Subscribe Us

header ads

ကယ်ဆယ်ရေးနှင့် စက်မှုလုပ်ငန်းများအတွက် သယ်ဆောင်ရလွယ်ကူသည့် DJI ၏ Matrice 4 Drone အသစ်များ


Image: DJI

DJI ဟာ သုံးစွဲသူတွေအကြားမှာ သူ့ရဲ့အရည်အသွေးမြင့်ကင်မရာ Drone တွေကြောင့် နာမည်ကြီးပါတယ်။ ဒါပေမဲ့ စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းသုံး Drone တွေကိုလည်း အားစိုက်ဖန်တီးနေပါတယ်။ သူတို့ရဲ့ နောက်ဆုံးထုတ် Matrice 4 Drone ကတော့ အထက်ပါ ကယ်ဆယ်ရေးလုပ်ငန်းသုံး Drone အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ ဒီ Drone ဟာ အရင်ထွက်ခဲ့တဲ့ Mavic 3 Enterprise ရဲ့ နေရာမှာ အစားထိုးမယ့် Drone ဖြစ်ပြီး သယ်ရလွယ်ကူတဲ့ ခေါက်သိမ်းလို့ရတဲ့ ဒီဇိုင်းနဲ့ ဆင်တူပါတယ်။ DJI က သူတို့ရဲ့ စီးပွားရေးသုံးနဲ့ စိုက်ပျိုးရေးသုံး Drone တွေကို Matrice ဆိုတဲ့ ထုတ်ကုန်အောက်မှာ စုစည်းလိုက်တာကြောင့် မော်ဒယ်နာမည်ကိုလည်း Matrice လို့ ပြောင်းလိုက်တာလို့ ဆိုပါတယ်။ နောက်ဆိုရင် Mavic ဆိုတဲ့ နာမည်ကို ရုပ်ရှင်ရိုက်ကူးရေးအတွက် ထုတ်တဲ့ Drone တွေမှာပဲ သုံးတော့မှာပါ။

စက်မှုလုပ်ငန်းနှင့် ကယ်ဆယ်ရေးအတွက် နေရာမရွေး အသုံးပြုနိုင်သည့် Matrice 4

အမှတ်တံဆိပ်ကို ဘယ်လိုပဲ သတ်မှတ်ထားပါစေ၊ Matrice 4 ဟာ သီးခြားလုပ်ငန်းနယ်ပယ်တွေမှာ လုပ်ကိုင်နေတဲ့ ပညာရှင်တွေအတွက် အသုံးဝင်တဲ့ ထပ်ဆောင်းပစ္စည်းတစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့ ပုံသဏ္ဍာန်က သယ်ဆောင်ရလွယ်ကူစေပြီး ၂.၇ ပေါင်ပဲ လေးတဲ့ ဒီ Drone ကို သိမ်းဆည်းသယ်ယူဖို့အတွက် ကျစ်လစ်စွာခေါက်သိမ်းထားနိုင်ပါတယ်။ Drone ရဲ့ ကိုယ်ထည်ဟာ telephoto camera lens တစ်ခုထက် သိပ်မကြီးသလို၊ remote တစ်ခုနဲ့ ဘက်ထရီအပိုတွေကိုအစရှိတဲ့ ပစ္စည်းအားလုံးကို ကျောပိုးအိတ်တစ်လုံးထဲမှာ သိမ်းဆည်းထားနိုင်ပါတယ်။

ဒီ Drone မှာ DJI Drone တွေကို လွယ်လွယ်ကူကူ တပ်ဆင်ပျံသန်းနိုင်စေတဲ့ နည်းပညာတွေလည်း  ပါဝင်ပါတယ်။ Matrice ရဲ့ ပန်ကာဒလက်တွေဟာ စက္ကန့်ပိုင်းအတွင်းမှာပဲ အလိုအလျောက် ဖြန့်ကျက်သွားပြီး ကျွမ်းကျင်တဲ့ ဒရုန်းမောင်းနှင်သူတွေဆိုရင် အိတ်ထဲက ထုတ်ပြီး မိနစ်ပိုင်းအတွင်းမှာတင် လေပေါ် ပျံသန်းနိုင်မှာဖြစ်ပါတယ်။ လူရှုပ်တဲ့နေရာတွေကို အန္တရာယ်ကင်းကင်း ပျံသန်းနိုင်ဖို့အတွက် ၃၆၀ ဒီဂရီ အတားအဆီး ရှောင်ရှားစနစ်နဲ့ GPS လည်း ပါဝင်ပါတယ်။

Matrice 4 မှာ screen တပ်ဆင်ထားတဲ့ remote တစ်ခုပါဝင်ပြီး DJI က ထပ်တိုးအပိုပစ္စည်း နှစ်မျိုးအဖြစ် Spotlight နဲ့ Speaker ကိုလည်း ဝယ်ယူခွင့်ပေးထားပါတယ်။ Spotlight က ညအချိန် ရှာဖွေရေး မစ်ရှင်တွေမှာ မြေပြင်ကို အလင်းရောင်ပေးဖို့ အသုံးဝင်ပြီး Speaker ကို ဥပမာ- တောထဲမှာ ပျောက်ဆုံးနေတဲ့ တောင်တက်သမားတစ်ယောက်ကို အကြောင်းကြားဖို့ အသုံးပြုနိုင်ပါတယ်။

Image: DJI

4E နှင့် 4T မော်ဒယ်များ၏ ကင်မရာစနစ်များ

Matrice 4 ကို 4E နဲ့ 4T ဆိုပြီး နှစ်မျိုးနဲ့ ရရှိနိုင်ပါတယ်။ 4E မှာ wide, medium နဲ့ telephoto lens တွေပါတဲ့ ကင်မရာ သုံးခု ပါဝင်ပြီး စက်မှုလုပ်ငန်း အသုံးချမှုတွေအတွက် ရည်ရွယ်ပါတယ်။ ၎င်းကို လိုင်စင်ရ ဒရုန်းမောင်းနှင်သူတွေက အရေးကြီးတဲ့အခြေခံအဆောက်အအုံတွေကို စစ်ဆေးဖို့၊ လယ်သမားတွေက သီးနှံတွေကို စောင့်ကြည့်ဖို့နဲ့ မြေပုံရေးဆွဲသူတွေက မြေပုံဆွဲဖို့ အသုံးပြုတဲ့ဒရုန်းအမျိုးအစားဖြစ်ပါတယ်။ စင်တီမီတာတိကျမှုအဆင့် လိုအပ်တဲ့ မြေပုံပရောဂျက်တွေအတွက် ground station accessory ဖြစ်တဲ့ D-RTK 3ကို ထပ်ဆောင်းအဖြစ် အသုံးပြုနိုင်ပါတယ်။


4T မော်ဒယ်ကတော့ အထက်ကလုပ်ငန်းတွေမှာ အသုံးပြုနိုင်ပေမဲ့ သူ့မှာအပူချိန်တိုင်းတာတဲ့ Thermal Imaging အတွက် ကင်မရာအိမ်မှာ လေးခုမြောက် မှန်ဘီလူးတစ်ခုကို ထပ်မံဖြည့်စွက်ပေးထားပါတယ်။ Thermal Camera ဟာ စက်မှုလုပ်ငန်းတွေမှာလည်း အသုံးဝင်ပါတယ်။ ဥပမာအားဖြင့် အိမ်တွေကို စစ်ဆေးတဲ့သူတွေက အပူလွန်ကဲမှုတွေကို ရှာဖွေဖို့ သုံးနိုင်သလို၊ အဓိက အသုံးဝင်တာကတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာပါ။ Thermal Camera ဟာ လေထဲက အပူအငွေ့တွေကို ဖမ်းယူနိုင်တာကြောင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အသုံးပြုတဲ့ Drone အမျိုးအစားဖြစ်ပါတယ်။ Drone နှစ်မျိုးလုံးမှာ Electronic Dehazing နည်းပညာကို အထောက်အပံ့ပေးထားတာကြောင့် မြူထူထပ်တဲ့ ရာသီဥတုမျိုးမှာတောင် အရာဝတ္ထုတွေကို အလွယ်တကူမြင်နိုင်ပါတယ်။

Image: DJI

ဈေးနှုန်းနှင့် ရရှိနိုင်မှု

DJI က Matrice 4E နဲ့ 4T Drone တွေကို ကြိုတင်မှာယူမှုတွေ လက်ခံနေပြီဖြစ်ပေမဲ့ တရားဝင် ရောင်းချမယ့်ရက်ကိုတော့ အတိအကျ မပြောသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ပရော်ဖက်ရှင်နယ် Drone ဒရုန်းမောင်းနှင်သူတွေနဲ့ လုပ်ငန်းအဖွဲ့အစည်းတွေအဖို့ ဒီ Drone တွေလိုအပ်တယ်ဆိုရင် ပေးရမယ့်စျေးနှုန်းမသေးဘူးဆိုတာသိထားသင့်ပါတယ်။ Matrice 4E ရဲ့ စတင်ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၄,၇၉၉ ကျသင့်မှာဖြစ်ပြီး Matrice 4T ရဲ့ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၇,၂၉၉ ကျသင့်မယ်လို့ဆိုပါတယ်။

Source: DJI and PCMag



Post a Comment

0 Comments