![]() |
Image: Readmoo |
ခေါက်လို့ရတဲ့ OLED ဖန်သားပြင်နဲ့ စမတ်ဖုန်းတွေ ထွက်ပေါ်လာခဲ့တာ ၆ နှစ်ကျော်ခဲ့ပါပြီ။ ဒါပေမယ့် တရုတ်နိုင်ငံက Readmoo ဆိုတဲ့ ကုမ္ပဏီကတော့ ခေါက်လို့ရတဲ့ E Ink display နဲ့ သုံးစွဲသူတွေအတွက် ကမ္ဘာ့ပထမဆုံး e-reader ဖြစ်တဲ့ mooInk V ကို ကြေညာလိုက်ပါတယ်။ သူတို့ရဲ့ mooInk V e-reader ကို ဘယ်တော့ရောင်းမလဲ၊ ဘယ်လောက်ကျသင့်မလဲဆိုတာကို မသိရသေးပါဘူး။ ဒါပေမယ့် ကုမ္ပဏီကတော့ E Ink နဲ့ ပေါင်းပြီး ဒီ electronic paper မျက်နှာပြင်ကို အကြိမ် ၂ သိန်းကျော် ခေါက်တာကို ခံနိုင်ရည်ရှိအောင် ၉ နှစ်ကြာ ကြိုးစားခဲ့တယ်လို့ ဆိုထားပါတယ်။
mooInk V ကို ဖွင့်လိုက်တဲ့အခါ သူ့မှာ Gallery 3 E Ink display နည်းပညာကို အခြေခံထားတဲ့ ၈ လက်မ touchscreen ကိုတွေ့ရမှာပါ။ Kindle Colorsoft မှာသုံးတဲ့ Kaleido 3 screen က အဖြူအမဲ E Ink panel ပေါ်မှာ အရောင် filter အုပ်ထားလို့ အရောင်ပေါင်း ၄,၀၉၆ ရောင်လောက်ပဲ ပြနိုင်ပေမယ့် Gallery 3 ကတော့ အရောင်ပါတဲ့ အတောင့်လေးတွေ သုံးထားပြီး 300ppi resolution နဲ့ အရောင်ပေါင်း ၅ သောင်းကျော် ထုတ်ပေးနိုင်ပါတယ်။ Gallery 3 နည်းပညာကိုတော့ လက်ရှိမှာ ထုတ်ကုန်အနည်းငယ်မှာပဲ သုံးထားပါသေးတယ်။ ဥပမာ မနှစ်က Remarkable Paper Pro လိုမျိုးပါ။
အရင်က E Ink အသုံးပြုထားပြီးခေါက်လို့ရတဲ့ e-reader ရှေ့ပြေးနမူနာပုံစံတွေ ပြသခဲ့ဖူးတယ်ဆိုပေမယ့် E Ink display နည်းပညာက OLED panel တွေထက် အများကြီးပိုထူတာကြောင့် ခေါက်ရိုးနေရာမှာ စိတ်ချရတဲ့ ပတ္တာဒီဇိုင်းဆွဲဖို့နဲ့ နေ့စဉ်အသုံးပြုတဲ့ ဒဏ်ကိုခံနိုင်ရည်ရှိတဲ့ screen ဖြစ်လာဖို့ ခက်ခဲခဲ့ပါတယ်။ ဒါကြောင့်လည်း Readmoo အနေနဲ့ mooInk V e-reader မှာသုံးတဲ့ ခေါက်လို့ရတဲ့ panel ကို တီထွင်ပြင်ဆင်ဖို့ ဒီလောက်ကြာသွားတာဖြစ်ပါတယ်။
![]() |
Image: Readmoo |
ပေါ့ပါးပြီး ခိုင်ခံ့တဲ့ aluminum-magnesium alloy ကိုယ်ထည်ကို ငွေရောင် metallic ဆေးသားနဲ့ အလှဆင်ထားတဲ့ mooInk V ဟာ ၂၂၅ ဂရမ်လောက် လေးတယ်လို့ Readmoo က ဆိုပါတယ်။ ဒါက Kindle Colorsoft ထက် ဂရမ်အနည်းငယ် ပိုလေးပါတယ်။ အတိအကျ အရွယ်အစားကိုတော့ မပြောသေးပေမယ့် ခေါက်လိုက်ရင် စာအုပ်သေးတစ်အုပ်ထက် ပိုသေးပြီး Kindle ထက် အိတ်ကပ်ထဲထည့်ရ ပိုမိုလွယ်ကူနိုင်ပါတယ်။ ဒီ e-reader ကို ဖြန့်ပြီးဖြစ်စေ ပုံနှိပ်စာအုပ်တစ်အုပ်လို ၉၀ ဒီဂရီ ထောင်ပြီးတော့ဖြစ်စေ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒီလို ကိုင်ရတာ ဘယ်လောက်အထိ သက်တောင့်သက်သာ ရှိမလဲဆိုတာကိုတော့ စောင့်ကြည့်သွားရမှာပါ။
![]() |
Image: Readmoo |
mooInk V ကို ခေါက်လိုက်တဲ့အခါ Samsung Galaxy Z Fold 6 လို ဖုန်းတွေလိုမျိုး နှစ်ဖက်က ကွက်တိ ပိတ်သွားတဲ့ပုံစံ မဟုတ်ပါဘူး။ E Ink panel ကို ခေါက်တဲ့နေရာမှာ ဖိအားနဲ့ ပျက်စီးမှု လျော့နည်းအောင် ပတ္တာနားမှာ မြင်သာတဲ့ ကြားလပ်တစ်ခု ထည့်သွင်းထားပါတယ်။ ဒါပေမယ့် ဒါဟာ စားသုံးသူတွေအတွက် ပထမဆုံး ရရှိနိုင်မယ့် ခေါက်လို့ရတဲ့ e-reader တော့ ဖြစ်လာမှာပါ။
Source: The Verge
0 Comments