![]() |
Image: Ferroelectric Memory Co. |
Ferroelectric Memory Co. (FMC) နဲ့ Neumonda ဆိုတဲ့ကုမ္ပဏီ ၂ခုဟာ ဂျာမနီနိုင်ငံမှာ "DRAM+" လို့ခေါ်တဲ့ မမ်မိုရီ အမျိုးအစားသစ် ထုတ်လုပ်မှုကို ပြန်လည်စတင်ဖို့ ပူးပေါင်းလိုက်ပါတယ်။ အရင်က Infineon နဲ့ Qimonda ကုမ္ပဏီတို့ဟာ ဂျာမနီနိုင်ငံမှာ DRAM တွေဖန်တီးထုတ်လုပ်ခဲ့ပေမယ့် ဥရောပမှာ သာမန်မမ်မိုရီ ထုတ်လုပ်ခြင်းဟာ အကျိုးအမြတ်နည်းလာတဲ့အတွက် ရပ်ဆိုင်းသွားခဲ့ပါတယ်။ ဒါပေမဲ့ အခု FMC နဲ့ Neumonda တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ သီးခြားအသုံးပြုမှုတွေအတွက် ရည်ရွယ်တဲ့ non-volatile FeRAM တွေထုတ်လုပ်သွားဖို့အာရုံစိုက်နေပါတယ်။
FMC ဟာ ferroelectric hafnium oxide (HfO₂) ကို အသုံးပြုပြီး စွမ်းအင်မရတော့တဲ့အချိန်မှာတောင် အချက်အလက်တွေကို သိမ်းဆည်းထားနိုင်တဲ့ DRAM+ မမ်မိုရီကို အထူးဖန်တီးနေပါတယ်။ ဒီနည်းပညာဟာ DRAM မှာ သုံးလေ့ရှိတဲ့ ပုံမှန် capacitor တွေအစား non-volatile ဗားရှင်းကို အသုံးပြုတာကြောင့် စွမ်းဆောင်ရည် မြင့်မားသလို စွမ်းအင်ချွေတာမှုနဲ့ အချက်အလက်ထိန်းသိမ်းမှုကိုလည်း တိုးမြှင့်ပေးပါတယ်။ FMC က သူတို့ရဲ့ မမ်မိုရီကို AI၊ မော်တော်ကား၊ လူသုံးကုန်ပစ္စည်း၊ စက်မှုလုပ်ငန်းနဲ့ ဆေးဘက်ဆိုင်ရာ အပါအဝင် ကျယ်ပြန့်စွာ အသုံးပြုနိုင်မယ်လို့ ယုံကြည်ထားပါတယ်။
အများအားဖြင့် ferroelectric အလွှာအဖြစ် lead zirconate titanate သို့မဟုတ် PZT ကိုအသုံးပြုတဲ့ FeRAM နည်းပညာဟောင်းတွေဟာ သိုလှောင်နိုင်စွမ်းမှာ ကန့်သတ်ချက်တွေ ရှိခဲ့ပါတယ်။ စီးပွားဖြစ်ထုတ်ကုန်အများစုဟာ မဂ္ဂါဘိုက် အနည်းငယ်သာ ပါဝင်ပြီး 4MB သို့မဟုတ် 8MB ဆိုတာက အတော်လေး အသုံးများပါတယ်။ PZT ဟာ သေးငယ်တဲ့ process node တွေနဲ့အညီ ကောင်းကောင်း အလုပ်မလုပ်သလို သာမန် CMOS လုပ်ငန်းစဉ်တွေနဲ့ ပေါင်းစပ်ဖို့လည်း ခက်ခဲပြီး ကုန်ကျစရိတ်များပါတယ်။ ဒါကြောင့် 1T1C (တစ်စတန်စစ်စတာ၊ တစ်ကက်ပါစီတာ) လို ဆဲလ်ဖွဲ့စည်းပုံတွေဟာ DRAM ဒါမှမဟုတ် NAND ထက် နေရာပိုယူပါတယ်။
Hafnium oxide ကို ပြောင်းလဲအသုံးပြုခြင်းဟာ နည်းပညာလောကကို ပြောင်းလဲစေမယ့် အရေးပါသော အဆင့်တစ်ခုဖြစ်ပါတယ်။ HfO₂ ဟာ CMOS နဲ့ တွဲဖက်အသုံးပြုနိုင်ပြီး 10nm အောက်အထိ ကောင်းကောင်း အလုပ်လုပ်သလို လက်ရှိ ဆီမီးကွန်ဒတ်တာ ထုတ်လုပ်မှု လုပ်ငန်းစဉ်တွေနဲ့လည်း ပေါင်းစပ်နိုင်ပါတယ်။ ဒါကြောင့် ၎င်းကိုအသုံးပြုခြင်းဟာ gigabit ကနေ gigabyte အထိ သိုလှောင်နိုင်စွမ်းနဲ့ စွမ်းဆောင်ရည်ကို မြင့်မားစေနိုင်ပြီး DRAM နဲ့ ပိုမိုဆင်တူလာစေပါတယ်။
![]() |
Image: Ferroelectric Memory Co. |
"FMC ကို HfO2 ရဲ့ ferroelectric သတ္တိကို ဆီမီးကွန်ဒတ်တာ မမ်မိုရီတွေမှာ အသုံးချဖို့ တည်ထောင်ခဲ့တာပါ။ DRAM မှာသုံးရင် DRAM capacitor ကို ပါဝါသုံးစွဲမှုနည်းပြီး အချက်အလက်မပျောက်တဲ့ (non-volatile) သိုလှောင်နိုင်စွမ်းရှိပြီး DRAM ရဲ့မြန်ဆန်မှုကိုလည်း ထိန်းထားနိုင်တဲ့ AI computing အတွက်အကောင်းဆုံး memory အဖြစ်ပြောင်းလဲပေးနိုင်ပါတယ်" လို့ FMC ရဲ့ CEO Thomas Rueckes က ရှင်းပြပါတယ်။ "ကျွန်တော်တို့ရဲ့ နည်းပညာဟာ ဈေးကွက်မှာ တစ်မူထူးခြားတာကြောင့် ကျွန်တော်တို့ရဲ့ မမ်မိုရီထုတ်ကုန်တွေကို ကုန်ကျစရိတ်သက်သာစွာ စမ်းသပ်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။ Neumonda နဲ့ သူတို့ရဲ့ လုံးဝအသစ်တဲ့ စမ်းသပ်မှုနည်းလမ်းနဲ့ ကျွန်တော်တို့ထုတ်ကုန်တွေကို ပိုမိုမြန်ဆန်စွာဖွံ့ဖြိုးစေဖို့ အထောက်အကူဖြစ်စေမှာပါ။ ပြီးတော့ memory နည်းပညာကို ဥရောပကိုပြန်လည်ယူဆောင်လာဖို့ ကျွန်တော်တို့တူညီတဲ့မျှော်မှန်းချက်ကလည်း Neumonda နဲ့ လက်တွဲလုပ်ဆောင်ရတာကို ပိုစိတ်လှုပ်ရှားစေပါတယ်။" လို့ သူကဆက်လက်ပြောကြားခဲ့ပါတယ်။
Neumonda ဟာ Rhino, Octopus နဲ့ Raptor လို့ခေါ်တဲ့ အဆင့်မြင့်စမ်းသပ်စနစ်တွေကို အကြံပေးခြင်းနဲ့ အသုံးပြုခွင့်ပေးခြင်းဖြင့် FMC ကို ပံ့ပိုးကူညီသွားမှာပါ။ ဒီစနစ်တွေဟာ ကုန်ကျစရိတ်သက်သာပြီး စွမ်းအင်ချွေတာကာ လွတ်လပ်တဲ့ မမ်မိုရီစမ်းသပ်မှုအတွက် ဒီဇိုင်းထုတ်ထားတာပါ။ Neumonda ရဲ့ စနစ်တွေဟာ ပုံမှန်စက်ပစ္စည်းတွေနဲ့ မလုပ်နိုင်တဲ့ အသေးစိတ်ခွဲခြမ်းစိတ်ဖြာမှုတွေပြုလုပ်နိုင်ပြီး ကုန်ကျစရိတ်လည်း သိသိသာသာ နည်းပါးပါတယ်။
ကုမ္ပဏီနှစ်ခုဟာ ပူးပေါင်းပြီး မမ်မိုရီထုတ်ကုန်အသစ်တစ်ခုကို တိုးတက်အောင် လုပ်ဆောင်နေကြသလို ဥရောပ ဆီမီးကွန်ဒတ်တာ စွမ်းရည်တွေရဲ့ ပိုမိုကျယ်ပြန့်တဲ့ ထွန်းကားဖို့အတွက်ပါ အတူတူကြိုးပမ်းနေကြပါတယ်။ သူတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုက အဆင့်မြင့် memory ဒီဇိုင်းနဲ့စမ်းသပ်မှုအတွက် ဒေသတွင်းစနစ်တစ်ခုကို ပြန်လည်တည်ဆောက်ဖို့ ရည်ရွယ်ပါတယ်။
"ကျွန်တော်တို့ရဲ့ စမ်းသပ်စနစ်တွေ ရင့်ကျက်လာတာနဲ့အမျှ FMC ရဲ့ ထုတ်ကုန်တွေဟာ ကျွန်တော်တို့ရဲ့ Rhinoe၊ Octopus နဲ့ Raptor စမ်းသပ်စက်တွေရဲ့ အရည်အချင်းတွေကို သက်သေပြနိုင်ဖို့ အကောင်းဆုံးအခွင့်အလမ်းပါပဲ။ ဒီစမ်းသပ်စက်တွေဟာ အရည်အသွေးမြင့် ထုတ်လုပ်နိုင်စွမ်းကိုလည်း ဖော်ဆောင်ပေးနိုင်ပါတယ်" လို့ Neumonda ရဲ့ CEO ဖြစ်သူ Peter Poechmueller က ရှင်းပြပါတယ်။ "Neumonda ကိုတည်ထောင်ရတဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ရည်မှန်းချက်တစ်ခုကတော့ semiconductor memory နည်းပညာကို ဥရောပကို ပြန်လည်ယူဆောင်လာဖို့ပါပဲ။ ဒီပူးပေါင်းဆောင်ရွက်မှုနဲ့အတူ ဂျာမနီမှာ memory ထုတ်လုပ်သူအသစ်တစ်ဦး ဖြစ်ပေါ်လာဖို့ ကျွန်တော်တို့ ပိုနီးစပ်လာပါပြီ" လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။
Source: Tom's Hardware
0 Comments