Subscribe Us

header ads

Arm က Qualcomm ၏ ချစ်ပ်လိုင်စင်ကို ရုပ်သိမ်းရန် တရားစွဲဆိုမှုအား ရပ်ဆိုင်း

Image Source: Arm & Qualcomm

Qualcomm ရဲ့ မကြာသေးခင်က ထုတ်ပြန်တဲ့ ၃ လပတ် ဘဏ္ဍာရေးအစီရင်ခံစာအရ Arm က ဇန်နဝါရီ ၈ ရက်နေ့မှာ Qualcomm ရဲ့  Architecture License Agreement (ALA) ကို ပယ်ဖျက်ဖို့ကြိုးပမ်းတော့မှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ Qualcomm CEO ဖြစ်သူ Cristiano Amon ကလည်း ဒီသတင်းကို အတည်ပြုပြီး သူတို့ရဲ့ Oryon CPU တွေကို သုံးပြီး "စွမ်းဆောင်ရည်မြင့်ပြီး ကမ္ဘာ့အဆင့်မီ ထုတ်ကုန်တွေ" ကို ဆက်လက်ဖန်တီးနိုင်မှာ ဖြစ်ကြောင်း ပြောပါတယ်။

ဒီပြဿနာ ပြေလည်သွားတဲ့အတွက် Qualcomm က လက်ပ်တော့အတွက် Snapdragon X CPU နဲ့ ဖုန်းအတွက် Snapdragon 8 Elite အပါအဝင် Arm ကို အခြေခံတဲ့ ထုတ်ကုန်တွေကို ဆက်ထုတ်နိုင်မှာပါ။ ဒီထုတ်ကုန်တွေက အရမ်း နာမည်ကြီးပြီး Snapdragon X ဆိုရင် Microsoft ရဲ့ AI-enhanced Windows Copilot+ PC တွေအတွက် ပထမဆုံးအသိအမှတ်ပြုခံရတဲ့ ပရိုဆက်ဆာ ဖြစ်ပါတယ်။ Samsung ကလည်း သူတို့ရဲ့ Galaxy S25 ဖုန်းတွေမှာ Snapdragon 8 Elite ကို ဆက်လက်အသုံးပြုသွားမယ်လို့ ဆိုထားပါတယ်။

ဒီပြဿနာရဲ့ အစကတော့ ၂၀၂၁ ခုနှစ်မှာ Apple ရဲ့ processor ဒီဇိုင်နာဟောင်းတွေ တည်ထောင်ထားတဲ့ Nuvia ဆိုတဲ့ ကုမ္ပဏီလေးကို Qualcomm က ဝယ်ယူလိုက်ချိန်မှာ စတင်ဖြစ်ပေါ်လာခဲ့တာပါ။ Nuvia မှာ Arm နဲ့ သူ့ရဲ့ ကိုယ်ပိုင် ALA ရှိပြီး Arm နဲ့ လိုက်ဖက်တဲ့ CPU core တွေကို ဒီဇိုင်းဆွဲနိုင်ပါတယ်။ Qualcomm ကလည်း Arm ရဲ့ ALA လိုင်စင်ရရှိထားပြီးသားဖြစ်ပါတယ်။ သူတို့က Nuvia ရဲ့ စိတ်ကြိုက် core ဒီဇိုင်းတွေကို Oryon အမှတ်တံဆိပ်နဲ့ သူတို့ရဲ့ Snapdragon ချစ်ပ်တွေမှာ သုံးဖို့ ရည်ရွယ်ထားတာပါ။

Arm က ဒီလိုစီစဉ်တာကို သဘောမတူခဲ့ပါဘူး။ Nuvia က Arm ဆီက ရထားတဲ့ ဒီဇိုင်းတွေကို ခွင့်ပြုချက်မရဘဲ Qualcomm ဆီကို မပေးနိုင်ဘူးလို့ ဆိုပါတယ်။ ၂၀၂၂ခုနှစ်မှာ Arm က Qualcomm ကို သဘောတူညီချက် ဖောက်ဖျက်မှုနဲ့ တရားစွဲပြီး Qualcomm ရဲ့ ALA ကို ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ Arm ကုမ္ပဏီက Nuvia ရဲ့ CPU ပုံစံတွေကို ဖျက်ဆီးဖို့နဲ့ လျော်ကြေးပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

ဒီအမှုက ပြီးခဲ့တဲ့နှစ်မှာ တရားရုံးရောက်ခဲ့ပြီး တရားသူကြီးရဲ့ ဆုံးဖြတ်ချက်က Qualcomm ဘက်ကို အလေးသာစေခဲ့ပါတယ်။

စီရင်ချက်ချပြီးတဲ့အခါမှာတော့ နှစ်ဖက်စလုံးက တရားရေးအခြေအနေကို ရှင်းလင်းဖို့အတွက် နောက်ထပ် တင်ပြချက်တွေ တင်သွင်းခဲ့ကြပြီး တရားသူကြီးအဖွဲ့ဟာ အမှုမှာ လိပ်ခဲတည်းလည်းဖြစ်နေတဲ့ Nuvia ဟာ Qualcomm က ဝယ်ယူချိန်မှာ Arm နဲ့ သူ့ရဲ့ မူလသဘောတူညီချက်ကို ချိုးဖောက်ခဲ့သလားဆိုတဲ့အပေါ် မှာ သဘောတူညီမှု မရရှိခဲ့တာကြောင့် ရုံးတင်စစ်ဆေးမှုအသစ်တစ်ခု ဖြစ်လာနိုင်ခြေရှိပါတယ်။ Arm က မကြာသေးခင်က စည်းမျဉ်းဆိုင်ရာ တင်ပြချက်တစ်ခုမှာ ဒီအကြောင်းကို ဖော်ပြခဲ့ပါတယ်။

Arm ရဲ့ နောက်ဆုံး ၃ လပတ် ဝင်ငွေရှင်းလင်းပွဲမှာ CFO ဖြစ်သူ Jason Child က တရားစွဲမှုကုမ္ပဏီရဲ့ ငွေရေးကြေးရေးကို ဘယ်လို သက်ရောက်မှုရှိလဲဆိုတာကို ပြောပြခဲ့ပါတယ်။ သူက Arm ရဲ့ ဝင်ငွေခန့်မှန်းချက်တွေမှာ တရားစွဲဆိုမှုရဲ့ ရလဒ်ဆိုးကို ထည့်တွက်ထားပြီးသားလို့ ပြောပါတယ်။ ကုမ္ပဏီက Qualcomm ဆီက ငွေပေးချေမှုတွေကို ဆက်လက်ရရှိဖို့ မျှော်လင့်နေပါတယ်။ Qualcomm က Arm ဆီက နည်းပညာအမျိုးမျိုးကို လိုင်စင်ယူပြီး အသုံးပြုနေတာပါ။

Child က ဒီတရားစွဲမှုရဲ့ အဓိက ရည်ရွယ်ချက်က ပိုက်ဆံရဖို့ထက် Arm ရဲ့ ဉာဏပစ္စည်းကို ကာကွယ်ဖို့ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။ "ငွေရေးကြေးရေးအရ ကျွန်တော်တို့က အရင်က သူတို့ပေးခဲ့တဲ့နှုန်းအတိုင်းနဲ့ နောင်မှာလည်း ယခင်အတိုင်း royalty တွေ ဆက်ရနေမယ်လို့ ယူဆထားပါတယ်" လို့ Jason Child က ဆိုပါတယ်။

Source: TechSpot

Post a Comment

0 Comments