Subscribe Us

header ads

ဝါရှင်တန်တွင် Elon Musk သြဇာကြီးမားလာပြီးနောက် အမေရိကန်စီးပွားရေးလုပ်ငန်းကြီးများက ၎င်းနှင့် သဘောတူညီချက်များရရှိရန် အပြိုင်အဆိုင်ကြိုးပမ်းနေ


Image via The Washington Post

အမေရိကန် ကုမ္ပဏီတွေနဲ့ Tesla CEO ဖြစ်သူ Elon Musk ရဲ့ လုပ်ငန်းတွေကြားမှာ ဖြစ်ပေါ်နေတဲ့ သဘောတူညီချက်တွေဟာ သူ့ရဲ့ သမ္မတနဲ့ နီးစပ်မှုအပေါ် အပြုသဘောဆောင်တဲ့ သဘောထားကို ထင်ဟပ်နေပါတယ်။ Elon Musk လုပ်ဆောင်နေတဲ့ ဖက်ဒရယ်အစိုးရကို ပြန်လည်ဖွဲ့စည်းမယ့်ခြေလှမ်းကျဲတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေချိန်မှာပဲ သဘောတူညီချက်တွေက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဟာ အန္တရာယ်ရှိလောက်အောင် အာဏာစုဆောင်းနေကြောင်း ပြသလို့နေပါတယ်။

ကြေညာချက်အချို့က Twitter လို့အရင်ကသိကြတဲ့ X ကို Elon Musk ဟာ အခက်အခဲများစွာနဲ့ သိမ်းပိုက်ပြီးနောက် ကံကြမ္မာ ပြောင်းပြန်ဖြစ်နိုင်ခြေကို အချက်ပြနေပါတယ်။ ၂၀၂၂ ခုနှစ်မှာ Musk က Twitter ကို ဒေါ်လာ ၄၄ ဘီလီယံနဲ့ ဝယ်ယူဖို့ ကမ်းလှမ်းခဲ့ပြီး သဘောတူညီချက်ကို ဖျက်သိမ်းဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အမုန်းစကားပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေကြောင့် ကြော်ငြာရှင်တွေ ထွက်ခွာသွားပြီးနောက် Twitter ဟာ သူ့ရဲ့တန်ဖိုးအများစုကို ဆုံးရှုံးခဲ့ပါတယ်။

သို့ပင်သော်ငြား Bloomberg သတင်းအရ Morgan Stanley ဦးဆောင်တဲ့ ဘဏ်တွေက Musk ရဲ့ AI ကုမ္ပဏီ xAI မှာ ဒေါ်လာ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံထားတာကို အခြေခံပြီး Twitter ရဲ့ ကြွေးမြီ ဒေါ်လာ ၃ ဘီလီယံလောက်ကို ရောင်းထုတ်ဖို့ လုပ်နေတယ်လို့ ပြောပါတယ်။ AI လုပ်ငန်းက အရမ်းကြီးထွားလာတာကြောင့် xAI ရဲ့တန်ဖိုးက ဒေါ်လာ ၅၀ ဘီလီယံအထိ ဖြစ်လာပါတယ်။

နာမည်ကြီး ကြော်ငြာကုမ္ပဏီကြီးတွေလည်း Twitter ကို ပြန်လာနေကြပါတယ်။ The Wall Street Journal က ဖော်ပြချက်အရ Amazon က ကြော်ငြာခ ပိုသုံးလာပြီး Apple ကလည်း ၂၀၂၃ခုနှစ် မှာ ထွက်သွားပြီးနောက် ပြန်လည်ဝင်ရောက်လာဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။

နောက်ထပ် သတင်းကောင်းတစ်ခုကတော့ Visa က Twitter မှာ တိုက်ရိုက်ငွေပေးချေလို့ရအောင် လုပ်ပေးတော့မယ်လို့ သိရပါတယ်။ ဒါက Musk အတွက် Twitter ရဲ့ တန်ဖိုးကို မြှင့်တင်ပေးနိုင်ပြီး အကြွေးတွေကို ရှင်းပေးနိုင်သလို သူ့ရဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့လည်း အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

Twitter ကိုဝယ်ယူပြီးနောက် Elon Musk က လူမှုကွန်ယက်၊ စျေးဝယ်ယူခြင်းနဲ့ ငွေပေးချေခြင်းကို ပေါင်းစပ်ထားတဲ့ တရုတ်နိုင်ငံရဲ့ Weibo လို စွယ်စုံရအက်ပ်တစ်ခုအဖြစ်ပြောင်းလဲလိုကြောင်း ပြောကြားခဲ့ပါတယ်။ Visa အနေနဲ့  Elon Musk ရဲ့ အိပ်မက်ကိုဖြည့်ဆည်းပေးမယ့် ပထမဆုံးမိတ်ဖက်တစ်ဦးဖြစ်လာနိုင်ပါတယ်။

Elon Musk ရဲ့ Starlink အင်တာနက်ဝန်ဆောင်မှုဟာလည်း Trump ရဲ့ အတွင်းစည်းမှာ သိသိသာသာပါဝင်လာမှုကြောင့် မိတ်ဖက်အသစ်တွေကို ရရှိလာခဲ့ပါတယ်။ United Airlines လေကြောင်းလိုင်းက လေယာဉ်မှာ Wi-Fi ဝန်ဆောင်မှုပေးဖို့အတွက် ဂြိုဟ်တုဝန်ဆောင်မှုကို အကောင်အထည်မယ့် အချိန်ဇယားကို အရှိန်မြှင့်လိုက်သလို T-Mobile ကွန်ယက်သုံး iPhone အသုံးပြုသူတွေဟာလည်း ပုံမှန်ဆဲလ်ဖုန်းကွန်ယက်တွေ မသုံးနိုင်တဲ့ ဝေးလံခေါင်သီတဲ့နေရာတွေမှာ ဂြိုဟ်တုသုံး ဆဲလ်ဖုန်းဝန်ဆောင်မှုကို စမ်းသပ်နိုင်ပြီဖြစ်ပါတယ်။

ဒီအချက်တွေနဲ့ အခြားသဘောတူချက်တွေဟာ Elon Musk ရဲ့ Department of Government Efficiency (DOGE) လို့ အမည်ပေးထားတဲ့ ဌာနအသစ်က အမေရိကန် ဖက်ဒရယ်အစိုးရရဲ့ အဓိက လုပ်ဆောင်မှုစနစ်များကို လက်လွှဲယူပြီးနောက် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ Elon Musk က သမ္မတထရမ့်ရဲ့ ပြန်လည်ရွေးကောက်ခံမှုအတွက် ဒေါ်လာ သန်း ၂၆၀ ကျော် ပံ့ပိုးခဲ့ပြီးနောက် သမ္မတအဖြစ်ရွေးချယ်ခံရတဲ့ ထရမ့်က သူ့ကို အိမ်ဖြူတော်မှာ ရုံးခန်းတစ်ခန်းပေးအပ်ခဲ့ကာ DOGE ဌာနကို ဖက်ဒရယ်အသုံးစရိတ်တွေ လျှော့ချဖို့ တာဝန်ပေးခဲ့ပါတယ်။ Elon Musk က ဒေါ်လာ ၂ ထရီလီယံ လျှော့ချသွားဖို့ ရည်မှန်းထားတယ်လို့သိရပါတယ်။

ထရမ့်အစိုးရဲ့ ပထမအပတ်တွေအတွင်း DOGE ဌာနဟာ အမေရိကန်ပြည်ထောင်စု ငွေကြေးဌာန (US Treasury) ရဲ့ အဓိက စနစ်တွေကို ဝင်ရောက်နိုင်ခဲ့ပြီး ယင်းစနစ်တွေမှာ လူမှုဖူလုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အခွန်ပြန်လည်ထုတ်ပေးမှုတွေ ပါဝင်ပါတယ်။ အချို့ကတော့ Elon Musk အနေနဲ့ ဒီဒေတာတွေကို အသုံးချပြီး အစိုးရအသုံးစရိတ်တွေကို တရားမဝင်ပိတ်ပင်လာမှာ စိုးရိမ်နေကြပါတယ်။

Elon Musk ဟာ အစိုးရဝန်ထမ်းတွေကို ဖိအားပေး နှုတ်ထွက်စေတာအပြင် ကမ္ဘာတစ်ဝန်းအသက်ကယ်ဆေးဝါးတွေနဲ့ နိုင်ငံခြားအကူအညီတွေပေးအပ်နေတဲ့ USAID (United States Agency for International Development) ရဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း ရပ်ဆိုင်းခဲ့ပါသေးတယ်။ USAID အဖွဲ့အစည်းအနေကို တရားဝင်ဖျက်သိမ်းလိုက်တာမဟုတ်ပဲ အချို့သော အကူအညီတွေကိုတော့ ပလပ်ပေးထားတယ်ဆိုပေမယ့် DOGE ဌာနဟာ HIV/AIDS ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပိတ်ဆို့ထားဆဲဖြစ်ကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။

ပါလီမန်အမတ်တွေဘက်က Musk လုပ်ရပ်တွေကို "တရားမဝင်၊ အန္တရာယ်ရှိကြောင်း" ပြောဆိုနေကြပေမယ့် ရင်းနှီးမြှုပ်နှံသူတွေကတော့ Elon Musk ရဲ့ လုပ်ငန်းတွေကို ပိုမိုယုံကြည်စိတ်ချလာကြပါတယ်။ လျှပ်စစ်ကား (EV) နှင့် AI ကဏ္ဍတွေမှာ ပြိုင်ဘက်များများပြားလာပေမယ့် နိုဝင်ဘာရွေးကောက်ပွဲအပြီးမှာ ရှယ်ယာတန်ဖိုးတွေမြင့်တက်လာတာကြောင့် Elon Musk ရဲ့ ကြွယ်ဝချမ်းသာမှုဟာလည်း Amazon တည်ထောင်သူ Jeff Bezos နှင့် Meta CEO Mark Zuckerberg တို့ရဲ့ ကြွယ်ဝမှုစုစုပေါင်းနဲ့ တူညီလုနီးပါး မြင့်မားလာပြီဖြစ်ပါတယ်။

Source: TechSpot

Post a Comment

0 Comments