![]() |
Image: Igor's Lab |
Nvidia ရဲ့ RTX 5000 series ကတ်တွေအတွက် သတင်းဆိုးတွေကတော့ ထပ်ထွက်လာပြန်ပါပြီ။ Igor's Lab က Igor Wallossek ဟာ Blackwell AIB partner ကတ်အများစုရဲ့ PCB အနောက်ဘက်မှာ ပြဿနာတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ အဲဒါကတော့ နေရာကွက်ပြီး အပူလွန်ကဲနေတဲ့ ပြဿနာပါ။ ဒါက ကတ်ကို အချိန်ကြာရှည်စွာ အသုံးပြုလာတဲ့အခါ ပျက်စီးစေနိုင်တဲ့ အလားအလာ ရှိတယ်လို့ဆိုပါတယ်။
Wallossek အနေနဲ့ PNY RTX 5070 OC နဲ့ Palit RTX 5080 Gaming Pro OC ကတ်တွေကို အပြင်းအထန် ဆက်တိုက်အလုပ်လုပ်စေပြီး စမ်းသပ်ခဲ့ရာမှာ ကတ်တွေရဲ့ ပါဝါပေးပို့တဲ့ ဧရိယာတွေမှာ အပူချိန်တွေ ရုတ်တရက် ခုန်တက်သွားတာကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ PNY RTX 5070 OC မှာဆိုရင် GPU core က 70°C လောက်ပဲ ရှိပေမယ့် ဒီ အပူလွန်ကဲနေတဲ့ နေရာက 107°C အထိ ရောက်သွားခဲ့ပြီး RTX 5080 Gaming Pro OC မှာတော့ 80.5°C အထိ မြင့်တက်ခဲ့ပါတယ်။
Wallossek ရဲ့ ရေးသားဖော်ပြချက်အရ အဆိုပြဿနာဖြစ်ပွားရခြင်းဟာ FETတွေ၊ chokeတွေ၊ driverတွေ နဲ့ via array တွေလို ပါဝါအစိတ်အပိုင်းတွေကို အရမ်းကပ်ပြီး စုပြုံတပ်ဆင်ထားလို့ပါတဲ့။ ဒီနေရာလေးဟာ တံဆိပ်ခေါင်းအရွယ်လောက်ပဲရှိတဲ့ ကြေးနီလွှာကနေ ရာနဲ့ချီတဲ့ လျှပ်စီးကြောင်းအမ်ပီယာတွေ ဖြတ်သန်းစီးဆင်းတာဖြစ်ပါတယ်။ အထူ ၃၅ ကနေ ၇၀ မိုက်ခရိုမီတာလောက်ပဲရှိတဲ့ PCB လမ်းကြောင်းလေးတွေက ထပ်ဆင့်ထားတဲ့ power plane တွေကနေတဆင့် ဝန်ကို မျှခံရတာကြောင့် အပူချိန်က အပေါ်အောက်ရော ဘေးဘက်ကိုပါ စုစည်းမိစေတာ ဖြစ်ပါတယ်။
ပါဝါအစိတ်အပိုင်းတွေကို ဒီလောက်ကပ်ထားရတာက ကတ်ဒီဇိုင်းကို တက်နိုင်သလောက် သေးငယ်စေချင်လို့ပါ။ ဒါပေမဲ့ ဒီလိုမြင့်တက်လာတဲ့ အပူချိန်တွေက ကတ်တွေရဲ့ ရေရှည်အသုံးပြုနိုင်စွမ်းကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။ ဆိုလိုတာက အသုံးများရင် နှစ်အနည်းငယ်ပဲ ခံနိုင်တော့မယ့် သဘောပါ။
Wallossek က Nvidia ရဲ့ AIB ကတ်တွေနဲ့ အစိတ်အပိုင်းတွေ ထုတ်လုပ်သူတိုင်းကို ပေးထားတဲ့လမ်းညွှန်ချက် Thermal Design Guide မှာလည်း အားနည်းချက်တွေ ရှိနေတာကို ထောက်ပြခဲ့ပါတယ်။ လမ်းညွှန်ချက်ထဲက အဓိက parameter တွေကို စမ်းသပ်ခန်းမှာသာ စစ်ဆေးထားတာဖြစ်ပြီး ဂိမ်းကစားသူတွေ တကယ်ကြုံတွေ့ရနိုင်တဲ့ စိုထိုင်းဆများတာ၊ လေဝင်လေထွက်မကောင်းတဲ့ ကွန်ပျူတာ case ထဲ ထည့်သုံးတာ အစရှိတဲ့အဆိုးဆုံးအခြေအနေတွေမှာ စမ်းသပ်ထားတာ မဟုတ်ပါဘူး။
Igor's Lab ကတော့ ဒီပြဿနာအတွက် အရေးပေါ်ဖြေရှင်းနည်းတစ်ခုကို စမ်းသပ်ခဲ့ပါတယ်။ thermal putty အနည်းငယ်နဲ့ ပိုထူတဲ့ thermal pad တစ်ခုကို သုံးပြီး hotspot ဖြစ်နေတဲ့နေရာနဲ့ ကတ်ရဲ့ အနောက်ဘက် backplate ကြားကို ဆက်သွယ်ပေးလိုက်တာပါ။ ဒီလိုလုပ်လိုက်တဲ့အခါ အပူချိန် သိသိသာသာ ကျဆင်းသွားပါတယ်။ RTX 5080 ရဲ့ hotspot အပူချိန်က 80.5°C ကနေ 70.3°C ကို ကျသွားပြီး RTX 5070 မှာတော့ 107.3°C ကနေ 95°C အောက်ကို သိသိသာသာ ကျသွားခဲ့ပါတယ်။ ဒါတောင်မှ အတော်ပူနေသေးတယ်လို့ဆိုနိုင်ပါတယ်။
Igor's Lab ရဲ့ တိုင်းတာချက်တွေအရ ကတ်ရဲ့ VRM နေရာတွေဟာ ဂိမ်းဆော့ချိန်မှာ electromigration စတင်ဖြစ်ပေါ်နိုင်တဲ့ 80°C နား ကပ်နေတာ၊ ဒါမှမဟုတ် သာမန် PCB ပြားတွေရဲ့ resin အရည်ပျော်မှတ် ဖြစ်တဲ့ 105°C ကို ကျော်လွန်သွားတာမျိုးတွေတောင် ရှိနေပါတယ်။
Nvidia ဘက်ကတော့ ဒီသတင်းတွေနဲ့ ပတ်သက်ပြီး ခုထိ (၂၀၂၅ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့) တရားဝင် တုံ့ပြန်မှု မရှိသေးပါဘူး။ Igor's Lab ရဲ့ comment မှာ ရေးသားခဲ့တဲ့ အင်ဂျင်နီယာတချို့ကတော့ Nvidia ဟာ partner ကုမ္ပဏီတွေရဲ့ ကိုယ်တိုင်စစ်ဆေးမှု အပေါ် အများကြီး မှီခိုနေတယ်လို့ သုံးသပ်ကြပါတယ်။ သူတို့ရဲ့ AIB partner တိုင်း GeForce ကတ် မရောင်းချခင် အောင်မြင်ရမယ့် ကုမ္ပဏီတွင်း စံချိန်စံညွှန်း စစ်ဆေးရေးစနစ် (Green Light program) မှာ GPU နဲ့ memory sensor အပူချိန်တွေကိုပဲ စစ်ဆေးပြီး ဒီလို PCB hotspot တွေကို ထည့်သွင်းစစ်ဆေးတာမလုပ်ဘူးလို့ ဆိုကြပါတယ်။
Source: TechSpot and Igor's Lab
0 Comments