Subscribe Us

header ads

Samsung က DDR4 Memory ထုတ်လုပ်မှုကို ၂၀၂၅ နှစ်ကုန်ပိုင်းတွင် ရပ်ဆိုင်းမည်

Image: DigiTimes

Memory chip ထုတ်လုပ်မှုမှာ SK Hynix ပြီးရင် ဒုတိယအကြီးဆုံးဖြစ်တဲ့ Samsung ဟာ နည်းပညာအသစ်တွေကို ပိုအာရုံစိုက်နိုင်ဖို့ သူတို့ရဲ့ DDR4 chip ထုတ်လုပ်မှုကို ရပ်ဆိုင်းတော့မှာ ဖြစ်ပါတယ်။ DigiTimes Asia ရဲ့ သတင်းအရ DDR4 memory chip တွေအတွက် အမှာစာတွေကို လာမယ့် ဇွန်လအစောပိုင်းမှာ နောက်ဆုံးထား လက်ခံသွားမှာဖြစ်ပြီး Laptop နဲ့ Desktop မှာအသုံးပြုတဲ့ 8GB နဲ့ 16GB module တွေကို ၂၀၂၅ ဒီဇင်ဘာလောက်မှာ နောက်ဆုံးထား ပို့ဆောင်ပေးသွားမယ်လို့ သိရပါတယ်။ ကုမ္ပဏီက ဒီလိုလုပ်ရတဲ့ အကြောင်းရင်းကတော့ ပိုပြီးအမြတ်အစွန်းရနိုင်တဲ့ နည်းပညာတွေကို ထုတ်လုပ်ဖို့ နေရာပေးချင်တာကြောင့် ဖြစ်ပါတယ်။ ဥပမာ နောက်ဆုံးပေါ် system တွေအတွက် DDR5 နဲ့ LPDDR5 memory တွေ၊ နောက်ပြီး GPU တွေနဲ့ AI စနစ်တွေအတွက် HBM Memory တွေ ထုတ်လုပ်တာမျိုးပါ။

ဘယ်လိုပဲဖြစ်ဖြစ် SK Hynix၊ Samsung နဲ့ Micron တို့လို ထိပ်တန်းကုမ္ပဏီကြီးတွေ DDR4 ဈေးကွက်ကနေ ထွက်ခွာနေရတဲ့ နောက်ထပ် ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းတစ်ခုက တရုတ် memory ထုတ်လုပ်သူတွေဆီက ဈေးသက်သာတဲ့ DDR4 တွေ အများအပြားဝင်ရောက်လာတာကြောင့်လည်း ဖြစ်ပါတယ်။ သတင်းတွေအရ CXMT နဲ့ Fujian Jinhua တို့လို တရုတ်ကုမ္ပဏီတွေဟာ memory ဈေးနှုန်းတွေကို ၅၀% လောက်အထိ လျှော့ရောင်းနေပြီး ပြန်လည်အသုံးပြုထားတဲ့ chip တွေထက်တောင် ဈေးသက်သာနေတယ်လို့ဆိုပါတယ်။ အဆိုပါတရုတ်ကုမ္ပဏီတွေက ထိပ်တန်းကုမ္ပဏီကြီးတွေအနေနဲ့ နောက်ဆုံးပေါ် နည်းပညာတွေကို အာရုံစိုက်နေချိန်မှာ အခွင့်အရေးကို အသုံးချသွားနိုင်ခဲ့တာပါ။ ဥပမာ SK Hynix နဲ့ Samsung က HBM3 ကို အာရုံစိုက်ဖို့ မနှစ်က DDR3 ထုတ်လုပ်မှုကို စွန့်လွှတ်ခဲ့သလိုမျိုးပါ။

CXMT ရဲ့ ထုတ်လုပ်မှုပမာဏဟာ ၂၀၂၄ နှစ်ကုန်ပိုင်းမှာ တစ်လကို wafer ပြား ၂ သိန်းအထိ ရောက်ရှိခဲ့ပြီး ကုမ္ပဏီက wafer ပြား ၃ သိန်းအထိ တိုးမြှင့်ဖို့ ရည်မှန်းထားတာကြောင့် DDR4 chip ဈေးနှုန်းတွေကို ပိုပြီးတောင် လျှော့ကျသွားနိုင်ချေရှိပါတယ်။ တရုတ်အခြေစိုက် Fujian Jinhua ကုမ္ပဏီဆိုရင် အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှု ခံထားရပေမယ့်လည်း ထိပ်တန်းကုမ္ပဏီကြီးတွေ ဈေးကွက်ကနေ ဆုတ်ခွာသွားမှုကို အစားထိုးဝင်ရောက်နိုင်ဖို့ ထုတ်လုပ်မှုတွေ တိုးမြှင့်နေပါတယ်။ ဒီလို ဈေးပိုသက်သာတဲ့ ချစ်ပ်တွေစျေးကွက်ထဲဝင်ရောက်လာတာက ဈေးသက်သာစွာနဲ့ ကွန်ပျူတာဆင်မယ့်သူတွေ အတွက် သတင်းကောင်းလို့ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ယုံကြည်စိတ်ချရမှုကို ဦးစားပေးတဲ့ ကုမ္ပဏီတွေအတွက်တော့ ဒီလို ဈေးကွက်အပြောင်းအလဲတွေကို စိတ်ဝင်တစားသိပ်ဖြစ်မှာ မဟုတ်ပါဘူး။

တရုတ် ချစ်ပ်ထုတ်လုပ်သူတွေအနေနဲ့ သူတို့ရဲ့လုပ်ငန်းတွေကို တိုးချဲ့လာတယ်ဆိုပေမယ့် အဓိကထုတ်လုပ်သူကြီးတွေ ဆုတ်ခွာသွားတာကြောင့် ဈေးကွက်ထဲမှာ ကွက်လပ်တစ်ခု အဖြစ်ကျန်နေဦးမှာပါ။ Memory module ထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ DDR4 chip တွေကို အလုံအလောက် ထုတ်လုပ်ဖို့ အခက်အခဲရှိနေတာကြောင့် အချို့ကုမ္ပဏီတွေဆိုရင် ပုံမှန်ထက်ပိုပြီး chip တွေကို သိုလှောင်ထားကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သမ္မတထရမ့် ရဲ့ မှန်းဆဖို့ခက်ခဲတဲ့ အကောက်ခွန်ဆိုင်ရာ မူဝါဒတွေနဲ့ ပေါင်းစပ်သွားတဲ့အခါ DDR4 ရဲ့ ရာသီအလိုက် ဈေးကွက်ပုံစံတွေလည်း ပျက်ယွင်းကုန်ပါတယ်။

ဒီအခြေအနေတွေဟာ DDR4 ဈေးနှုန်းတွေကို ၁၀% လောက်အထိ ခုန်တက်သွားစေခဲ့ပြီး Winbond Electronics နဲ့ Nanya Technology တို့လို ထိုင်ဝမ်ကုမ္ပဏီတွေအတွက် အခွင့်အလမ်းတွေ ဖန်တီးပေးလိုက်သလို ဖြစ်သွားပါတယ်။ အထူးသဖြင့် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကြောင့် အိမ်ဖြူတော်က တရုတ်ကုန်စည်တွေအပေါ် ၂၄၅% အထိ အကောက်ခွန်ကောက်ခံဖို့ စဉ်းစားနေချိန်မှာ ပိုပြီးအခွင့်အရေးရလာစေပါတယ်။ သမ္မတထရမ့်ကတော့ နည်းပညာကဏ္ဍအတွက် အခွန်ကိစ္စတွေကို ခဏ ဆိုင်းငံ့ပေးထားတယ်ဆိုပေမဲ့ အခြေအနေက အရမ်းကို မတည်ငြိမ်သေးတာမို့ စီးပွားရေးလုပ်ငန်းတွေနဲ့ ထုတ်လုပ်သူအများအပြားအတွက် မရေရာဘူးလို့ ခံစားမိစေပါတယ်။

Source: Tom's Hardware

Post a Comment

0 Comments