Subscribe Us

header ads

Nintendo က မျိုးဆက်သစ် Switch 2 လက်ကိုင်ဂိမ်းစက်ကို တရားဝင်ထုတ်ဖော်ပြသ

Image: Nintendo

အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရပြီးနောက် နောက်ဆုံးမှာ Nintendo ဟာ ပြီးခဲ့တဲ့ ကြာသပတေးညမှာ သူတို့ရဲ့ မျိုးဆက်သစ်ဂိမ်းစက်ဖြစ်တဲ့ Switch 2 ကို တရားဝင်ပြသခဲ့ပါတယ်။ Nintendo က hybrid console (အိမ်မှာရော အပြင်မှာပါ သုံးလို့ရတဲ့ ဂိမ်းစက်) ကို ပြသတဲ့ teaser ဗီဒီယိုထဲမှာတော့ ဧပြီလမှာပြသမယ့် Nintendo Direct မှာ ဂိမ်းစက်ရဲ့အသေးစိတ်အချက်အလက်ကို ထုတ်ပြန်မယ်ဆိုတဲ့ အစီအစဉ်ကလွဲပြီး တခြား ထွေထွေထူးထူးဘာမှ သိပ်မပါဝင်ပါဘူး။ ဒါကြောင့် ဂိမ်းစက်အသစ်အကြောင်း ကျွန်တော်တို့ မသိသေးတဲ့အရာတွေ အများကြီး ရှိနေပြီး ကောလာဟလတွေလည်း အမျိုးမျိုး ထွက်ပေါ်နေပါတယ်။ အခု ဖော်ပြမှာကတော့ ကျွန်တော်တို့ သိထားပြီးသား အချက်အလက်တွေပဲ ဖြစ်ပါတယ်။

Switch 2 ရဲ့ တရားဝင်နာမည်က ဘာလဲ

Switch 2 ပါပဲ။ အခုလို တရားဝင် ကြေညာလိုက်တာကြောင့် Nintendo ဟာ အရင်တုန်းက Wii U နဲ့ New Nintendo 3DS လိုမျိုး နာမည်ပေးပုံ ရှုပ်ထွေးတာတွေကို ရှောင်ရှားနိုင်ခဲ့ပါတယ်။ ဒါဟာ Nintendo သမိုင်းမှာ ရိုးရိုးရှင်းရှင်း နံပါတ်စဉ်တပ်ထားတဲ့ဂိမ်းစက်လည်း ဖြစ်လာခဲ့ပါတယ်။

Switch 2 ကို ဘယ်တော့ ဖြန့်ချီမလဲ

Nintendo က Switch 2 ကို ဒီနှစ်ထဲမှာ ဖြန့်ချီမယ်လို့ အတည်ပြုပြောကြားခဲ့ပေမဲ့ ရက်အတိအကျကိုတော့ မပြောသေးပါဘူး။ ကုမ္ပဏီက လက်ရှိ ဘဏ္ဍာရေးနှစ်ဖြစ်တဲ့မတ်လမကုန်ခင် Switch 2 ကို မိတ်ဆက်မယ်လို့ အရင်က ပြောထားတဲ့ ကတိအတိုင်း အခု မိတ်ဆက်လိုက်ပြီဖြစ်လို့ နွေရာသီအစောပိုင်းလောက်မှ ထွက်ရှိလာနိုင်ပါတယ်။ ဧပြီ ၂ ရက်နေ့မှာ ပြုလုပ်မယ့် Nintendo Direct မှာ Switch 2 အကြောင်း အသေးစိတ်ကို ထပ်မံ ကြားသိရမှာဖြစ်ပါတယ်။


ဒါက Nintendo အနေနဲ့ စိတ်ဝင်စားမှုတွေ တိုးလာအောင် လုပ်ဆောင်ဖို့၊ စတင်ရောင်းချချိန်မှာ ကစားနိုင်မယ့် ဂိမ်းစာရင်းကို ပြင်ဆင်ဖို့နဲ့ Switch 2 ဂိမ်းတွေကို လျှို့ဝှက်စွာ မဖန်တီးသေးတဲ့ ဂိမ်း developer တွေနဲ့ ထုတ်ဝေသူတွေကို ဆွဲဆောင်စည်းရုံးဖို့ အချိန်ရစေမှာဖြစ်ပါတယ်။ ကြေညာချက်မတိုင်ခင်မှာ developer ခြောက်ဦးက စပိန်အခြေစိုက် ဖန်ဝက်ဘ်ဆိုက်ဖြစ်တဲ့ Nintenduo ကို Switch 2 ကို ၂၀၂၅ ခုနှစ် ဇွန်လ ဒါမှမဟုတ် ဇူလိုင်လောက်မှာ စတင်ရောင်းချမယ်လို့ အတည်ပြုပြောကြားခဲ့ဖူးပါတယ်။ ဒီအချိန်ဇယားဟာ မူလ Switch ကို ကြေညာခဲ့တဲ့ အချိန် (၂၀၁၆ ခုနှစ် အောက်တိုဘာလ) နဲ့ စတင်ရောင်းချခဲ့တဲ့ အချိန် (၂၀၁၇ ခုနှစ် မတ်လ) တို့နဲ့ တိုက်ဆိုင်နေပါတယ်။

Switch 2 က လက်ရှိ Switch ကို အစားထိုးမှာလား

အစားထိုးမှာပါ။ ဒါဟာ Switch အသစ်ဖြစ်ပြီး ကုမ္ပဏီရဲ့ သမိုင်းမှာ အရှုပ်ထွေးဆုံး နာမည်ပေးပုံစံ မဟုတ်တဲ့ ဂိမ်းစက်လည်း ဖြစ်ပါတယ်။ NES ကနေ Super NES ကို ပြောင်းတုန်းကတောင် ၁၉၉၀ ခုနှစ် အစောပိုင်းမှာ မိဘတွေ အတော်လေး ရှုပ်ထွေးခဲ့ကြပါတယ်။ ဒီတစ်ခါမှာတော့ Switch 2 က Switch (1) ကို အစားထိုးမှာ သေချာပါတယ်။

ဒါပေမဲ့ Nintendo က မူလ Switch ကို ရောင်းတာကို ရပ်မှာ မဟုတ်ပါဘူး။ Switch 2 လိုမျိုး မျိုးဆက်သစ် ဂိမ်းစက်အသစ်တွေ ထွက်လာရင် ကုမ္ပဏီတွေဟာ အနည်းဆုံး တစ်နှစ်လောက် အထိ အရင် ဂိမ်းစက်ကို ဆက်လက်ရောင်းချလေ့ရှိပါတယ်။ Switch ထွက်တုန်းက 3DS ကိုဒီလိုပဲလုပ်ခဲ့သလို  Wii ထွက်တုန်းက GameCube ကိုလည်း ဒီလိုပဲ လုပ်ခဲ့ဖူးပါတယ်။

Switch 2 မှာ မူရင်း Hybrid ဒီဇိုင်းကို ဆက်သုံးမှာလား

Nintendo ဟာ Switch နဲ့ တော်တော်လေး အောင်မြင်ခဲ့ပါတယ်။ အဲဒါက အိမ်မှာ Dock နဲ့ ချိတ်ပြီး သုံးလို့ရသလို Joy-Con လို့ခေါ်တဲ့ Controller တွေကို ဖြုတ်တပ်ပြီး အပြင်မှာလည်း သယ်သွားလို့ရတဲ့ ဂိမ်းစက် အမျိုးအစားဖြစ်တာကြောင့် သုံးရတာ အရမ်းအဆင်ပြေပါတယ်။ အရင်လို အိမ်သုံး ဂိမ်းစက် (သို့) လက်ကိုင်ဂိမ်းစက်ဆိုပြီး တစ်မျိုးတည်းပဲ ပြန်ထုတ်ရင်တော့ သိပ်အဆင်မပြေနိုင်ပါဘူး (ဒါပေမဲ့ Nintendo Switch Lite လိုမျိုး လက်ကိုင်စက်ပဲ ဖြစ်ဖြစ်၊ အိမ်သုံးစက်ပဲ ဖြစ်ဖြစ် မော်ဒယ်ခွဲတွေ ထုတ်လာနိုင်ခြေတော့ ရှိပါတယ်)။

Image: Nintendo

Nintendo က မိတ်ဆက်ခဲ့တဲ ဗီဒီယိုအရ Switch 2 ဟာ မူရင်း Switch ထက် ပိုကြီးပြီး ပိုမိုလှပတဲ့ ဒီဇိုင်းနဲ့ Dock နဲ့ Controller တွေကို ဖြုတ်တပ်လို့ရတဲ့ ပုံစံမျိုးနဲ့ ထွက်ရှိလာမယ်လို့ သိရပါတယ်။

ဆက်စပ်ပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကလည်း Switch 2 အတွက် ကာဗာတွေနဲ့ လက်ကိုင်တွေကို ကြိုတင် ပြသနေကြပါပြီ။ PlayStation 5 အတွက် Darkplates 2.0 ထုတ်လုပ်တဲ့ Dbrand က "Switch 2 Killswitch" ဆိုတဲ့ ရုပ်ပုံနဲ့ စာသားကလွဲလို့ တခြားအသေးစိတ်အချက်အလက် မပါဝင်တဲ့ Killswitch 2 ကာဗာအသစ်ကို ကြေညာခဲ့ပါတယ်။ Satisfye ကလည်း ပြီးခဲ့တဲ့နှစ်က Zengrip 2 လို့ခေါ်တဲ့ ဆက်စပ်ပစ္စည်း ဗီဒီယိုကို ခဏတင်ပြီး ပြန်ဖျက်သွားပေမဲ့ သူတို့ရဲ့ ဝက်ဘ်ဆိုက်မှာတော့ ထုတ်ကုန်အကြောင်း ဖော်ပြထားတာကို တွေ့ရပါတယ်။ CES 2025 မှာ Genki လို့ခေါ်တဲ့ ထုတ်လုပ်သူတစ်ဦးကလည်း Switch 2 အတွက် ဆက်စပ်ပစ္စည်းတွေကို ပြသခဲ့ပါတယ်။

Switch 2 ရဲ့ စက်ပိုင်းဆိုင်ရာ သတ်မှတ်ချက်တွေက ဘာတွေလဲ

Switch 2 ရဲ့ အတွင်းပိုင်း အစိတ်အပိုင်းတွေနဲ့ ပတ်သက်ပြီး တိကျတဲ့ အချက်အလက်တွေ မသိရသေးပေမဲ့ ထွက်ပေါ်နေတဲ့ သတင်းတွေ မှန်မယ်ဆိုရင်တော့ မူရင်း Switch ထက် စွမ်းဆောင်ရည် အများကြီး ပိုကောင်းလာမှာပါ။ ဒါပေမဲ့ PlayStation 5 နဲ့ Xbox Series X လောက်တော့ မကောင်းနိုင်ပါဘူး (PS5 Pro နဲ့ဆို ပိုဝေးသေးတယ်)။

Image: Nintendo

ဘရာဇီးနိုင်ငံက Pokemon သတင်းတွေကို အရင်ထုတ်လွှင့်လေ့ရှိတဲ့ Centroleaks နဲ့ Famiboards ဝက်ဘ်ဆိုက်က သုံးစွဲသူတွေရဲ့ အဆိုအရ Switch 2 မှာ 12GB RAM နဲ့ 256GB UFS 3.1 ပါဝင်မယ်လို့ ဆိုပါတယ်။ ဒါဟာ လက်ရှိ Switch ရဲ့ 4GB RAM နဲ့ 64GB သိုလှောင်မှုထက် အများကြီး ပိုများလာတာပါ။ Centroleaks က Switch အသစ်မှာ ၈ လက်မ မျက်နှာပြင် ပါမယ်လို့လည်း ပြောထားပြီး မိတ်ဆက်ဗီဒီယိုမှာ Switch ရဲ့ ပုံစံကနေ Switch 2 ပုံစံအထိ ပြောင်းလဲသွားတာနဲ့လည်း ကိုက်ညီမှု ရှိပါတယ်။

Image: Nintendo

ပြီးခဲ့တဲ့နှစ် အစောပိုင်းက ထွက်ပေါ်လာတဲ့ အခြား spec sheet တစ်ခုမှာတော့ Switch အသစ်မှာ core ၈ခုပါတဲ့ ARM Cortex-A78AE ပရိုဆက်ဆာ ပါဝင်မယ်လို့ ဆိုထားပြီး အဆိုပါ ပရိုဆက်ဆာဟာ မိုဘိုင်းဖုန်းနဲ့ ကားတွေမှာ သုံးတဲ့ ပရိုဆက်ဆာဖြစ်လို့ PS5 နဲ့ Xbox Series X တို့မှာ သုံးတဲ့ AMD Zen 2 ပရိုဆက်ဆာတွေလောက် စွမ်းအား မကောင်းနိုင်တာ သေချာသလောက်ပါပဲ။ ဒါ့အပြင် အဲဒီ spec sheet မှာပဲ RAM 8GB နဲ့ သိုလှောင်မှု 64GB လို့ ဖော်ပြထားတာကြောင့် ဒီသတင်းနှစ်ခုလုံးကို သတိထားပြီးမှ ယုံကြည်သင့်ပါတယ်။ တခြားသတင်းတွေအရတော့ အဆင့်မြှင့်တင်ထားတဲ့ Dock ဟာ ပါဝါ 60W သုံးစွဲမယ်လို့ သိရပါတယ်။

Switch 2 အတွက် ဘယ်ဂိမ်းတွေထွက်ရှိလာမလဲ

Mario Kart အသစ် ပါလာဖို့က သေချာသလောက်လို့ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိတ်ဆက်ဗီဒီယိုမှာ Nintendo က ဒီဂိမ်းကို အဓိက ပြသထားတာကို တွေ့ရလို့ပါ။ ပြိုင်ပွဲလမ်းကြောင်းက Mario Kart 8 Deluxe မှာ ပါတဲ့ လမ်းကြောင်း ၉၆ ခုနဲ့ မတူသလို ဂိမ်းကာရိုက်တာနဲ့ ကားဒီဇိုင်းတွေလည်း မတူညီပါဘူး။ နောက်တစ်ခုက Mario Kart 8 Deluxe ဟာ Wii U ဂိမ်းကို ပြန်လည် အဆင့်မြှင့်တင်ထားတဲ့ ဂိမ်းဖြစ်ပြီး မူရင်းဂိမ်းထွက်ရှိပြီး မျိုးဆက်၂ခုတောင် ကြာနေပြီဖြစ်တဲ့ ဂိမ်းကိုအဓိကထားပြီး စက်အသစ်ကို မိတ်ဆက်ဖို့ဆိုတာ သိပ်မဖြစ်နိုင်ပါဘူး။

Image: Nintendo

Switch 2 မှာ Kirby၊ Mario နဲ့ Zelda ဂိမ်းအသစ်တွေ ပါဝင်လာဖို့ သေချာသလောက် ရှိပေမဲ့ ဘယ်ဂိမ်းတွေက စက်နဲ့ တစ်ပြိုင်နက် ထွက်ရှိလာမလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။ Metroid Prime 4 ဟာလည်း Switch 2 အတွက် ရွေးချယ်မှုကောင်းတစ်ခု ဖြစ်နိုင်ပြီး ဂိမ်းကို ဟာ့ဒ်ဝဲလ်အသစ်အတွက် ဖန်တီးနေတာက ဂိမ်းရေးဆွဲဖန်တီးမှုကြာမြင့်နေရတဲ့ အကြောင်းအရင်းလည်းဖြစ်နိုင်ပါတယ်။

Switch 2 မှာ အရင် Switch ဂိမ်းတွေကို ကစားလို့ ရမှာလား

ရပါတယ်။ ဒါက Switch 2 ကို Nintendo ဘက်က တရားဝင် မကြေညာခင်ကတည်းက အတည်ပြုပေးထားတဲ့ အချက်အလက် အနည်းငယ်ထဲက တစ်ခုပါ။ မိတ်ဆက်ဗီဒီယိုမှာလည်း Switch 2 နဲ့ မူရင်း Switch ဂိမ်းတွေကို ဒစ်ဂျစ်တယ်နဲ့ရော ဂိမ်းခွေနဲ့ရော နှစ်မျိုးလုံးကစားနိုင်ကြောင်း အတိအလင်း ဖော်ပြထားပါတယ်။ ဂိမ်းတိုင်းတော့ အဆင်ပြေချင်မှ ပြေမယ်ဆိုပေမဲ့ အဆင်မပြေတဲ့ ဂိမ်းတွေ နည်းပါးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

Image: Nintendo

ဆော့ဖ်ဝဲလ်ပိုင်းကို ကြည့်မယ်ဆိုရင် Nintendo က သူတို့ရဲ့ Nintendo Account စနစ်ကို ဆက်သုံးသွားမယ်လို့ အရင်ကတည်းက ပြောထားပါတယ်။ ဒါကြောင့် ဒစ်ဂျစ်တယ် ဂိမ်းဝယ်ယူမှု မှတ်တမ်းတွေက မျိုးဆက်သစ် စက်အသစ်တွေမှာလည်း ဆက်လက် တည်ရှိနေမှာပါ။ ဆိုလိုတာက အရင် Switch မှာ ဝယ်ထားတဲ့ ဂိမ်းတွေကို Switch 2 မှာလည်း ပြန်ဒေါင်းလုဒ်လုပ်ပြီး ဆော့လို့ရမယ်လို့ ယူဆနိုင်ပါတယ်။ Nintendo ဟာ ဂိမ်းစက်အဟောင်းတွေရဲ့ ဂိမ်းတွေကို စက်သစ်တွေမှာ ပြန်ဆော့လို့ရအောင် လုပ်ပေးတဲ့ သမိုင်းကြောင်းကောင်းတွေ ရှိပေမဲ့ ဒစ်ဂျစ်တယ် ဂိမ်းတွေမှာတော့ အဲဒီလို အစဉ်အလာ သိပ်မရှိပါဘူး။ စက်အမျိုးမျိုးကြား ဝယ်ယူမှုတွေကို ခြေရာခံဖို့ ခက်ခဲတာကြောင့် ဖြစ်ပါတယ်။

Source: PCMag

Post a Comment

0 Comments