Subscribe Us

header ads

Nvidia CEO Jensen Huang နှင့် သမ္မတထရမ့်တို့ အိမ်ဖြူတော်တွင် AI မူဝါဒများကို ဆွေးနွေးခဲ့

Image via Tom's Hardware

ရိုက်တာသတင်းအရ သောကြာနေ့က အိမ်ဖြူတော်မှာ Nvidia CEO နဲ့ တည်ထောင်သူဖြစ်သူ Jensen Huang ဟာ သမ္မတဒေါ်နယ်ထရမ့်နဲ့တွေ့ဆုံခဲ့ပြီး အမေရိကန်ရဲ့ AI မူဝါဒ၊ တရုတ်ကို အဆင့်မြင့် AI GPU တွေ တင်ပို့ခြင်းအပေါ် ကန့်သတ်ချက်တွေအပြင် နည်းပညာနဲ့ AI မူဝါဒတွေအကြောင်း ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

သမ္မတထရမ့်က "ဘာဖြစ်လာမလဲဆိုတာ မပြောနိုင်သေးဘူး" လို့ ဆိုပေမယ့် "ကျွန်တော်တို့ ဆွေးနွေးမှုက အတော်လေးကောင်းမွန်တယ်" လို့ ဆိုခဲ့ပါတယ်။  

သတင်းအရ Jensen Huang နဲ့  ထရမ့်တို့ရဲ့ အိမ်ဖြူတော်အတွင်း ဆွေးနွေးမှုမှာ AI နဲ့ semiconductor နည်းပညာတွေနဲ့သက်ဆိုင်တဲ့ ကဏ္ဍတွေကို အဓိကဆွေးနွေးခဲ့ကြပါတယ်။

AI ကဏ္ဍဆွေးနွေးမှုမှာ အမေရိကန်ရဲ့ AI မူဝါဒတွေ၊ တရုတ်အခြေစိုက် DeepSeek နဲ့ သူ့ရဲ့ နည်းပညာတွေက AI ဝန်ဆောင်မှုနဲ့ ဟာ့ဒ်ဝဲဈေးကွက်အပေါ် အထွေထွေသက်ရောက်မှုတွေအပြင် အဆင့်မြင့် AI GPU တွေအပေါ် အမေရိကန်ရဲ့ ပို့ကုန်ထိန်းချုပ်မှုတွေ ပါဝင်တယ်လို့ သိရပါတယ်။ Reuters ရဲ့ အစီရင်ခံစာမှာ ဆီမီးကွန်ဒတ်တာနဲ့ ဆက်စပ်တဲ့ စကားပြောဆိုမှုတွေကို အသေးစိတ်ဖော်ပြထားတာ မရှိပေမယ့် ထရမ့်အနေနဲ့ ချစ်ပ်တွေကို ပြည်တွင်းမှာ ထုတ်လုပ်ဖို့ အာရုံစိုက်မှုကြောင့် Reuters အနေနဲ့ ခန့်မှန်းချက်အချို့ကို ပြုလုပ်နိုင်တာဖြစ်ပါတယ်။

"သမ္မတထရမ့် နဲ့ တွေ့ဆုံပြီး semiconductor နဲ့ AI မူဝါဒတွေကို ဆွေးနွေးခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်" လို့ Nvidia ပြောခွင့်ရပုဂ္ဂိုလ်က NHK ကို ပြောကြားခဲ့ပါတယ်။ "Jensen နဲ့ သမ္မတတို့က အမေရိကန် နည်းပညာနဲ့ AI ခေါင်းဆောင်မှုကို ပိုမိုခိုင်မာအောင် ပြုလုပ်ရမည့် အရေးပါမှုကို ဆွေးနွေးခဲ့ကြတယ်" လို့ဆိုပါတယ်။

Nvidia ဟာ AI အတွက် အရေးပါလှတဲ့ GPU တွေကို ဦးဆောင်ပံ့ပိုးနေသူဖြစ်တာကြောင့် အမေရိကန်အစိုးရက သူ့ရဲ့ ပို့ကုန်မူဝါဒတွေကို ပြောင်းလဲလိုက်တဲ့အခါ ကုမ္ပဏီကို အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်။ ဒီနှစ်အစောပိုင်းမှာ ယခင်အမေရိကန်အစိုးရအဖွဲ့က Nvidia နဲ့ တခြားကုမ္ပဏီတွေအနေနဲ့ အဆင့်မြင့် AI ဟာ့ဒ်ဝဲတွေကို အမေရိကန်နဲ့ မဟာမိတ် ၁၈ နိုင်ငံအခြေစိုက် အဖွဲ့အစည်းတွေထံ ဘယ်လို ကန့်သတ်ချက်မှမရှိဘဲ ရောင်းချနိုင်တဲ့ ပို့ကုန်မူဝါဒအသစ်တွေကို ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အဆင့်မြင့် AI GPU တွေနဲ့ ဟာ့ဒ်ဝဲတွေကိုတော့ ဥရောပနဲ့ အရှေ့အလယ်ပိုင်းက အမေရိကန်ရဲ့ မဟာမိတ်တွေအပါအဝင် ကမ္ဘာ့ကျန်နိုင်ငံတွေဆီကို တင်ပို့ခြင်းအပေါ်မှာ ကန့်သတ်ချက်တွေ ရှိနေမှာဖြစ်ပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ တရုတ်နဲ့ ရုရှားလို ရန်ဘက်နိုင်ငံတွေက ကုမ္ပဏီတွေကတော့ အဆင့်မြင့် AI GPU တွေဝယ်ယူခွင့် ပိတ်ပင်ခံရမှာပါ။ Nvidia က ဒီအပြောင်းအလဲကို ဝေဖန်ခဲ့ပြီး သူ့ရဲ့ လက်ရှိနဲ့ နောင်လာမယ့် ထုတ်ကုန်တွေဟာ စည်းမျဉ်းအသစ်အောက်မှာ ကျရောက်နေတာကြောင့် ကုမ္ပဏီကို အကြီးအကျယ် ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။

ထရမ့် အစိုးရက ယခင်ဘိုင်ဒင် အစိုးရရဲ့ AI ဖွံ့ဖြိုးရေးမူဝါဒတွေကို ပြောင်းပြန်လှန်နိုင်သလို ဒီတင်ပြထားတဲ့ မူဝါဒအသစ်ကိုပါ ပြန်လည်ဖျက်သိမ်းသွားနိုင်ပါတယ်။ သို့ပင်သော်ငြား အခုချိန်ထိတော့ ဘာလှုပ်ရှားမှုမှ မရှိသေးပါဘူး။ 

တစ်ဖန် Biden အစိုးရကခွင့်ပြုထားတဲ့ Nvidia ရဲ့ ဖြတ်တောက်ပြင်ဆင်ထားတဲ့ H20 HGX GPU ကိုလည်း တရုတ်ကို ရောင်းချခွင့်ပိတ်ချင်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာနေပါတယ်။ ဒီလိုဖြစ်လာခဲ့ရင် Nvidia အတွက် အမြတ်ငွေ ဒေါ်လာ၁၀ ဘီလီယံ လောက် ထိခိုက်နိုင်ပါတယ်။

နောက်ထပ် ဆွေးနွေးဖြစ်နိုင်တဲ့ အကြောင်းအရာတစ်ခုကတော့ Nvidia ရဲ့ ချစ်ပ်ထုတ်လုပ်ရေးအတွက် ထိုင်ဝမ်အခြေစိုက် TSMC ကို အားထားနေရတဲ့အကြောင်းပါ။ ထရမ့်က ထိပ်တန်းချစ်ပ်ထုတ်လုပ်သူတွေအနေနဲ့ သူတို့ရဲ့ စက်ရုံတွေကို အမေရိကန်မှာ တည်ဆောက်စေချင်နေတာပါ ဒါပေမယ့် ခေတ်မီစက်ရုံတွေ တည်ဆောက်ဖို့က နှစ်ပေါင်းများစွာ ကြာမြင့်နိုင်ပါတယ်။ အမေရိကန်မှာ ခေတ်မီထုတ်လုပ်နိုင်စွမ်းရှိတဲ့ တစ်ခုတည်းသော ကုမ္ပဏီကတော့ Intel သာဖြစ်ပါတယ်။ ဒါပေမယ့် Intelအနေနဲ့ သူ့ကိုယ်တိုင်နဲ့ ပြင်ပဖောက်သည်တွေအတွက် လုံလောက်တဲ့ 18A (1.8nm-class) ထုတ်လုပ်နိုင်စွမ်း ရှိမရှိကတော့ သေသေချာချာမသိရသေးပါဘူး။

Source: Tom's Hardware

Post a Comment

0 Comments