![]() |
Image: NVIDIA |
Nvidia ရဲ့ CUDA 12.8 release notes အရ အရင် architectures တွေအတွက် ထောက်ပံ့မှုဟာ အခုဆိုရင် ပြည့်စုံလုံလောက်သွားပြီလို့ သတ်မှတ်ထားပြီး နောက်ဆိုရင် feature အသစ်တွေရရှိတော့မှာမဟုတ်ပါဘူး။
Nvidia ရဲ့ ဒီအပြောင်းအလဲဟာ GTX ခေတ် GPU architecture တွေကို တဖြည်းဖြည်းနဲ့ အထောက်အပံ့ လျှော့ချတော့မယ့် အရေးပါတဲ့ အကူးအပြောင်းတစ်ခုပါပဲ။ Maxwell၊ Pascal နဲ့ Volta GPU တွေအတွက် CUDA ထောက်ပံ့မှုက ဆက်ရှိနေဦးမှာ ဖြစ်ပေမဲ့ နောက်ပိုင်း Update တွေမှာ Feature အသစ်တွေ ထပ်မရတော့ဘူး။ သတိပြုဖို့က ဒီအပြောင်းအလဲက GeForce Game Driver အထောက်အပံ့ကို ချက်ချင်း မထိခိုက်သေးဘူးဆိုတာပါ။ ဘာလို့လဲဆိုတော့ Maxwell နဲ့ Pascal GPU တွေဟာ GeForce RTX စီးရီး Driver ရဲ့ ထောက်ပံ့မှုစာရင်းမှာ ပါဝင်နေသေးလို့ပါ။
Nvidia က ဒီ GPU architecture ၃ခုအတွက် အထောက်အပံ့ အပြည့်အဝ ရပ်တန့်မယ့် ရက်အတိအကျကို မထုတ်ပြန်သေးပေမဲ့ မကြာခင်မှာ ဒီအကူးအပြောင်း ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဒီအပြောင်းအလဲ ဖြစ်လာတာနဲ့ တပြိုင်နက် RTX 20 စီးရီးရဲ့ Turing ဗိသုကာကို အခြေခံထားတဲ့ GTX 16 စီးရီးဟာ အထောက်အပံ့ အပြည့်အဝ ရရှိနေဆဲဖြစ်တဲ့ တစ်ခုတည်းသော GTX စီးရီး GPU တွေ ဖြစ်လာပါလိမ့်မယ်။
လွန်ခဲ့တဲ့ ၁၁ နှစ်လောက်က စတင်ခဲ့တဲ့ Maxwell architecture ဟာ Nvidia ရဲ့ သုံးစွဲသူဘက်မှာ အထောက်အပံ့ပေးနေဆဲ အအိုဟောင်းဆုံး GPU architecture တစ်ခုပါ။ GeForce GTX 750 စီးရီးနဲ့ စတင်ခဲ့ပြီး နောက်ပိုင်းမှာ GTX 900 စီးရီးတွေ ထွက်ရှိခဲ့ပါတယ်။ Maxwell ဟာ သူ့ရဲ့ အရင်architecture ဖြစ်တဲ့ Kepler ထက် စွမ်းဆောင်ရည်ပိုင်းမှာ တော်တော်လေး တိုးတက်လာတာကို တွေ့ရပြီး မိုဘိုင်း GPU တွေမှာလည်း ထူးခြားတဲ့ စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ခဲ့ပါတယ်။
၂၀၁၆ ခုနှစ်မှာ GeForce GTX 1000 စီးရီးနဲ့ မိတ်ဆက်ခဲ့တဲ့ Pascal ကတော့ ၂၀၁၀ ခုနှစ်တွေအတွင်း Nvidia ရဲ့ အရေးအပါဆုံး architecture ဆိုင်ရာ တိုးတက်မှုတစ်ခုလို့ ဆိုနိုင်ပါတယ်။ Maxwell ရဲ့ 28nm ထက် နှစ်ဆပိုများပြားတဲ့ TSMC ရဲ့ 16nm FinFET Plus နည်းပညာကို အသုံးပြုထားတာကြောင့် စွမ်းဆောင်ရည်ပိုင်းမှာ အတော်လေး မြင့်မားလာတာကို တွေ့ရပါတယ်။ ဥပမာအနေနဲ့ GTX 1080 ဟာ သူ့ရဲ့ အရင်ဗားရှင်း GTX 980 ထက် ၆၀-၆၅ ရာခိုင်နှုန်း ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ခဲ့ပါတယ်။
Volta ကို ၂၀၁၇ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး အဓိကအားဖြင့် AI application တွေနဲ့ လုပ်ငန်းသုံးအတွက် အာရုံစိုက်ထားပါတယ်။ AI အလုပ်တွေအတွက် အထူးဒီဇိုင်းထုတ်ထားတဲ့ Tensor cores တွေကို မိတ်ဆက်ပေးခဲ့ပြီး Pascal ထက် AI နဲ့သက်ဆိုင်တဲ့ အလုပ်တွေမှာ စွမ်းဆောင်ရည် ၉ဆပိုမိုကောင်းမွန်ခဲ့ပါတယ်။ Volta ကို enterprise အဆင့်မှာသာ အများဆုံးအသုံးပြုခဲ့ကြပြီး Titan V က ဒီ architecture ကို အသုံးပြုထားတဲ့ တစ်ခုတည်းသော desktop GPU ဖြစ်ပါတယ်။
Linux သုံးစွဲသူတွေအတွက်တော့ ဖြန့်ချိမှုအများစုဟာ Nvidia driver ရဲ့ သက်တမ်းလွန်ဗားရှင်းတွေကို ဆက်လက်ထောက်ပံ့ပေးသွားမှာဖြစ်လို့ သက်ရောက်မှုရှိတဲ့ ကတ်တွေဟာ နောင်အနာဂတ်မှာ ဆက်ပြီးအလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ သုံးစွဲသူတွေအနေနဲ့ နောက်ပိုင်းမှာ feature အသစ်တွေ ဒါမှမဟုတ် optimization တွေကို ရရှိတော့မှာမဟုတ်ဘူးဆိုတာကို သတိပြုသင့်ပါတယ်။
Source: TechSpot
0 Comments