်နုတ်ထွက်ခဲ့ရတဲ့အကြောင်းအရင်းကို အတိအကျမသိရသေးပဲအကြောင်းအမျိူးမျိူးကြောင့် ဖြစ်နိုင်ပါတယ်။ Intel ဘုတ်အဖွဲ့နဲ့ မသင့်မြတ်တာတာလည်းဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သူ့ရဲ့  အစီအမံကို အောင်မြင်စွာ အကောင်အထည်မဖော်နိုင်တာကြောင့်  Intel ရဲ့ ဘဏ္ဍာရေးအခက်အခဲတွေအတွက် "ဓားစာခံ" အဖြစ် တွန်းထုတ်ခံတာလည်းဖြစ်နိုင်ပါတယ်။  ဘယ်လိုပဲဖြစ်ဖြစ် ကြီးမားတဲ့ အပြောင်းအလဲတွေ ရှိလာမှာပါ၊ အဲဒါဟာ Semiconductor စျေးကွက်အပေါ် ကြီးမားတဲ့သက်ရောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။

Source: OC3D

Post a Comment

0 Comments