![]() |
Image: Intel |
Intel ရဲ့ CEO အသစ်ဖြစ်တဲ့ Lip Bu-Tan ဟာ မနေ့က အတော်လေးဂယက်ရိုက်သွားစေတဲ့ကြေညာချက်တွေ အများအပြားထုတ်ပြန်လိုက်ပါတယ်။ အဆိုပါကြေညာချက်တွေထဲမှာ အလုပ်တွေလျှော့ချတာ၊ ကုမ္ပဏီဖွဲ့စည်းပုံ ပြန်ပြင်တာ၊ အဓိကမကျတဲ့ ထုတ်ကုန်တွေ ဖယ်ရှားတာနဲ့ ရုံးပြန်တက်ရမယ့်ရက်တွေ တိုးလိုက်တာတွေ ပါဝင်ပါတယ်။ ဒီကြေညာချက်တွေက ကုမ္ပဏီရဲ့ ပထမသုံးလပတ်ဝင်ငွေက အားရစရာ မရှိခဲ့လို့ ရှယ်ယာဈေးတွေ ၅% လောက် ကျသွားတဲ့အချိန်မှာ ထွက်လာတာပါ။ Tan က Intel ရဲ့ CEO ဖြစ်တာ ငါးပတ်ပဲ ရှိသေးပေမယ့် သူပြောချင်တဲ့ အဓိကအချက်ကတော့ Intel ရဲ့ ယဉ်ကျေးမှုကို ပြောင်းလဲဖို့ဆိုတာ အချိန်ယူရမယ့် လုပ်ငန်းစဉ်ကြီးဖြစ်ပြီး "တီထွင်ဆန်းသစ်မှုနဲ့ လျင်မြန်သွက်လက်မှုကို အဟန့်အတားဖြစ်စေတဲ့ ဗျူရိုကရေစီစနစ်" ကို ဖယ်ရှားဖို့ လိုတယ်လို့ ဆိုပါတယ်။ တချို့အဖွဲ့တွေဆို "စီမံခန့်ခွဲမှု အလွှာပေါင်း ရှစ်လွှာ ဒါမှမဟုတ် ဒီထက်တောင် များနေသေးတယ်" လို့ သူက ထောက်ပြပါတယ်။
Intel အနေနဲ့ လာမယ့်လတွေမှာ ဝန်ထမ်း ဘယ်လောက်အထိ လျှော့ချသွားမလဲ ဆိုတာကိုတော့ အတိအကျ မကြေညာသေးပါဘူး။ ဒါပေမဲ့ ဒီအပြောင်းအလဲတွေကို ဒုတိယသုံးလပတ်မှာ စတင်ပြီး လပေါင်းများစွာ အချိန်ယူ အကောင်အထည်ဖော်သွားမယ်လို့ ဆိုပါတယ်။ Intel က ၂၀၂၄ ခုနှစ် သြဂုတ်လတုန်းက ဝန်ထမ်း ၁၅% (လူ ၁၅,၀၀၀ လောက်) ကို လျှော့ချခဲ့ဖူးပါတယ်။ ဒီတစ်ကြိမ်မှာတော့ လူ ၂၀,၀၀၀ နီးပါးအထိရှိတဲ့ ဝန်ထမ်း ၂၀% လောက်နောက်ထပ် လျှော့ချသွားနိုင်တယ်လို့ သတင်းတွေ ထွက်နေပါတယ်။
ဒါ့အပြင် Intel က လာမယ့်နှစ်နှစ်အတွင်း လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်တွေကို ဒေါ်လာ ၁.၅ ဘီလီယံအထိ လျှော့ချသွားဖို့လည်း စီစဉ်နေပါတယ်။ ၂၀၂၅ခုနှစ် မှာ ဒေါ်လာ သန်း ၅၀၀ လျှော့ချပြီး ကုန်ကျစရိတ်ကို ဒေါ်လာ ၁၇ ဘီလီယံအထိ ထိန်းထားမယ်။ ၂၀၂၆ခုနှစ်မှာတော့ နောက်ထပ် ဒေါ်လာ ၁ ဘီလီယံ လျှော့ပြီး ဒေါ်လာ ၁၆ ဘီလီယံ ဖြစ်အောင် ရည်မှန်းထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့အပတ်က Tan က အုပ်ချုပ်ရေးအဖွဲ့ရဲ့ အပေါ်ပိုင်းကို ပြန်ဖွဲ့စည်းခဲ့ပေမယ့် စီမံခန့်ခွဲမှုအလွှာတွေကို ဆက်ပြီး လျှော့ချသွားမယ်လို့ ပြောပါတယ်။ "အဖွဲ့အစည်း တော်တော်များများမှာ အလွှာတွေ ရှစ်လွှာမက ထပ်နေတာက မလိုအပ်ဘဲ လုပ်ငန်းတွေကို နှေးကွေးစေတဲ့ ဗျူရိုကရေစီ ဆန်မှုကို ဖြစ်စေတယ်" လို့ သူက မှတ်ချက်ပေးပါတယ်။ Intel မှာ မန်နေဂျာတွေအတွက် အရေးအကြီးဆုံး KPI က သူတို့အဖွဲ့ရဲ့ အရွယ်အစား ဖြစ်နေခဲ့တယ်လို့လည်း သူက ထောက်ပြပါတယ်။ အခုတော့ အဲ့ဒီနည်းလမ်းကို ဖယ်ရှားပြီး၊ ပိုပြီး ကျစ်လျစ်ပေါ့ပါး၊ ထိရောက်မှုရှိတဲ့၊ အင်ဂျင်နီယာပိုင်းနဲ့ လက်တွေ့လုပ်ဆောင်မှုကို ဦးစားပေးတဲ့ ဖွဲ့စည်းပုံမျိုးကို ဖန်တီးဖို့ အာရုံစိုက်သွားမယ် ဆိုပါတယ်။
လက်ရှိမှာ ဝန်ထမ်းတွေ တစ်ပတ်ကို သုံးရက် ရုံးတက်ရမယ်ဆိုတဲ့ မူဝါဒကိုလည်း ဝန်ထမ်းတွေဘက်က တိတိကျကျ လိုက်နာမှု အားနည်းနေတယ်လို့ Tan က ဆိုပါတယ်။ အခုတော့ ကုမ္ပဏီက လာမယ့် စက်တင်ဘာ ၁ ရက်နေ့ကစပြီး ဝန်ထမ်းအားလုံး တစ်ပတ်ကို လေးရက် ရုံးတက်ရမယ်လို့ သတ်မှတ်လိုက်ပါတယ်။ ထိရောက်မှုကို အလေးထားတဲ့အတွက်၊ ကုမ္ပဏီတွင်း အုပ်ချုပ်ရေးဆိုင်ရာ အလုပ်တွေကိုလည်း သိသိသာသာ လျှော့ချသွားမယ်၊ မလိုအပ်တဲ့ အစည်းအဝေးတွေ၊ လူအများကြီး တက်ရောက်တာတွေကိုလည်း လျှော့ချသွားမယ်လို့ သိရပါတယ်။ Insights နဲ့ OKR လိုအပ်ချက်တွေကိုလည်း အရင်လို မဖြစ်မနေ လုပ်ရမယ် ဆိုတာမျိုး မဟုတ်တော့ဘဲ၊ စိတ်ကြိုက် ရွေးချယ်လုပ်ဆောင်နိုင်တဲ့ ပုံစံ အဖြစ်ပြောင်းလဲလိုက်ပါတယ်။ OKR ဆိုတာက ကုမ္ပဏီရဲ့ အစောပိုင်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Andy Grove စခဲ့တဲ့ နည်းလမ်းဖြစ်ပြီး နောက်ပိုင်းမှာ ပယ်ဖျက်ခဲ့ပေမယ့် CEO အဟောင်း Pat Gelsinger လက်ထက်မှာ အကြီးအကျယ်ပြန်လည်ဖော်ဆောင်ခဲ့တာပါ။ ဒီမူဝါဒ အပြောင်းအလဲက အတွေးအခေါ် မတူတဲ့ ခေါင်းဆောင်သစ်တစ်ယောက် ရောက်လာပြီဆိုတဲ့ ပြယုဂ်တစ်ခုလို့ဆိုနိုင်ပါတယ်။
Tan က သူ့ရဲ့ အစီအစဉ် အကြမ်းဖျင်းကိုပဲ ပြောပြသေးပေမယ့်၊ ဒါတွေက အတိုင်းအတာ အရမ်းကျယ်ပြန့်ပါတယ်။ "ကျွန်တော် ပြောနေတာက နာမည်ကျော် လုပ်ငန်းကြီးတစ်ခုကို အခြေခံကျကျ ပြန်လည်ဆန်းသစ်ဖို့ အခွင့်အရေးပါ။ နောင်လာနောက်သား စီးပွားရေးကျောင်းသားတွေ လေ့လာရမယ့် ပြန်လည်ဦးမော့လာမှုမျိုးကို ဖော်ဆောင်ဖို့ပါ။ နည်းပညာအသစ်တွေ ဖန်တီးပြီး ကမ္ဘာကြီးကို ပိုကောင်းအောင် ပြောင်းလဲဖို့ ကျယ်ကျယ်ပြန့်ပြန့် အသုံးချဖို့ပါ" လို့ Tan က ဆိုပါတယ်။
"ဒါတွေက ခက်ခဲမှာ သေချာပါတယ်။ နာကျင်စရာ ဆုံးဖြတ်ချက်တွေ ချရပါလိမ့်မယ်။ ဒါပေမဲ့ အနာဂတ်အတွက် Intel အသစ်ကို တည်ဆောက်ရင်း ကျွန်တော်တို့ရဲ့ ဖောက်သည်တွေကို ပိုပြီး ကောင်းကောင်း ဝန်ဆောင်မှုပေးနိုင်ဖို့ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ရမယ်ဆိုတာ သိလို့ ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ။ ဒီလိုဖြစ်အောင် လုပ်ဆောင်နိုင်ဖို့ ကျွန်တော်တို့အဖွဲ့သားတွေရဲ့ စွမ်းအားကို ကျွန်တော် အပြည့်အဝ ယုံကြည်ပါတယ်" လို့ သူက အားတက်သရော ပြောကြားခဲ့ပါတယ်။
Source: Tom's Hardware
0 Comments