Subscribe Us

header ads

VLC Media Player တွင် အင်တာနက်မလိုအပ်သည့် Offline AI ဘာသာပြန်စာတမ်းထိုးစနစ်ပါဝင်လာမည်

Image: VLC

VLC Media Player ရဲ့ နောက်ကွယ်က အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းဖြစ်တဲ့ VideoLAN က CES 2025 ပွဲမှာ ပြုလုပ်တဲ့ ရှင်းလင်းတင်ဆက်မှုတစ်ခုမှာ သူတို့ရဲ့ လူကြိုက်များတဲ့ open-source multimedia tool ဟာ ဒေါင်းလုဒ်ရယူမှုအကြိမ် ၆ ဘီလီယံ ရောက်ရှိခဲ့ကာ မှတ်တိုင်သစ်တစ်ခုစိုက်ထူနိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒီအောင်မြင်မှုဟာ အတော်ထူးခြားပေမဲ့ ပြင်ပက ရယူထားတဲ့ download အရေအတွက်တွေကို ထည့်မတွက်ထားတာကြောင့် ဒီ ၆ ဘီလီယံဆိုတဲ့ ကိန်းဂဏန်းဟာ အမှန်တကယ်ထက် လျော့နည်းနေနိုင်ပါတယ်။ ဒါ့အပြင် VideoLAN ရဲ့ တီထွင်သူတွေက သူတို့ရဲ့ အနာဂတ်အစီအစဉ်တွေကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပြီး အဲဒီထဲမှာ အဓိကအချက်ကတော့ AI နည်းပညာနဲ့ အလိုအလျောက် စာတန်းထိုးပေးနိုင်တဲ့ စနစ်နဲ့ ဘာသာစကား ၁၀၀ အတွက် တပြိုင်နက် ဘာသာပြန်ပေးနိုင်တဲ့ စနစ်ပဲ ဖြစ်ပါတယ်။ ဒီစနစ်ကို လက်ရှိဖန်တီးနေဆဲဖြစ်ပြီး open-source AI နည်းပညာကို အသုံးပြုပြီး ဗီဒီယိုကြည့်နေချိန်မှာတင် အလိုအလျောက်စာတန်းထိုးပေးနိုင်အောင် ရည်ရွယ်ထားပါတယ်။

စိတ်ဝင်စားစရာကောင်းတာက VLC ရဲ့ AI စာတန်းထိုးစနစ်ဟာ OpenAI ရဲ့ Whisper လိုမျိုး နာမည်ကြီးတဲ့ အသံကနေ စာသားပြောင်းပေးတဲ့ နည်းပညာ (automatic speech recognition - ASR) ကို အတုယူထားပုံရပါတယ်။ Whisper ဟာ ကြီးမားတဲ့ ဒေတာအစုအဝေးတွေကို အသုံးပြုပြီး လေ့ကျင့်ပေးထားတာကြောင့် မတူညီတဲ့ အသံနေအသံထားနဲ့ ဒေသခံစကားတွေကို ကောင်းကောင်း ကိုင်တွယ်နိုင်တဲ့အတွက် နာမည်ကျော်ကြားပါတယ်။

ဒါပေမဲ့ VLC ကတော့ မတူညီတဲ့ နည်းလမ်းကို အသုံးပြုပြီး AI စနစ်တွေကို VLC အက်ပ်ထဲမှာ တိုက်ရိုက်ထည့်သွင်းထားမှာဖြစ်ပါတယ်။ ဒီ feature ဟာ အင်တာနက်ချိတ်ဆက်မှု မလိုအပ်တာ ဒါမှမဟုတ် privacy ကို အလေးထားတဲ့ သုံးစွဲသူတွေအတွက် စိုးရိမ်စရာဖြစ်လေ့ရှိတဲ့ cloud-based ဝန်ဆောင်မှုတွေကို အားကိုးစရာမလိုတာကြောင့် အထူးအရေးလှပါတယ်။

ဒီ feature အသစ်နဲ့ပတ်သက်ပြီး VideoLAN ဥက္ကဋ္ဌ Jean-Baptiste Kempf က “စာတန်းထိုးတွေကို သင့်ဘာသာစကားနဲ့ အလိုအလျောက် ဘာသာပြန်ပေးနိုင်တဲ့ စနစ်လည်း ပါဝင်ပါတယ်။ အဓိကအချက်ကတော့ ဒါကို သင့်ရဲ့ကွန်ပျူတာမှာ အင်တာနက်မလိုဘဲ တိုက်ရိုက် အသုံးပြုနိုင်တာပါပဲ။ Cloud service တွေကို လုံးဝ အသုံးပြုစရာ မလိုပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။

ဒီ AI စာတန်းထိုးစနစ်ဟာ မတူညီတဲ့ ဗီဒီယိုဖိုင် အမျိုးအစားတွေကိုလည်း အသုံးပြုနိုင်တာကြောင့် ပြင်ပဆော့ဖ်ဝဲလ်တွေ မလိုဘဲ ဘာသာစကားအမျိုးမျိုးနဲ့ ဗီဒီယိုတွေကို ကြည့်ရှုချင်တဲ့သူတွေအတွက် အလွန်အသုံးဝင်တဲ့ ဆော့ဖ်ဝဲတစ်ခု ဖြစ်လာမှာပါ။ ကုမ္ပဏီရဲ့ အဆိုအရ AI ဟာ ဗီဒီယိုတွေအတွက်ဘာသာစကား ၁၀၀ ကျော်ကို ဘာသာပြန်စာတန်းထိုးပေးနိုင်မှာဖြစ်လို့ ကမ္ဘာတစ်ဝှမ်းက သုံးစွဲသူတွေအတွက် VLC ကို ပိုပြီး အသုံးပြုရ လွယ်ကူစေမှာဖြစ်ပါတယ်။

VideoLAN က ဒီ feature အသစ်ကို ဘယ်တော့ ထုတ်လုပ်မယ်ဆိုတာ အတိအကျ မပြောသေးပေမဲ့ မကြာခင်မှာ အခမဲ့ update အနေနဲ့ ထွက်လာဖို့ ရှိပါတယ်။ နောက်ထပ် အသေးစိတ်အချက်အလက်တွေကို ကုမ္ပဏီရဲ့ blog ကနေတစ်ဆင့် မျှဝေပေးသွားမယ်လို့ ဆိုပါတယ်။

AI နည်းပညာသုံး စာတန်းထိုးနဲ့ ဘာသာပြန်စနစ်ကို VLC မှာ ထည့်သွင်းလိုက်တာဟာ တိုးတက်မှု ကြီးမားတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပေမဲ့ AI က အလိုအလျောက် ထုတ်ပေးတဲ့ စာတန်းထိုးတွေ မတိကျတဲ့ ပြဿနာတွေကို developer တွေဘက်က ဘယ်လို ဖြေရှင်းမလဲဆိုတာ တွေးစရာ ဖြစ်နေပါတယ်။ အဲဒီလို မတိကျမှုတွေက သုံးစွဲသူတွေရဲ့ အတွေ့အကြုံကို ထိခိုက်စေနိုင်ပါတယ်။ PC Mag ရဲ့ ထောက်ပြချက်အရ VLC က ဘယ် open-source AI model တွေကို သုံးမလဲ၊ ဒီ feature ကို သုံးဖို့ ကွန်ပျူတာရဲ့ စွမ်းဆောင်ရည် ဘယ်လောက် လိုအပ်မလဲဆိုတာကိုလည်း စိတ်ဝင်စားနေကြပါတယ်။ သင့်အနေနဲ့ သီးခြား NPU (Neural Processing Unit) ပါတဲ့ PC တစ်လုံး လိုအပ်နိုင်ခြေ ရှိနေပါတယ်။

Source: Tom's Hardware

Post a Comment

0 Comments